နိုဝင်ဘာ ၁၃၊ ၂၀၁၄
တာ့ခ်မင်နစ္စတန်
တာ့ခ်မင်နစ္စတန်မှာ ယုံကြည်ချက်ကြောင့် ထောင်ကျနေသူတွေကို ပြန်လွှတ်
မထင်မှတ်ဘဲ တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ ဂါဘန်ဂူလီ ဘာဒီမူဟာမီဒေါ့ဗ်က ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့ ယေဟောဝါသက်သေ ရှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်။ ၂၀၁၄၊ အောက်တိုဘာ ၂၂ မှာ တခြား အကျဉ်းကျနေသူတွေနဲ့အတူ လွတ်မြောက်လာတာ ဖြစ်တယ်။ သက်သေခံခြောက်ယောက်ကတော့ သူတို့ရဲ့ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့အတွက်ဖြစ်ပြီး နှစ်ယောက်ကတော့ ဘာသာရေးလုပ်ငန်း လုပ်ဆောင်လို့ဆိုပြီး မမှန်မကန်စွဲချက်တွေနဲ့ ထောင်ချခံရတာဖြစ်တယ်။
ယုံကြည်ချက်ကြောင့် ထောင်ချခံရသူတွေဟာ အသက် ၁၈ နှစ်နဲ့ ၂၃ နှစ်ကြား လူငယ်တွေဖြစ်ပြီး တာ့ခ်မင် သဲကန္တာရမှာရှိတဲ့ ဆာဒီ အလုပ်ကြမ်းစခန်းမှာ ထောင်ချခံရတာ ဖြစ်တယ်။ သူတို့ထဲက လေးယောက်ကိုတော့ အထွေထွေ စခန်းမှာထားပေမဲ့ မတ်ကာရင်း အာမီနို နဲ့ ဒေါ့ဗရမ် မတ်စီရာကိုဗို ကိုတော့ ပြစ်မှု “ထပ်ကျူးလွန်သူများ” ဆိုပြီး ပိုတင်းကျပ်တဲ့စခန်းကို ပို့ခဲ့ကြတယ်။ အဲဒီထောင်မှာရှိနေချိန် လူငယ်တွေဟာ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရပြီး ဆိုးရွားတဲ့ အခြေအနေအောက်မှာ နေခဲ့ကြရတယ်။
သက်သေခံနှစ်ယောက်ဖြစ်တဲ့ အိုင်ဘက် စလေယက်၊ အသက် ၃၅ နှစ် နဲ့ ဘာရမ် ရှမူရာဒေါ့ဖ် အသက် ၄၂ နှစ် တို့လည်း မမှန်မကန်စွဲချက်တွေကြောင့် ဆာဒီ အလုပ်ကြမ်းစခန်းမှာ ထောင်ချခံခဲ့ရတယ်။ သူတို့နှစ်ယောက်ဟာ ဘာသာရေးယုံကြည်ချက်နဲ့ လုပ်ဆောင်မှုတွေကြောင့် ထောင်ကျနေတာ လေးနှစ်ရှိနေပြီ။ သူတို့ဟာ တမင်အကွက်ဆင် ဖမ်းဆီးခံရတာ ဖြစ်ပြီး ထောင်ကျနေချိန်မှာလည်း နှိပ်စက်တာကို ခံခဲ့ရတယ်။
သက်သေခံဖြစ်တဲ့ ရုစလန် နာကူလီယက်ဖ် တစ်ယောက် တာ့ခ်မင်နစ္စတန် ထောင်ထဲမှာ ကျန်နေသေးတယ်။ သူဟာ လွတ်ငြိမ်းချမ်းသာခွင့် မကြေညာခင် အပတ်အနည်းငယ်က ထောင်ကျခဲ့တာဖြစ်လို့ သူ့ရဲ့နာမည်ကို သမ္မတရုံးက မသိခဲ့တာ ဖြစ်နိုင်ပါတယ်။ သူလွတ်မြောက်ဖို့အတွက် တရားရေးကိုယ်စားလှယ်တွေက တာ့ခ်မင် အာဏာပိုင်တွေနဲ့ လုပ်ဆောင်နေကြပါတယ်။
ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့သူ ရှစ်ယောက်ကို လွှတ်ပေးဖို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ သမ္မတ ဘာဒီမူခါမီဒေါ့ဗ်ရဲ့ ဆုံးဖြတ်လုပ်ဆောင်မှုဟာ ချီးမွမ်းစရာ ကောင်းပါတယ်။ ဘာသာရေးလွတ်လပ်ခွင့် မြတ်နိုးသူတွေက ဒါဟာ တာ့ခ်မင်နစ္စတန်မှာ ပြောင်းလဲမှုဖြစ်တော့မယ်ဆိုတဲ့ လက္ခဏာလို့ မျှော်လင့်နေပြီး ဒီပြောင်းလဲမှုကြောင့် ယေဟောဝါသက်သေတွေဟာ ထောင်ချ၊ နှိပ်စက်ခံရတာတွေ မရှိဘဲ သူတို့ရဲ့ ယုံကြည်ချက်အတိုင်း နေထိုင်နိုင်ကြမှာ ဖြစ်တယ်။