မာတိကာဆီ ကျော်သွား

တောမ်​မြို့က အိမ်တစ်လုံး​မှာ ကျင်းပတဲ့ ဘာသာရေး​အစည်းအဝေး​ကို ရဲတွေ ဝင်ရောက်​စီးနင်း

ဇွန် ၂၀၊ ၂၀၁၈
ရုရှား

ရုရှား​မှာ အိမ်တွေကို ဝင်ရောက်​စီးနင်း​ပြီး နောက်ထပ် ယေဟောဝါ​သက်သေတွေကို ထောင်ချ

ရုရှား​မှာ အိမ်တွေကို ဝင်ရောက်​စီးနင်း​ပြီး နောက်ထပ် ယေဟောဝါ​သက်သေတွေကို ထောင်ချ

လွန်ခဲ့တဲ့​လ​အတွင်း ရုရှား​အာဏာပိုင်တွေ​က အစွန်းရောက် တိုက်ဖျက်ရေး​လို့ အကြောင်းပြ​ကာ အကြမ်းဖက်​ကင်ပိန်း စတင်​ပြီး နောက်ထပ်​ယေဟောဝါ​သက်သေတွေကို ဖမ်းဆီး​ထောင်ချ​ခဲ့​ကြတယ်။ ဘီ​ရို​ဘ​စ်​ဇန်၊ ခါ​ဘာ​ရိုဗက်၊ မာဂဒန်၊ အို​ရင်​ဘာ့၊ န​ဘာ​ရီ​နီ​ယီ ချီ​နီ၊ ပမ်၊ ပါ​စ​ကော့၊ ဆာ​ရာ​တော့၊ တော​မ်​မြို့တွေမှာ အိမ်တွေကို ရဲတပ်ဖွဲ့​တွေ ဝင်ရောက်​စီးနင်း​ခဲ့​ကြတယ်။ ယေဟောဝါ​သက်သေ ၁၅ ယောက်​ကို ထပ်မံ​ဖမ်းဆီး​ခဲ့​တဲ့​အတွက် စုံစမ်း​စစ်ဆေးခြင်း မရှိဘဲ ဖမ်းဆီး​ခံ​ထား​ရသူ ယေဟောဝါ​သက်သေ အ​ယောက် ၂၀ ရှိပြီ။ နှစ်ယောက်ကို​တော့ အိမ်​အကျယ်ချုပ်​နဲ့ ထားတယ်။ အသက် ၇၀ ကျော်၊ ၈၀ ကျော်​ အ​ပါအဝင် ယေဟောဝါ​သက်သေ အနည်းဆုံး ၁၅ ယောက်​ကို ကိုယ့်​အရပ်ဒေသ​ကနေ ဘယ်​မှ မသွားဖို့ ဝန်ခံ​ကတိ လက်မှတ်ထိုး​ခိုင်း​ခဲ့​ကြတယ်။ ၂၀၁၈၊ ဇွန် ၁၄ ရက်​နေ့မှာ ရုရှား​အာဏာပိုင်တွေ ရာဇဝတ်မှု​နဲ့ တရားစွဲ​ဆို​ထားတဲ့ ယေဟောဝါ​သက်သေ အ​ယောက် ၄၀ ကျော် ရှိပြီ။ အပြစ်ရှိ​ကြောင်း စီရင်ခံ​ရ​ရင် ထောင်ဒဏ် ဆယ်နှစ်​အထိ ကျ​ခံရနိုင်​ပါတယ်။

