သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

လောင်းကစားသမားနဲ့ ဖောက်ထွင်းဝိဇ္ဇာဖြစ်တဲ့သူကို သူ့ရဲ့အကျင့် ဖျောက်ပြီး ဘဝပုံစံ ပြောင်းလဲအောင် ဘာက လှုံ့ဆော်ပေးခဲ့သလဲ။ သူပြောပြတာတွေကို ဖတ်ကြည့်ရအောင်။

“မြင်းပြိုင်ပွဲတွေကိုအရူးအမူးဖြစ်ခဲ့”—ရစ်ချက် စတူးဝပ်

မွေးဖွားတဲ့နှစ်– ၁၉၆၅

နေရင်းနိုင်ငံ– ဂျမေကာ

နောက်ခံ– လောင်းကစားသမား၊ ရာဇဝတ်သား

အတိတ်- ဂျမေကာနိုင်ငံ၊ ကင်းစတန်မြို့ရဲ့ လူဦးရေထူထပ်တဲ့ ဆင်းရဲသားရပ်ကွက်မှာ ကျွန်တော် ကြီးပြင်းလာတာပါ။ အဲဒီမှာ အလုပ်လက်မဲ့လူဦးရေတွေ များပြီး ရာဇဝတ်မှုတွေကလည်း နေရာအနှံ့မှာရှိတယ်။ လူဆိုးဂိုဏ်းတွေကြောင့် လူတွေက ကျီးလန့်စာ စားနေရသလို ထိတ်လန့်နေကြရတယ်။ နေ့တိုင်းလိုလို သေနတ်သံတွေ ကြားနေရတယ်။

အလုပ်ကြိုးစားတဲ့အမေက ကျွန်တော်တို့ မောင်နှမသုံးယောက် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့တယ်။ ကျွန်တော်တို့ကို ပညာရေးကောင်းကောင်း ရစေချင်တယ်။ ကျွန်တော်က ကျောင်းပညာကို စိတ်မဝင်စားဘဲ မြင်းပြိုင်ပွဲတွေကို အရူးအမူးဖြစ်ခဲ့တယ်။ ဒါကြောင့် ကျောင်းပြေးပြီး မြင်းပြိုင်ကွင်းကို သွားတတ်တယ်။ မြင်းကိုတောင် ကျွန်တော် စီးလိုက်သေးတယ်။

မကြာခင် မြင်းပြိုင်ပွဲတွေမှာ ကြေးကြီးကြီးနဲ့ လောင်းကြေးထပ်လာတယ်။ ကျွန်တော်ဟာ အကျင့်ပျက်လာပြီး အမျိုးသမီး အတော်များများနဲ့ ဖောက်ပြန်လာတယ်။ ဆေးခြောက် ရှူတယ်။ ကျွန်တော့်ဘဝပုံစံအတွက် ငွေကြေးကာမိအောင် ဖောက်ထွင်းလာတယ်။ ကျွန်တော့်မှာ သေနတ်တွေအများကြီးရှိတယ်။ ဒါပေမဲ့ ဖောက်ထွင်းမှုတွေမှာ လူမသတ်မိလို့ ကျေးဇူးတင်မိတယ်။

နောက်ဆုံး၊ ကျွန်တော့်ကို ရဲဖမ်းမိသွားပြီး ထောင်ချလိုက်တယ်။ ထောင်က လွတ်လာပြီးနောက်မှာလည်း အရင်ဘဝပုံစံအတိုင်း ပြန်နေခဲ့တယ်။ အရင်ကထက်တောင် ပိုဆိုးလာသေးတယ်။ ကျွန်တော့်ရုပ်က အပြစ်ကင်းတဲ့ရုပ်ဖြစ်ပေမဲ့ တကယ်တမ်းတော့ ကျွန်တော်က စိတ်မာတယ်၊ စိတ်ဆတ်ပြီး ရက်စက်ကြမ်းတမ်းတယ်။ ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ- ကျွန်တော့်ဘဝ ရှုပ်ထွေးပွေလီနေတဲ့အချိန်မှာ အမေက ကျမ်းစာလေ့လာပြီး ယေဟောဝါသက်သေတစ်ဦး ဖြစ်လာတယ်။ အမေရဲ့ပင်ကိုစရိုက်တွေ လုံးဝပြောင်းလဲသွားတာကို ကျွန်တော်တွေ့ပြီး သိချင်စိတ်ပေါက်လာတယ်။ အမေ့ကို ဘာက ပြောင်းလဲစေခဲ့တာလဲဆိုတာ သိအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါကြောင့် သက်သေခံတွေနဲ့ ကျမ်းစာ စပြီးဆွေးနွေးခဲ့တယ်။

