မာတိကာဆီ ကျော်သွား

“အန္တရာယ်များတဲ့ အားကစားနည်းများ” ကစားသင့်သလား

“အန္တရာယ်များတဲ့ အားကစားနည်းများ” ကစားသင့်သလား

သမ္မာကျမ်းစာ​ရှုထောင့်

“အန္တရာယ်​များတဲ့ အားကစားနည်း​များ” ကစား​သင့်​သလား

အရင်တုန်းက​တော့ လူတွေဟာ လေ​ထီး​ခုန်​တာ၊ တောင်ပေါ်​ကနေ ခုန်ချ​တာ၊ ရေတံခွန်​တွေ​မှာ လှေလှော်​တာ၊ ငါးမန်း​တွေ​ရှိတဲ့ နေရာတွေဆီ ဒို​င်ဗင်​ထိုး​ချ​တာတွေကို ဘေး​ကနေ ထိုင်​ကြည့်​ခဲ့​ကြ​ပေမဲ့ အခုတော့ ကိုယ်တိုင်​လုပ်​သူတွေ များသည်ထက် များ​လာပြီ။”—ဝီး​လိုး​ဂ​လန်း​မြို့ သတင်းစာ။

ဒီ​သတင်းက အားကစား​ကို လူတွေ ပို​စိတ်ဝင်စား​လာတယ်ဆိုတာ ဖော်ပြ​တယ်။ လေ​ဟု​န်​စီး​တာ၊ ရေခဲ​တောင် တက်တာ၊ လေ​ထီး​ခုန်​တာ၊ အမြင့်​ကနေ ခုန်ချ​တာ​တွေ * ခေတ်​စား​လာတာ​က အန္တရာယ်​များတဲ့ အားကစားနည်း​တွေ​ကို လူတွေ နှစ်သက်​စွဲလမ်း​လာ​မှန်း ဖော်ပြ​တယ်။ နှင်း​လျှော​စီး​တဲ့ ဘုတ်​တွေ၊ တောင်တက် စက်ဘီး​တွေ၊ စ​ကိတ်​စီး​ဖိ​နစ်​တွေ​ကို အသုံးပြုပြီး အမြင့်ဆုံး​တောင်​စွန်း​တွေ​ကနေ ခုန်ချ​ပြီး သာမန်​လူ မ​လုပ်နိုင်တဲ့ လုပ်ရပ်တွေ လုပ်ကြတယ်။ တိုင်းမ် မဂ္ဂဇင်း​မှာ ဖော်ပြ​တဲ့​အတိုင်း “စ​နေ၊ တနင်္ဂနွေ​မှ အားကစားလုပ်​သူတွေနဲ့ ကြေးစား အားကစားသမားတွေဟာ စိတ်​လှုပ်ရှားမှု​ကို ခံစားချင်​လို့ သူတို့ရဲ့​စွမ်းရည်​ကို အသုံးချပြီး အန္တရာယ်​များတဲ့၊ သာမန်​ထက်​လွန်ကဲ​တဲ့ အားကစားနည်း​တွေ​ကို ကစား​ကြတယ်။”