ရုရှား​နိုင်ငံ​အတွင်း ဝင်ရောက်​စီးနင်း​တဲ့ နေရာများ

ယေဟောဝါသက်သေများရဲ့ တရားဝင် အသင်းအဖွဲ့​တွေကို ပိတ်ပင်ခြင်း​ဟာ ယေဟောဝါ​သက်သေ​တစ်ယောက်စီရဲ့ လွတ်လပ်​စွာ ယုံကြည်ခြင်း ကျင့်သုံး​မှု​ကို မထိခိုက်​ဘူးလို့ အာမခံ​ထားပေမဲ့ ရုရှား​အစိုးရက ပြောင်ပြောင်တင်းတင်း ချိုးဖောက်​နေတယ်။ ဒီ​အာမခံချက်ကို ရုရှား​က လုံးဝ အလေးမထားတဲ့အပြင် ယေဟောဝါ​သက်သေတွေကို “အစွန်းရောက်” အဖွဲ့အစည်း​မှာ ပါဝင်​ပတ်သက်မှု၊ စီစဉ်​ဖွဲ့စည်းမှု၊ ငွေကြေး​ထောက်ပံ့မှု​နဲ့ တရားစွဲဖို့ ရာဇဝတ်မှု ဥပဒေ ပုဒ်မ ၂၈၂ ကို တလွဲသုံး​နေပါတယ်။ တကယ်တော့ ရုရှား​ဟာ အစွန်းရောက်မှု​ကို တိုက်ဖျက်တာမဟုတ်ဘဲ ငြိမ်သက်​အေးချမ်း​စွာ ဝတ်ပြု​ကိုးကွယ်သူ ကိုယ့်​နိုင်ငံသားတွေ​ကို နှိပ်စက်​ညှဉ်းပန်း​နေတာဖြစ်တယ်။

မကြာသေးမီ​က ဝင်ရောက်​စီးနင်း​မှု၊ ဖမ်းဆီးမှု​နဲ့ ထိန်းသိမ်းမှု​များ

ဇွန် ၁၂၊ ၂၀၁၈၊ ဆာ​ရာ​တော့။ ယေဟောဝါ​သက်သေ အိမ်​အတော်များများကို ရဲတွေ ဝင်ရောက်​စီးနင်း ရှာဖွေခဲ့​ကြတယ်။ အနည်းဆုံး ယေဟောဝါ​သက်သေ ၁၀ ယောက်​ကို စုံစမ်း​စစ်ဆေး​ဖို့ ရဲစခန်း ခေါ်သွား​ကြတယ်။ အာဏာပိုင်တွေ အိမ်​တစ်အိမ်​မှာ ရှာဖွေ​နေချိန်မှာ ရုရှား​တရားရုံး​က ပိတ်ပင်​ထားတဲ့ ဘာသာရေး​စာပေတွေကို ရှာတွေ့​သလို​မျိုး အကွက်​ဆင်​ခဲ့​ကြတယ်။ ယေဟောဝါ​သက်သေ ငါးယောက်ကို ဖမ်းဆီး​သွားကြတယ်။ နောက်ပိုင်းမှာ နှစ်ယောက် ပြန်​လွတ်​လာပေမဲ့ သုံးယောက်ကို​တော့ ထိန်းသိမ်း​ထား​ကြတယ်။ ကွန်​စ​တန်​တင် ဘ​ဇာ​နို့​နဲ့ ဖေ​လ​စ် မာ​ခ​မ်​မ​ဒီ​ယေ့ဗ် ကို ‘အစွန်းရောက်​အဖွဲ့အစည်းရဲ့ လုပ်ငန်းကို စီမံ​ဆောင်ရွက်မှု’ နဲ့ တရားစွဲ​လိုက်တယ်။ တတိယ​မြောက် ယေဟောဝါ​သက်သေ အ​လက်​စီ ဘူ​ဒန်​ချုခ် ဖမ်းဆီး​ခံရတဲ့​အမှုကို အတည်မပြု​သေး​ဘူး။ ၂၀၁၈၊ ဇွန် ၁၄ ရက်​နေ့မှာ ဆာ​ရာ​တော့​မြို့ ဖရွန်​ဇ​င်​စ​ကီ ခရိုင်​တရားရုံး​က မစ္စတာ ဘ​ဇာ​နို့​နဲ့ မစ္စတာ မာ​ခ​မ်​မ​ဒေ့ ကို ၂၀၁၈၊ ဩဂုတ် ၁၂ ရက်​နေ့​အထိ စစ်ဆေး​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်​ဖို့ စီရင်ချက် ချ​လိုက်တယ်။ အဲဒီ​တရားရုံး​က​ပဲ မစ္စတာ ဘူ​ဒန်​ချုခ်​ကို စစ်ဆေး​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်​ထားဖို့ စီရင်ချက် ချ​ပေမဲ့ လွတ်​မယ့်​ရက်စွဲ​ကို အတည်မပြု​ဘူး။ ယေဟောဝါ​သက်သေ နောက်​တစ်ယောက်ကို ကိုယ့်​ဒေသက​နေ ဘယ်​မှ မသွားဖို့ ဝန်ခံ​ကတိ​လက်မှတ် ထိုး​စေခဲ့တယ်။