ယေဟောဝါသက်သေတွေရဲ့ သွန်သင်ချက်တွေက တခြားဘာသာရဲ့သွန်သင်ချက်တွေနဲ့ တခြားစီဖြစ်နေတာကို သိလိုက်ရတယ်။ သက်သေခံတွေရဲ့သွန်သင်ချက်တွေက ကျမ်းစာအပေါ် အခြေခံထားတယ်ဆိုတာလည်း တွေ့ခဲ့ရတယ်။ ရှေးတုန်းက ခရစ်ယာန်တွေလိုပဲ တစ်အိမ်ကနေတစ်အိမ် ဟောပြောတဲ့သူတွေလို့ ကျွန်တော်သိထားတဲ့ တစ်ခုတည်းသောအုပ်စုက သူတို့ဖြစ်နေပါလား။ (မဿဲ ၂၈:၁၉; တမန်တော် ၂၀:၂၀) သူတို့အချင်းချင်း ပြသနေတဲ့ မေတ္တာစစ်ကို မြင်တွေ့ရတဲ့အခါ စစ်မှန်တဲ့ဘာသာကို ကျွန်တော် တွေ့ပြီလို့ အခိုင်အမာ ယုံကြည်စိတ်ချလာတယ်။—ယောဟန် ၁၃:၃၅

ကျမ်းစာကို ကျွန်တော် သင်ယူနေရင်း ကျွန်တော့်ဘဝမှာ ပြောင်းလဲမှုကြီးတချို့ ပြုလုပ်ရတော့မယ်ဆိုတာ သိလာရတယ်။ ယေဟောဝါဘုရားသခင်ဟာ မတရားမေထုန်ပြုတာကို မုန်းတီးတယ်ဆိုတာရော၊ ကိုယ်တော့်ရဲ့ နှစ်သက်လက်ခံမှုကို ရယူချင်တယ်ဆိုရင် ကိုယ်ခန္ဓာကို ညစ်ညမ်းစေတဲ့ အကျင့်တွေကို စွန့်ရမယ်ဆိုတာကိုပါ ကျွန်တော် သိရှိခဲ့တယ်။ (၂ ကောရိန္သု ၇:၁; ဟေဗြဲ ၁၃:၄) ဘုရားသခင်ဆီမှာ ခံစားချက်ရှိတယ်၊ ကျွန်တော့်လုပ်ရပ်တွေက ကိုယ်တော့်ကို နာကြည်းစေနိုင်သလို ပျော်ရွှင်စေနိုင်တယ်ဆိုတာ သိလိုက်တဲ့အချိန်မှာ ကျွန်တော် စိတ်လှုပ်ရှားသွားတယ်။ (သု. ၂၇:၁၁) ဒါကြောင့် ဆေးခြောက်ဖြတ်ဖို့၊ သေနတ်တွေကို လွှင့်ပစ်ဖို့၊ ကျွန်တော့်ရဲ့ ပင်ကိုစရိုက်တွေကို တိုးတက်အောင် ကြိုးစားဖို့ သန္နိဋ္ဌာန်ချလိုက်တယ်။ အခက်ဆုံးပြောင်းလဲမှုတွေထဲမှာ အကျင့်ပျက်ဘဝပုံစံကို စွန့်ဖို့၊ လောင်းကစားတာကို ရပ်ပစ်ဖို့လည်း ပါတယ်။