ဒါ့အပြင် အဲဒီ​ကစား​နည်း​တွေ​က ကိုယ့်ကိုလည်း ထိခိုက်​နစ်နာ​စေတယ်။ အားကစားနည်း​တွေ​က ပျော်စရာ​ကောင်း​ပေမဲ့ အန္တရာယ်​များတဲ့​နည်းနဲ့ ကစား​လို့ လူတွေ ထိခိုက်​ဒဏ်ရာ ရ​ကြတယ်။ ၁၉၉၇ ခုနှစ်​အတွင်းမှာ စ​ကိတ်​ဘုတ်​ကြောင့် ၃၃ ရာခိုင်နှုန်း၊ နှင်း​လျှော​စီး​ဘုတ်​ကြောင့် ၃၁ ရာခိုင်နှုန်း၊ တောင်တက်​တဲ့​အတွက်​ကြောင့် ၂၀ ရာခိုင်နှုန်း ထိခိုက်​ဒဏ်ရာ​ရပြီး အမေရိကန်​နိုင်ငံ အရေးပေါ်​ဌာန​တွေ​ကို ရောက်​လာကြတယ်။ အန္တရာယ်​များတဲ့ တခြား​အားကစားနည်း​တွေ​ကြောင့် အသက် ဆုံးရှုံး​သူ အရေအတွက် ပို​များ​လာတယ်။ အဲဒီ​အားကစားနည်း​တွေ​ကို ကြိုက်​နှစ်သက်သူ​တွေ​ဟာ အန္တရာယ်ကို မြင်​ကြတယ်။ အန္တရာယ်​များတဲ့ နှင်း​လျှော​စီး​စ​ကီး အားကစား​မှာ ပါဝင်​တဲ့ အမျိုးသမီး​တစ်ယောက်က “ဒီ​တစ်ခါ ငါ သေ​ရင် သေသွား​နိုင်တယ်​လို့ အမြဲ တွေး​နေ​မိတယ်” ဆိုပြီး ပြော​တယ်။ ကြေးစား နှင်း​လျှော​ဘုတ် ပြိုင်ပွဲဝင်​သူ​တစ်ယောက်က​တော့ “ဒဏ်ရာ​မရဘူး​ဆိုရင် ကြိုးစား​အားထုတ်မှု နည်း​သေး​လို့​ပဲ” ဆိုပြီး ပြော​တယ်။

အဲဒီ​အချက်​တွေ​ကြောင့် အန္တရာယ်​များတဲ့ အားကစားနည်း​တွေ​ကို ခရစ်ယာန်​တွေ ဘယ်လို ရှုမြင်​သင့်သလဲ။ အဲဒီ​အားကစားနည်း​တွေ​ကို ကစား​သင့် မသင့် ဆုံးဖြတ်​တဲ့​အခါ ကျမ်းစာ​က ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ အသက်နဲ့​ပတ်သက်​တဲ့ ဘုရား​ရဲ့​အမြင်​ကနေ အဲဒီ​မေးခွန်းတွေရဲ့ အဖြေကို သိနိုင်တယ်။

အသက်နဲ့​ပတ်သက်​တဲ့ ဘုရား​ရဲ့​အမြင်

ယေဟောဝါ​ဘုရား​ဟာ “အသက်ရဲ့​ပင်ရင်း” လို့ ကျမ်းစာ ဆိုတယ်။ (ဆာလံ ၃၆:၉) လူသားတွေကို ဖန်ဆင်း​လိုက်​ရုံ မဟုတ်ဘဲ ဘဝကို ပျော်မွေ့​ဖို့ လိုအပ်​တာ​တွေ ဂရုတစိုက် ဖြည့်ဆည်း​ပေး​ထား​တယ်။ (ဆာလံ ၁၃၉:၁၄။ တမန်တော် ၁၄:၁၆၊ ၁၇။ ၁၇:၂၄-၂၈) ဒါ​ကြောင့် ဘုရား​က မိမိ မေတ္တာနဲ့​ပေး​ထား​တာတွေကို တန်ဖိုး​ထား​ဖို့ မျှော်လင့်​တာ ကျိုးကြောင်း​ညီညွတ်​ပါ​တယ်။ ဘုရား​ရဲ့ အဲဒီ​သဘောထားကို အစ္စရေး​တွေ ရထားတဲ့ ပညတ်​တွေ၊ မူတွေ​မှာ တွေ့​နိုင်တယ်။