ဇွန် ၃၊ ၂၀၁၈၊ တော​မ်​မြို့။ နံနက် ၁၀ နာရီ​မှာ ရဲတွေ​နဲ့ ရုရှား တပ်မတော် အထူး​တပ်ဖွဲ့​ဝင်​တွေ​က ဆိုက်​ဘေး​ရီး​ယား​ပြည်နယ်၊ တော​မ်​မြို့က ယေဟောဝါ​သက်သေ အိမ်​နှစ်​အိမ်ကို ဝင်ရောက်​စီးနင်း​ခဲ့​ကြတယ်။ အသက် ၈၃ နှစ်အရွယ် အမျိုးသမီး အပါအဝင် ယေဟောဝါ​သက်သေ အ​ယောက် ၃၀ ခန့်​ကို ထိန်းသိမ်း​ထား​ကြတယ်။ အိမ်ထဲ​က ပစ္စည်း​တွေ၊ ကား​တွေကို သိမ်းဆည်း​ကြတယ်။ ယေဟောဝါ​သက်သေတွေကို ဘတ်စကား​ပေါ်​တင်ပြီး ရဲအ​ခြံ​အရံ​နဲ့ အစွန်းရောက်မှု တိုက်ဖျက်ရေး​ဌာန​ဆီ ခေါ်သွား​ကြတယ်။

အဲဒီ​ဌာန​မှာ စစ်ဆေး​မေးမြန်း​သူ အီဗန် ဗီဒ​ရန်​ဆစ်၊ အ​လက်​စ​န်​ဒါ အီဗန်​နို့၊ ဗီ​ယာ​ချီ​ဆ​လာ့ လိ​ဘီ​ဒစ်​တို့​က ယေဟောဝါ​သက်သေ​တချို့ကို နောက်​တစ်နေ့ နံနက် ၂ နာရီ​အထိ အင်အားသုံး စစ်ကြော​မေးမြန်းခဲ့​ကြတယ်။ စစ်ဆေး​မေးမြန်း​သူတွေက ထိန်းသိမ်း​ခံ​တစ်ဦးကို အလုပ်​ကနေ ထုတ်ပစ်​မယ်​လို့ ခြိမ်းခြောက်​ကြတယ်။ စစ်ဆေး​မေးမြန်း​ချိန်​အတွင်း လူနာ​တင်​ကား​တွေကို ဌာန​ဆီ အကြိမ်ကြိမ် စေလွှတ်​ကြတယ်။ ယေဟောဝါ​သက်သေ​တစ်ယောက် ဆေးရုံတင်​ရတယ်။

ထိန်းသိမ်း​ခံ ဆာ​ဂေ က​လီမို့​ကို ဆက်​ချုပ်နှောင်​ထား​ကြတယ်။ ၂၀၁၈၊ ဇွန် ၅ ရက်​နေ့မှာ တော​မ်​မြို့ အက်​ယာ​ဘာ​စ​ကီ ခရိုင်​တရားရုံး​က မစ္စတာ က​လီမို့​ကို ‘အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ငန်းကို စီမံ​ဆောင်ရွက်မှု’ နဲ့ တရားစွဲ​ပြီး ၂၀၁၈၊ ဩဂုတ် ၄ ရက်​နေ့​အထိ စစ်ဆေး​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်​ထားဖို့ စီရင်ချက် ချခဲ့တယ်။ သူ့ကို အိမ်​အကျယ်ချုပ်​နဲ့ ထားဖို့ ဒါမှမဟုတ် အာမခံ​နဲ့ လွှတ်​ပေးဖို့ လျှောက်ထား​ချက်​တွေကို တရားသူကြီး​က ပယ်ချ​ခဲ့တယ်။

