အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း

ဘုရားသခင့်နိုင်ငံတော် ဘယ်အချိန်မှာ စတင်အုပ်ချုပ်သလဲ —အပိုင်း ၂

ဘုရားသခင့်နိုင်ငံတော် ဘယ်အချိန်မှာ စတင်အုပ်ချုပ်သလဲ —အပိုင်း ၂

အခုဖော်ပြမယ့် ဆွေးနွေးခန်းက ယေဟောဝါသက်သေတစ်ဦးနဲ့ အိမ်ရှင်တစ်ဦးတို့ ပြောဆိုတတ်တဲ့ ဆွေးနွေးခန်း ဖြစ်ပါတယ်။ သက်သေခံရဲ့နာမည်ကို ဦးထွန်းဝင်းနဲ့ အိမ်ရှင်ရဲ့နာမည်ကို ဦးဝေယံလို့ ဆိုကြပါစို့။

နေဗုခဒ်နေဇာရဲ့ အိပ်မက်အကြောင်း အတိုချုပ် ပြန်သုံးသပ်ချက်

ဦးထွန်းဝင်း– မင်္ဂလာပါ ဦးဝေယံ၊ နေကောင်းလား။

ဦးဝေယံ– ကောင်းပါတယ်၊ အိမ်ထဲဝင်ပါ။

ဦးထွန်းဝင်း– ခုလို ခင်ဗျားနဲ့ ကျမ်းစာပုံမှန်ဆွေးနွေးရတာ ကျွန်တော် သဘောကျတယ်။ a

ဦးဝေယံ– ကျွန်တော်လည်း ကျမ်းစာဆွေးနွေးချင်လို့ ခင်ဗျားကို စောင့်နေတာ။

ဦးထွန်းဝင်း– ယေဟောဝါသက်သေတွေက ၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်နိုင်ငံတော် စတင်အုပ်ချုပ်တယ်လို့ ယုံကြည်တဲ့အကြောင်း အရင်တစ်ခေါက်က ကျွန်တော်တို့ ပြောခဲ့ကြတယ်။ b ဒံယေလကျမ်းရဲ့ အခန်းကြီး ၄ မှာပါတဲ့ ကြိုဟောချက်ထဲက အဓိကအချက်တစ်ချက်အကြောင်း ဆွေးနွေးခဲ့ကြတယ်။ ဘာအကြောင်းလဲဆိုတာ ခင်ဗျား မှတ်မိလား။

ဦးဝေယံ– ဘုရင်နေဗုခဒ်နေဇာရဲ့ အိပ်မက်ထဲက ဧရာမသစ်ပင်ကြီးအကြောင်း မဟုတ်လား။

ဦးထွန်းဝင်း– မှန်ပါတယ်၊ ဘုရင်ဟာ ကောင်းကင်အထိရောက်တဲ့ ဧရာမသစ်ပင်ကြီးအကြောင်း အိပ်မက်,မက်ခဲ့တယ်။ အဲဒီအပင်ကို ခုတ်လှဲဖို့နဲ့ သစ်ငုတ်ကို ချန်ထားဖို့ ကောင်းကင်တမန် အမိန့်ပေးတာ သူကြားတယ်။ အပင်ခုတ်လှဲခံရပြီး “ခုနစ်ကာလ” ကြာတဲ့အခါ အဲဒီသစ်ပင်ကြီးဟာ ပြန်ပေါက်လာမှာဖြစ်တယ်။ c ဒီကြိုဟောချက်မှာ ပြည့်စုံချက်နှစ်ခု ရှိတယ်ဆိုတာလည်း ဆွေးနွေးဖြစ်ခဲ့တယ်။ အသေးစားပြည့်စုံချက်အကြောင်း ခင်ဗျား မှတ်မိလား။

ဦးဝေယံ– ဒီကြိုဟောချက်က နေဗုခဒ်နေဇာမှာ ပြည့်စုံခဲ့တယ်မဟုတ်လား။ သူ ခုနစ်နှစ် စိတ်ဖောက်ပြန်သွားတဲ့အကြောင်း ကျွန်တော်တို့ ပြောခဲ့ကြတယ်။