တခြား​သူရဲ့​အသက်ကို တန်ဖိုး​ထား​ဖို့ မောရှေ​ပညတ်​က တောင်းဆို​တယ်။ အဲဒီ​ပညတ်​ကို မလိုက်နာ​လို့ ကိုယ့်​ကြောင့် တစ်ယောက်ယောက် သေသွား​ရင် လူသတ်မှု ကျူးလွန်​ရာ​ရောက်တယ်။ ဥပမာ၊ အိမ်ဆောက်​တဲ့​အခါ အိမ်မိုး​ပတ်လည်​မှာ အကာအရံ လုပ်ဖို့ မိန့်မှာ​ထား​တယ်။ အဲဒီလို မ​လုပ်လို့ တစ်ယောက်ယောက်​က အိမ်မိုးပေါ်​က ပြုတ်ကျ​ပြီး သေသွား​ရင် အိမ်ရှင်​က လူသတ်မှု ကျူးလွန်​တာ​ပဲ။ (တရားဟောရာ ၂၂:၈) အမှတ်မထင် နွား​ခွေ့​ခံရ​လို့ တစ်ယောက်ယောက် သေသွား​ရင် နွား​ပိုင်ရှင်​မှာ တာဝန်​မရှိဘူး။ ဒါပေမဲ့ နွား​က ခွေ့​တတ်​မှန်း ပိုင်ရှင်​ကို သတိပေး​ထား​ပါ​လျက်​နဲ့ နွား​ကို မ​ချည်​ထား​တဲ့​အတွက် လူကို ခွေ့​သတ်​မိရင် ပိုင်ရှင်​ကို လူသတ်မှု​ကျူးလွန်​တဲ့​အတွက် သေဒဏ်​ပေး​ရမယ်။ (ထွက်မြောက်ရာ ၂၁:၂၈၊ ၂၉) အသက်ကို ယေဟောဝါ တန်ဖိုး​ထား​တဲ့​အတွက် အသက်ကို ကာကွယ်​စောင့်ရှောက်​ဖို့ ပညတ်တရား​က အလေးပေး ဖော်ပြ​တယ်။

အဲဒီ​မူတွေ​က အသက်​အန္တရာယ်​ရှိတဲ့ လုပ်ရပ်တွေ​နဲ့​လည်း သက်ဆိုင်​မှန်း ဘုရား​ရဲ့​သစ္စာရှိ ကျေးကျွန်​တွေ နားလည်တယ်။ ကျမ်းစာ​မှတ်တမ်း​တစ်ခု​မှာ ဒါဝိဒ်က “ဘက်သလီဟင်​မြို့ တံခါး​နား​မှာ​ရှိတဲ့ ရေ​လှောင်​ကန်​ထဲ​က ရေ​ကို သောက်​ချင်​လိုက်တာ” လို့ တောင့်တ​ပြီး ပြော​တယ်။ အဲဒီအချိန်မှာ ဘက်သလီဟင်​မြို့က ဖိလိတိ​လူတွေ လက်အောက်​ရောက်နေတယ်။ ဒါဝိဒ်ရဲ့​ဆန္ဒ​ကို သူရဲကောင်း​သုံးယောက် ကြား​တဲ့​အခါ ဖိလိတိ​တပ်​ကို ထိုးဖောက်​ပြီး ဘက်သလီဟင်​မြို့ တံခါး​နား​မှာ​ရှိတဲ့ ရေ​လှောင်​ကန်​ထဲ​က ရေ​ကို ခပ်ယူ​လာတယ်။ အဲဒါကို ဒါဝိဒ် ဘယ်လို တုံ့ပြန်​သလဲ။ ဒါဝိဒ်က မ​သောက်​ဘဲ ယေဟောဝါ​ရှေ့မှာ သွန်​ချ​လိုက်ပြီး ဒီလို ပြော​တယ်– “ဘုရားသခင်ရဲ့​ရှုထောင့်​ကနေ ကြည့်​ရင် ဒီရေ​ကို​သောက်​ဖို့ ကျွန်တော် စဉ်းတောင် မစဉ်း​စား​ဝံ့​ပါ​ဘူး။ သူတို့က အသက်ကို ရင်း​ပြီး ဒီရေ​ကို ယူလာခဲ့​တာ။ အဲဒီလို အသက်ကို​ရင်း​ပြီး စွန့်စား​ခဲ့​သူတွေရဲ့ သွေး​ကို ငါ​မ​သောက်​ဘူး။” (၁ ရာဇဝင်ချုပ် ၁၁:၁၇-၁၉) မိမိရဲ့​ဆန္ဒ​ကို ဖြည့်ဆည်း​ဖို့ သူတို့ အသက်ကို စွန့်စား​တယ်လို့ ဒါဝိဒ် သဘောထား​ခဲ့တယ်။