ဇွန် ၃၊ ၂၀၁၈၊ ပါ​စ​ကို့​မြို့။ ပါ​စ​ကို့​မြို့က ယေဟောဝါသက်သေတွေရဲ့ အိမ်​အတော်များများကို ရဲတပ်ဖွဲ့​တွေ ဝင်ရောက်​စီးနင်း​ခဲ့​ကြတယ်။ အိမ်​တစ်အိမ်​မှာ ယေဟောဝါ​သက်သေ မဟုတ်တဲ့ ဧည့်သည်​နှစ်ယောက် အပါအဝင် အိမ်သား​အားလုံးကို ထိန်းသိမ်း​ပြီး စစ်ကြော​မေးမြန်း​ကြတယ်။ ဂ​င်​နာ​ဒီ ရှ​ပါ​ကို့​စ​ကီ အပါအဝင် ယေဟောဝါ​သက်သေ အတော်များများကို စစ်ကြော​မေးမြန်း​ဖို့ ဖယ်ဒရယ်​လုံခြုံရေး​ဌာန (FSB) ပါ​စ​ကို့​မြို့ ဒေသန္တရ ဌာနချုပ်​ကို ခေါ်ဆောင်သွား​ကြတယ်။ ဖမ်းဆီးခံရသူ ​တချို့ဟာ မစ္စတာ ရှ​ပါ​ကို့​စ​ကီ​နဲ့​ပတ်သက်ပြီး သက်သေ​ထွက်ဆို​ဖို့ အတင်း​ဖိအားပေး​ခံရကြ​တယ်။ သူ့ကို ‘အစွန်းရောက်​အဖွဲ့အစည်း လုပ်ငန်း စီမံ​ဆောင်ရွက်မှု’ နဲ့ အာဏာပိုင်တွေ အမှု​ဆင်​ဖမ်းဆီး​ခဲ့​ကြတယ်။ သူ့ကို လွှတ်​ပေးလိုက်​ကြပေမဲ့ နောက်ထပ်​စွဲချက်​တွေ​နဲ့ အချိန်မရွေး လာ​ဖမ်း​နိုင်တယ်။

မေ ၃၀၊ ၂၀၁၈၊ ခါ​ဘာ​ရိုဗက်​မြို့။ ရဲတွေ​က အိ​ဗန် ပြူ​ဒါ​ရဲ့ အိမ်ကို ဝင်ရောက်​စီးနင်း ရှာဖွေပြီး ဖမ်းသွား​ကြတယ်။ မာဂဒန်​မြို့​အထိ ဖမ်းခေါ်​သွားပြီး ချုပ်​ထား​ကြတယ်။ ၂၀၁၈၊ ဇွန် ၁ ရက်​နေ့မှာ ရှလက်ဇနာ ဒရော်ဇက်ဇနီ ခရိုင်​တရားရုံး​က မစ္စတာ ပြူ​ဒါကို ‘အစွန်းရောက်​အဖွဲ့ လုပ်ငန်းကို စီမံ​ဆောင်ရွက်မှု’ နဲ့ တရားစွဲ​ပြီး ၂၀၁၈၊ ဇူလိုင် ၃၀ ရက်​နေ့​အထိ စစ်ဆေး​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်​ဖို့ အမိန့်ချမှတ်​ခဲ့တယ်။

မေ ၃၀၊ ၂၀၁၈၊ မာဂဒန်​မြို့။ မာဂဒန်​မြို့က တိုက်ခန်း​တွေကို မျက်နှာဖုံး​တပ် လက်နက်ကိုင် ရဲတွေ ဝင်ရောက်​စီးနင်း​ပြီး ကွန်​စ​တန်​တင် ပစ်​ထရို၊ ယီ​ဂျ​နီ ဇ​ယာ​ဘ​လို့၊ ဆာ​ဂေ ယာ​ကင်​တို့ကို ဖမ်းဆီး​ထိန်းသိမ်း​လိုက်ကြတယ်။ ၂၀၁၈၊ ဇွန် ၁ ရက်​နေ့မှာ မာဂဒန်​စကီမြို့ တရားရုံး​က သူတို့ကို ‘အစွန်းရောက်​အဖွဲ့ လုပ်ငန်းကို စီမံ​ဆောင်ရွက်မှု’ နဲ့ ၂၀၁၈၊ ဇူလိုင် ၂၉ ရက်​နေ့​အထိ စစ်ဆေး​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်​ထားဖို့ စီရင်ချက် ချထားတယ်။