ဦးထွန်းဝင်း– ဟုတ်ပါတယ်၊ နေဗုခဒ်နေဇာဟာ ခဏစိတ်ဖောက်ပြန်သွားတဲ့အတွက် သူ့အုပ်ချုပ်မှုလည်း ခဏပြတ်တောက်သွားတယ်။ ကြိုဟောချက်ရဲ့ အကြီးစားပြည့်စုံချက်ဖြစ်တဲ့ ဘုရားရဲ့အုပ်ချုပ်မှုကလည်း မြေကြီးပေါ်မှာ ခုနစ်ကာလပြတ်တောက်သွားမှာ ဖြစ်တယ်။ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့အတိုင်း ခုနစ်ကာလဟာ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတဲ့ ဘီစီ ၆၀၇ မှာစတင်ခဲ့တယ်။ အဲဒီအချိန်ကစပြီး မြေကြီးပေါ်မှာ ယေဟောဝါဘုရားကို ကိုယ်စားပြုပြီး ဘုရားလူမျိုးကို အုပ်ချုပ်တဲ့ လူသားဘုရင်တွေ မရှိတော့ဘူး။ ဒါပေမဲ့ ခုနစ်ကာလ ကုန်ဆုံးသွားတဲ့အခါ ကောင်းကင်မှာရှိတဲ့ သူတစ်ယောက်ကို ဘုရင်အဖြစ် ဘုရားသခင် ပြန်ခန့်အပ်ပါလိမ့်မယ်။ နောက်တစ်နည်းပြောရရင် ခုနစ်ကာလရဲ့ အဆုံးမှာ ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော် စတင်အုပ်ချုပ်မှာဖြစ်တယ်။ ခုနစ်ကာလ ဘယ်အချိန်မှာ စတယ်ဆိုတာ ကျွန်တော်တို့ သိသွားပြီ။ ဒါဆို ဒီခုနစ်ကာလ ဘယ်လောက်ကြာသလဲဆိုတာ သိမယ်ဆိုရင် ဘုရားရဲ့ နိုင်ငံတော် ဘယ်အချိန်မှာ စတင်အုပ်ချုပ်သလဲဆိုတာကို သိပါလိမ့်မယ်။ ကျွန်တော်ပြောတာတွေကို ပြန်မှတ်မိပြီမဟုတ်လား။

ဦးဝေယံ– အင်း၊ ကျွန်တော် ပြန်မှတ်မိပြီ။

ဦးထွန်းဝင်း– ဒါဆိုရင် ခုနစ်ကာလ ဘယ်လောက်ကြာသလဲဆိုတာကို ဆက်ဆွေးနွေးကြရအောင်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အဓိကအချက်တွေကို ပြန်မှတ်မိနိုင်ဖို့ ကျွန်တော်လည်း ပြန်လေ့လာခဲ့တယ်။ ခင်ဗျားကို အတတ်နိုင်ဆုံး ရှင်းပြပေးချင်တယ်။

ဦးဝေယံ– ကောင်းတာပေါ့။

ခုနစ်ကာလရဲ့အဆုံး​—နောက်ဆုံးသောနေ့ရက်တွေရဲ့အစ

ဦးထွန်းဝင်း– ကြိုဟောချက်ရဲ့ အသေးစားပြည့်စုံချက်က နေဗုခဒ်နေဇာနဲ့ဆိုင်ပြီး ခုနစ်ကာလက ခုနစ်နှစ်ကို ပြောတာဖြစ်တယ်။ ဒါပေမဲ့ ကြိုဟောချက်ရဲ့ အကြီးစားပြည့်စုံချက်က ဘုရားသခင့်နိုင်ငံတော်နဲ့ဆိုင်ပြီး ခုနစ်ကာလက ခုနစ်နှစ်ထက်မက ကြာရှည်တယ်။

ဦးဝေယံ– ဘာလို့ အဲဒီလိုပြောနိုင်တာလဲ။

ဦးထွန်းဝင်း– ဘာလို့လဲဆိုတော့ ခုနစ်ကာလက ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတဲ့ ဘီစီ ၆၀၇ မှာ စတင်ခဲ့တယ်။ အဲဒီနှစ်ကနေစပြီး ရေတွက်မယ်ဆိုရင် ခုနစ်နှစ်က ဘီစီ ၆၀၀ ဖြစ်မယ်။ ဒါပေမဲ့ အဲဒီနှစ်မှာ ဘုရားနိုင်ငံတော်နဲ့ဆိုင်တဲ့ ထူးခြားတဲ့ ဘယ်ဖြစ်ရပ်မှ မဖြစ်ခဲ့ဘူး။ နောက်ပြီး အရင်အပတ်က ဆွေးနွေးခဲ့သလို နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ယေရှု ကမ္ဘာပေါ် ရောက်လာတဲ့အခါမှာလည်း ဒီခုနစ်ကာလက မပြီးဆုံးသေးဘူးလို့ ပြောခဲ့တယ်။