အစမှာတော့၊ ကျွန်တော် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတာ သူငယ်ချင်းတွေကို မသိစေချင်ဘူး။ မဿဲ ၁၀:၃၃ မှာပါတဲ့ ယေရှုရဲ့ ဒီစကားကို ဖတ်ပြီးတဲ့နောက် ကျွန်တော် စိတ်တစ်မျိုးပြောင်းသွားတယ်– “လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်သူ မည်သူကိုမဆို ကောင်းကင်ဘုံရှိ ငါ့ခမည်းတော်ရှေ့တွင် ငါငြင်းပယ်မည်။” ဒီကျမ်းချက်ကြောင့် ယေဟောဝါသက်သေတွေနဲ့ ကျွန်တော် ကျမ်းစာလေ့လာနေပြီလို့ သူငယ်ချင်းတွေကို ပြောပြလိုက်တော့ သူတို့ အရမ်းအံ့သြသွားတယ်။ ကျွန်တော်လိုလူက သက်သေခံခရစ်ယာန်တစ်ယောက် ဖြစ်ချင်တယ်ဆိုတာကို သူတို့ မယုံနိုင်ဘူး။ ကျွန်တော့်ရဲ့ ဘဝလမ်းစဉ်ဟောင်းကို စွန့်လိုက်ပြီလို့ သူတို့ကို ပြောပြ လိုက်တယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ- ကျမ်းစာမူတွေနဲ့အညီ ကျွန်တော် စပြီးနေထိုင်ကျင့်ကြံတာကို အမေ မြင်တော့ အရမ်းဝမ်းသာခဲ့တယ်။ အခုဆိုရင် ကျွန်တော် မဟုတ်တာတွေ လုပ်မှာကို အမေ မစိုးရိမ်တော့ဘူး။ ကျွန်တော်တို့မှာရှိတဲ့ ယေဟောဝါဘုရားသခင်အပေါ် ချစ်တဲ့မေတ္တာအကြောင်း ပြောဆိုဆွေးနွေးကြတယ်။ တစ်ခါတလေ နောက်ကြောင်းကို ပြန်ပြောင်းကြည့်ရင် ဘုရားသခင့်အကူအညီနဲ့ ပြောင်းလဲမှုတွေ လုပ်နိုင်ခဲ့တာ ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်ဘူး။ ကိုယ်ကျင့်တရားပျက်ပြားပြီး ရုပ်ပစ္စည်း တပ်မက်တဲ့ ဘဝပုံစံကို ကျွန်တော် မတောင့်တတော့ပါဘူး။

ကျမ်းစာမူတွေအတိုင်း ကျွန်တော် မလိုက်လျှောက်ခဲ့ဘူးဆိုရင် ကျွန်တော် အသက်ရှင်ချင်မှရှင်မှာ၊ ဒါမှမဟုတ် ထောင်ထဲ ရောက်နေလောက်ပြီ။ ဒါပေမဲ့ အခု ကျွန်တော့်မှာ သာယာပျော်ရွှင်တဲ့ မိသားစုရှိနေပါပြီ။ ထောက်မပေးတဲ့ ဇနီးသည်၊ လိမ္မာရေးခြားရှိတဲ့ သမီးနဲ့အတူ ဘုရားသခင့်အမှုတော်ကို ကျွန်တော် ထမ်းဆောင်ရတာ အရမ်းပျော်တာပဲ။ မေတ္တာရှိတဲ့ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်း အဝင်ဖြစ်ခွင့်ရတာ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ကျွန်တော့်ကို ကျမ်းစာအမှန်တရားသင်ပေးဖို့ ကြိုးစားအားထုတ်ခဲ့တဲ့သူကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဒီအပြင် ကျမ်းစာသွန်သင်ရာတွေကို တခြားသူတွေ သိရှိလာအောင် သင်ပေးရတဲ့ အခွင့်ထူးတွေကိုလည်း ကျွန်တော် တန်ဖိုးထားပါတယ်။ ချစ်ခင်ကြင်နာမှုနဲ့ ကျွန်တော့်ကို ဆွဲဆောင်ခဲ့တဲ့ ယေဟောဝါဘုရားသခင်ကို အထူးကျေးဇူးတင်ပါတယ်။

[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]

“ဘုရားသခင်ဆီမှာ ခံစားချက်ရှိတယ်၊ ကျွန်တော့်လုပ်ရပ်တွေက ကိုယ်တော့်ကို နာကြည်းစေနိုင်သလို ပျော်ရွှင်စေနိုင်တယ်ဆိုတာ ကျွန်တော် သိရှိခဲ့တယ်”

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

အမေရဲ့ ပင်ကိုစရိုက် လုံးဝ ပြောင်းလဲသွားတာကို ကျွန်တော် တွေ့ခဲ့ရ

[စာမျက်နှာ ၁၁ ပါရုပ်ပုံ]

ကျွန်တော့်ဇနီး၊ သမီးနဲ့အတူ