မီထ​ရီ မီခေး​လော့​ဗ်

မေ ၂၉၊ ၂၀၁၈၊ ရှု​ယာ​မြို့၊ အီဗာနိုဗို ပြည်နယ်။ အာဏာပိုင်တွေ​က ဒီ​မီထ​ရီ မီခေး​လော့​ဗ်​ကို ဒုတိယ​အကြိမ် ဖမ်းဆီး​ခဲ့တယ်။ ဧပြီ ၂၀ ရက်၊ ဖမ်းဆီးခေါ်ဆောင်​သွား​တုန်း​က ‘အစွန်းရောက် အဖွဲ့အစည်း​လုပ်ငန်းမှာ ပါဝင်မှု’ နဲ့ ရဲတွေ​က တရားစွဲခဲ့တယ်။ မေ ၂၉ ရက်​နေ့မှာကျတော့ ‘အစွန်းရောက်​လုပ်ငန်းကို ငွေကြေး​ထောက်မမှု’ နဲ့ တရားစွဲ​ပြန်တယ်။ ၂၀၁၈၊ ဇွန် ၃ ရက်​နေမှာ ရှု​ယာ​မြို့ တရားရုံး​က ၂၀၁၈၊ ဇူလိုင် ၁၉ ရက်​နေ့​အထိ စစ်ဆေး​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်​ထားဖို့ စီရင်ချက် ချ​လိုက်တယ်။

မေ ၂၇၊ ၂၀၁၈၊ နဘာရီနီယီ ချီလင်​မြို့၊ တက်တာ​စ​တန် ဒေသ။ ည​အချိန်မှာ FBS ရဲတွေ​က တိုက်ခန်း​ဆယ်ခု​ကို ရှာဖွေပြီး အီလက်ထရောနစ် ကိရိယာ​တွေ၊ ဖုန်းတွေ၊ နိုင်ငံ​ကူး​လက်မှတ်​တွေ သိမ်းယူ​ခဲ့​ကြတယ်။ အီ​ကန် က​ရီ​မို၊ ကွန်​စ​တန်​တင် မာ​ထ​ရာ​ရှို့၊ ဗလာဒီမာ မီ​ကူ​ရှင်တို့​ကို ဖမ်းသွား​ကြတယ်။ သူတို့​သုံးယောက်ကို ၂၀၁၈၊ မေ ၂၉ ရက်​နေ့မှာ နဘာရီနီယီ ချီလင်​စ​ကီ ခရိုင်​တရားရုံး​က “အစွန်းရောက်” အဖွဲ့အစည်း လုပ်ငန်း​အတွက် စီမံ​ဆောင်ရွက်မှု၊ လူသစ်​စုဆောင်းမှု၊ ပါဝင်​ပတ်သက်မှု​တွေ​နဲ့ တရားစွဲ​ခဲ့တယ်။ ၂၀၁၈၊ ဇူလိုင် ၂၅ ရက်​နေ့​အထိ စုံစမ်း​စစ်ဆေးခြင်း မရှိဘဲ ချုပ်နှောင်​ထားဖို့ တရားရုံး​က အမိန့်ချ​ထားတယ်။ နောက်ပိုင်းမှာ အိုင်​ဒါ ယူ​မီယေ့​ကိုလည်း ဖမ်းဆီး​ပြီး ၂၀၁၈၊ မေ ၃၁ ရက်​နေ့မှာ တရားရုံး​က စစ်ဆေး​မေးမြန်းခြင်း မရှိဘဲ ဖမ်းချုပ်​ထားဖို့ စီရင်ချက် ချ​လိုက်တယ်။