ယေရှုလည်း အဲဒီလိုပဲ တုံ့ပြန်​ခဲ့တယ်။ ရူပါရုံ​တစ်ခု​မှာ မာရ်နတ်​က ယေရှုကို ဗိမာန်တော် အမိုးပေါ်​ကနေ ခုန်ချ​လိုက်ပါ။ ကောင်းကင်တမန်​တွေ ကာကွယ်​ပေး​မယ်​လို့ ပြော​ခဲ့တယ်။ ယေရှု​က “ယေဟောဝါ ဘုရား​ကို အကဲ​မ​စမ်း​ရ” ဆိုပြီး ပြန်ဖြေ​တယ်။ (မဿဲ ၄:၅-၇) မလိုအပ်ဘဲ စွန့်စား​တာ​ကို မှားတယ်လို့ ယေဟောဝါ ရှုမြင်​မှန်း ဒါဝိဒ်​ကော ယေရှုပါ အသိအမှတ်ပြု​တယ်။

အဲဒီ​နမူနာ​တွေ​ကို မှတ်သား​ပြီး ဒီလို စဉ်းစား​နိုင်တယ်– ‘ဘယ်​အားကစားနည်း​တွေ​ကို အသက်​အန္တရာယ်​ရှိတယ်လို့ ယူမှတ်​မလဲ။ အန္တရာယ်​မရှိတဲ့ ရိုးရိုး အားကစားနည်း ဖြစ်​ရင်တောင် ဘယ်​အတိုင်းအတာ​ထိ ကစား​ရင် အစွန်းရောက်​သွား​နိုင်​မှန်း ဘယ်လို ဆုံးဖြတ်​မလဲ။’

ထိခိုက်​ဒဏ်ရာ​ရဖို့ တန်​ရဲ့​လား

ကိုယ်​ကစား​ချင်​တဲ့ အားကစားနည်း​ကို အကဲဖြတ်​ပြီး ဆုံးဖြတ်​ပါ။ ဥပမာ၊ ကိုယ့်ကိုယ်ကိုယ် ဒီလို မေး​နိုင်တယ်– ‘ဒီ​အားကစားနည်း​ကြောင့် ဘယ်​နှယောက် ထိခိုက်​ဒဏ်ရာ ရသွား​သလဲ။ ထိခိုက်​ဒဏ်ရာ မရအောင် လေ့ကျင့်မှု ခံ​ထား​သလား၊ ဒဏ်ရာ​မရအောင် လိုအပ်​တဲ့ အကာအကွယ်​တွေ ရှိသလား။ လဲသွား​ရင်၊ အချိန်​အဆ​မှား​ပြီး ခုန်​မိရင်၊ အကာအကွယ်​ပစ္စည်း ကျွတ်​သွား​ရင် ဘာဖြစ်​နိုင်​သလဲ။ ဒဏ်ရာ အသေးအမွှား​လောက်​ပဲ​ရနိုင်​သလား ဒါမှ​မဟုတ် ကြီးမား​တဲ့ ဒဏ်ရာ​ရနိုင်​သလား၊ အသက်​တောင် ဆုံးရှုံး​သွား​နိုင်​သလား။

အပန်းဖြေ​ရာ​မှာ မလိုအပ်ဘဲ စွန့်စား​တာ​က ယေဟောဝါ​နဲ့ အဖိုးတန်​ဆက်ဆံ​ရေး​ကို ထိခိုက်​စေနိုင်​တယ်။ အသင်းတော်မှာ အခွင့်ထူး​ရနိုင်တဲ့ အလားအလာ​တွေ​ကိုလည်း ဆုံးရှုံး​သွားနိုင်တယ်။ (၁ တိမောသေ ၃:၂၊ ၈-၁၀။ ၄:၁၂။ တိတု ၂:၆-၈) အပန်းဖြေ​ဖို့ အားကစားလုပ်​တဲ့​အခါ အသက်ရဲ့ မြင့်မြတ်မှု​နဲ့​ပတ်သက်​တဲ့ ဖန်ဆင်း​ရှင်​ရဲ့ အမြင်ကို ထည့်​စဉ်းစား​သင့်​နေတယ်​ဆိုတာ ရှင်း​နေပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 အမြင့်​ဆိုတာ အဆောက်အဦ၊ ဆက်သွယ်ရေး ဧရိယာတိုင်၊ တံတား၊ တောင်​စွန်း​ကို ဆိုလိုတယ်။ အဲဒီ​ကစား​နည်း​တွေ​က အန္တရာယ်များ​လွန်းလို့ အမေရိကန် အမျိုးသား​ဥယျာဉ်​က တားမြစ်​ထား​တယ်။