မေ ၂၂၊ ၂၀၁၈၊ ပမ်​မြို့။ အ​လက်​စ​န်​ဒါနဲ့ အယ်နာ ဆ​လို​ဗီယေ့​တို့ မော်​ဒို​ဗာ​ကို သွားပြီး ပမ်​မြို့ကို ပြန်လာ​ချိန်မှာ ရဲတွေ​က ရထား​ဘူတာ​မှာ​ပဲ စောင့်​ဖမ်း​ကြတယ်။ မစ္စတာ ဆ​လို​ဗီယေ့​ကို လက်​ထိတ် ခတ်၊ ပစ္စည်း​တွေ သိမ်းယူ​ပြီး လင်မယား​နှစ်ယောက်ကို ကား​သတ်သတ်​စီ​နဲ့ ရဲစခန်း ခေါ်သွား​ကြတယ်။ မစ္စတာ ဆ​လို​ဗီယေ့​ကို ထိန်းသိမ်း​ထားချိန်​မှာ ရဲတွေ​က သူ့အိမ်ကို ရှာဖွေပြီး သူ့​ဇနီးကို စစ်ဆေး​မေးမြန်း​ကြတယ်။ ၂၀၁၈၊ မေ ၂၄ ရက်​နေ့မှာ ဆ​ဗတ်​လို့​စ​ကီ ခရိုင်​တရားရုံး​က မစ္စတာ ဆ​လို​ဗီယေ့​ကို ‘အစွန်းရောက်​အဖွဲ့ လုပ်ငန်းတွေမှာ ပါဝင်​ပတ်သက်မှု’ နဲ့ တရားစွဲ​ပြီး နေအိမ်​အကျယ်ချုပ် ထားပါ​တယ်။

မေ ၁၇၊ ၂၀၁၈၊ ဘီ​ရို​ဘ​စ်​ဇန်​မြို့။ တရား​စီရင်​ရာ​နေ့​ဆိုတဲ့ စစ်ဆင်ရေး​တစ်ခုမှာ ရဲသား​နဲ့ FSB အဖွဲ့ဝင် ၁၅၀ က ယေဟောဝါ​သက်သေတွေရဲ့အိမ် ၂၂ လုံးကို ဝင်ရောက်​စီးနင်း​ခဲ့​ကြတယ်။ တက်ဘလက်​တွေ၊ ဖုန်းတွေ၊ ငွေတွေ သိမ်းယူ​ကြတယ်။ ဝင်ရောက်​စီ​နင်း​ချိန်မှာ ယေဟောဝါ​သက်သေ ၃၄ ယောက်​ထဲ​က တစ်ယောက်​ဖြစ်တဲ့ အ​လ​မ် အ​လိ​ဗ်​ကို ဖမ်းဆီး​ပြီး ချုပ်နှောင်​ထား​လိုက်တယ်။ မေ ၁၈ ရက်​နေ့မှာ ဘီ​ရို​ဘ​စ်​ဇန်​စ​ကီ ခရိုင်​တရားရုံး​က သူ့ကို ‘အစွန်းရောက်​အဖွဲ့ လုပ်ငန်းကို စီမံ​ဆောင်ရွက်မှု’ နဲ့ တရားစွဲ​ပြီး ၂၀၁၈၊ ဇူလိုင် ၁၃ ရက်​နေ့​အထိ စစ်ဆေး​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်​ထားဖို့ စီရင်ချက် ချခဲ့တယ်။ ၂၀၁၈၊ မေ ၂၅ ရက်​နေ့မှာ ဂျူး​ကိုယ်ပိုင်​အုပ်ချုပ်ခွင့်​ရ ဒေသ၊ အယူခံ​တရားရုံး တရားသူကြီး အေ. ဗွီ. ဆီ​ဇိုဗာ​က မစ္စတာ အ​လိ​ဗ်​ရဲ့ အယူခံဝင်​မှု​ကို ကြားနာ​ပြီး စစ်ဆေး​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်​ထားဖို့ စီရင်ချက်​ကို ပယ်ဖျက်​ပေးခဲ့တယ်။

မေ ၁၆၊ ၂၀၁၈၊ အို​ရင်​ဘာ့​မြို့။ ရဲတွေ​က အိမ်တွေကို ဝင်ရောက်​စီးနင်း ရှာဖွေပြီး ယေဟောဝါ​သက်သေ​သုံးယောက် အ​လက်​စ​န်​ဒါ ဆူ​ဗိုရို့၊ ဗလာဒီမာ ကို​ချ​နီ၊ ဗလာ​ဒီ​စ​လာ့ ကို​ဘ​န်​နို့​တို့ကို ဖမ်းဆီး​ခဲ့တယ်။ မေ ၁၈ ရက်​နေ့မှာ ပ​ရို​မ​စ်​လင်​နီ ခရိုင်​တရားရုံး​က မစ္စတာ ကို​ဘ​န်​နို့​ကို ‘အစွန်းရောက်​လုပ်ငန်းကို ငွေကြေး​ထောက်ပံ့​ပေးမှု’ နဲ့ တရားစွဲ​တယ်။ တရားရုံး​က သူ့ကို လွှတ်​ပေးလိုက်​ပေမဲ့ အိမ်​အကျယ်ချုပ်​နဲ့ ဆက်ရှိ​နေပါတယ်။ နောက်​နေ့မှာ အဲဒီ​တရားရုံး​က​ပဲ မစ္စတာ ကို​ချ​နီ​နဲ့ မစ္စတာ ဆူ​ဗိုရို့​ကို ‘အစွန်းရောက်​အဖွဲ့ လုပ်ငန်း စီမံ​ဆောင်ရွက်မှု’ နဲ့ တရားစွဲ​ပြီး ၂၀၁၈၊ ဇူလိုင် ၁၄ ရက်​နေ့​အထိ စစ်ဆေး​မေးမြန်းခြင်း မရှိဘဲ ဖမ်းချုပ်​ထားဖို့ စီရင်ချက် ချခဲ့တယ်။ စစ်ဆေး​မေးမြန်း​သူက နောက်ထပ်​ယေဟောဝါ​သက်သေ ခုနစ်​ယောက်​ကိုလည်း စုံစမ်း​စစ်ဆေး​နေချိန်​အတွင်း မြို့ပြင်​မ​ထွက်​ဖို့ ဝန်ခံ​ကတိ လက်မှတ် ထိုး​စေခဲ့တယ်။

ဝဲ– အ​လက်​စ​န်​ဒါ ဆူ​ဗိုရို့။ ယာ– ဗလာဒီမာ ကို​ချ​နီ

နိုင်ငံတကာ​ရဲ့ ပြစ်တင်​ဝေဖန်မှု​တွေ အကျိုးရှိ​နိုင်မလား

အခြေခံ​လွတ်လပ်ခွင့်ကို ရုရှား လျစ်လျူရှု​မှု​အတွက် ဥရောပ​သမဂ္ဂ (EU) က​ရော အမေရိကန်​ပြည်ထောင်စု​က​ပါ ပြစ်တင်​ရှုတ်ချ​ကြောင်း တရားဝင် ထုတ်ပြန်ခဲ့​တယ်။ EU က ရုရှား​ကို “လွတ်လပ်​စွာ သက်ဝင်​ယုံကြည် ကိုးကွယ်​နိုင်​ခွင့်၊ လွတ်လပ်​စွာ ထုတ်ဖော်​ပြောဆိုခွင့်၊ လွတ်လပ်​စွာ စုဝေး​နိုင်​ခွင့်​ဆိုတဲ့ နိုင်ငံတကာ သဘော​တူညီချက်​ကို လေးစားဖို့” မေတ္တာ​ရပ်ခံ​ခဲ့တယ်။ အမေရိကန်​က​လည်း ရုရှား​ကို “လွတ်လပ်​စွာ သက်ဝင်​ယုံကြည်​ကိုးကွယ်ခွင့်​ကို ကျင့်သုံး​လို့ ထောင်ချ​ခံရသူ​အားလုံးကို ချက်ချင်း ပြန်လွှတ်​ပေးဖို့” တိုက်တွန်း​ထားတယ်။

ယေဟောဝါသက်သေများရဲ့ အထွေထွေ အကြံပေး​ရှေ့နေ ဖိလစ် ဘ​ရန်​လေ ဒီလို​ပြောတယ်– “ရုရှား​မှာ​ရှိတဲ့ ယုံကြည်သူချင်းတွေ ပြင်းထန်တဲ့ နှိပ်စက်​ညှဉ်းပန်းမှု ခံ​နေရလို့ ကမ္ဘာ​တစ်ဝန်း​က ယေဟောဝါသက်သေတွေ စိတ်မကောင်း​ကြဘူး။ ကွန်မြူနစ်​ခေတ်​တုန်း​က ကြုံခဲ့ရ​သလို​မျိုး ယေဟောဝါသက်သေတွေ ပြန်​ကြုံနေ​ရတယ်။ ရုရှား​ရဲ့ လုပ်ရပ်တွေ၊ ဖိနှိပ်မှုတွေ​က အခြေခံ​လူ့​အခွင့်အရေး ပေးမယ်​ဆိုတဲ့ အာမခံချက်ကို လုံးဝ လျစ်လျူရှု​ရာ​ရောက်တယ်။”

စစ်ဆေး​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်​ခံ​နေရသူ ယေဟောဝါ​သက်သေ​များ a

  • ဒဲနစ္စ ခရစ်​တန်​ဆန်

    ဒဲနစ္စ ခရစ္စ​တန်​ဆန်၊ အသက် ၄၅ နှစ်၊ အို​ရွိုလ်​မြို့။ ၂၀၁၇၊ မေ ၂၅ ရက်​နေ့မှာ အဖမ်း​ခံရပြီး ၂၀၁၈၊ ဩဂုတ် ၁ ရက်​နေ့​အထိ ချုပ်နှောင်​ဖို့ အမိန့်ချ​ထားတယ်။

  • ဗယ်​လင်​တင်း အို​စက်​ချုခ်

    အသက် ၄၂ နှစ်၊ ဗလာ​ဒီ​ဗို​စ​တော့​ခ်​မြို့။ ၂၀၁၈၊ ဧပြီ ၁၉ ရက်​နေ့မှာ အဖမ်း​ခံရပြီး ၂၀၁၈၊ ဇွန် ၂၀ ရက်​နေ့​အထိ ချုပ်နှောင်​ဖို့ အမိန့်ချ​ထားတယ်။

  • ဗစ်​တာ ထရိုဖီမို့

    အသက် ၆၁ နှစ်၊ ပေါ်​ယာ​နီ​မြို့။ ၂၀၁၈၊ ဧပြီ ၁၈ ရက်​နေ့မှာ အဖမ်း​ခံရပြီး ၂၀၁၈၊ အောက်တိုဘာ ၁၁ ရက်​နေ့​အထိ ချုပ်နှောင်​ဖို့ အမိန့်ချ​ထားတယ်။

  • ရို​မ​န် မာ​ကင်

    အသက် ၄၄ နှစ်၊ ပေါ်ယာနီမြို့။ ၂၀၁၈၊ ဧပြီ ၁၈ ရက်​နေ့မှာ အဖမ်း​ခံရပြီး ၂၀၁၈၊ အောက်တိုဘာ ၁၁ ရက်​နေ့​အထိ ချုပ်နှောင်​ဖို့ အမိန့်ချ​ထားတယ်။

  • အနာ​တို​လီ ဗီ​လ​စ်​ကေ​ဗစ်

    အသက် ၃၁ နှစ်၊ အူ​ဖာ​မြို့။ ၂၀၁၈၊ ဧပြီ ၁၀ ရက်​နေ့မှာ အဖမ်း​ခံရပြီး ၂၀၁၈၊ ဇူလိုင် ၂ ရက်​နေ့​အထိ ချုပ်နှောင်​ဖို့ အမိန့်ချ​ထားတယ်။

a အသေးစိတ်​သိချင်ရင် jw.org/my သတင်း​ကဏ္ဍ​မှာပါတဲ့ “ရုရှား​မှာ​ရှိတဲ့ ယေဟောဝါ​သက်သေတွေကို အကြမ်းဖက်​ကင်ပိန်း စတင်” ဆောင်းပါးကို ကြည့်ပါ။