ဦးဝေယံ– ဪ၊ မှတ်မိပြီ။

ဦးထွန်းဝင်း– ဒါကြောင့် ဒီခုနစ်ကာလက ခုနစ်နှစ်ကို ပြောတာမဟုတ်ဘဲ ကြာရှည်တဲ့အချိန်ကာလတစ်ခုကို ဆိုလိုနေတာဖြစ်တယ်။

ဦးဝေယံ– ဒါဆို ဘယ်လောက် ကြာမှာလဲ။

ဦးထွန်းဝင်း– ဒီခုနစ်ကာလရဲ့ ကြာချိန်အတိအကျကို သိနိုင်ဖို့ ဒံယေလကျမ်းနဲ့ ဆက်စပ်မှုရှိတဲ့ ဗျာဒိတ်ကျမ်းက ကူညီပေးတယ်။ အဲဒီကျမ်းမှာ သုံးကာလခွဲက ရက်ပေါင်း ၁,၂၆၀ နဲ့ညီမျှတယ်လို့ ပြောထားတယ်။ d ဒါကြောင့် သုံးကာလခွဲရဲ့ နှစ်ဆဖြစ်တဲ့ ခုနစ်ကာလက ရက်ပေါင်း ၂,၅၂၀ နဲ့ညီမျှတယ်။ ခုထိ ကျွန်တော်ပြောတာတွေကို နားလည်မယ်လို့ ထင်တယ်။

ဦးဝေယံ– အင်း၊ နားတော့နားလည်တယ်။ ဒါပေမဲ့ ၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်နိုင်ငံတော် စတင်အုပ်ချုပ်တာနဲ့ ဘယ်လိုဆက်စပ်နေလို့လဲ။

ဦးထွန်းဝင်း– ကောင်းပြီ၊ ဆက်စပ်မှုကို ကြည့်ရအောင်။ တစ်ခါတလေ ကျမ်းစာကြိုဟောချက်တွေမှာ တစ်ရက်ကို တစ်နှစ်အနေနဲ့ တင်စားဖော်ပြတယ်။ e တစ်ရက်ကို တစ်နှစ်ထားပြီး တွက်မယ်ဆိုရင် ခုနစ်ကာလက နှစ်ပေါင်း ၂,၅၂၀ နဲ့ညီမျှလိမ့်မယ်။ ဘီစီ ၆၀၇ ကနေ စတွက်သွားမယ်ဆိုရင် နှစ်ပေါင်း ၂,၅၂၀ က ၁၉၁၄ ခုနှစ်မှာ ပြည့်သွားပါတယ်။ f ဒါကြောင့် ခုနစ်ကာလရဲ့ အဆုံး၊ ဘုရားသခင့်နိုင်ငံတော်မှာ ဘုရင်အနေနဲ့ ယေရှုအုပ်ချုပ်မှုရဲ့ အစက ၁၉၁၄ ခုနှစ်ပါပဲ။ နောက်ဆုံးသောနေ့ရက်တွေအကြောင်း ကျမ်းစာကြိုပြောထားတဲ့ ဖြစ်ရပ်တွေကလည်း ၁၉၁၄ ခုနှစ်ကနေစပြီး ထူးထူးခြားခြားဖြစ်လာခဲ့တယ်။

ဦးဝေယံ– ဘာဖြစ်ရပ်တွေလဲ။

ဦးထွန်းဝင်း– မဿဲ ၂၄:၇ မှာ ယေရှုပြောခဲ့တဲ့အချက်တွေကို သုံးသပ်ကြည့်ရအောင်။ ကောင်းကင်မှာ သူစပြီးအုပ်ချုပ်တဲ့အခါ “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မည်။ အစာခေါင်းပါးခြင်း၊ ငလျင်လှုပ်ခြင်းတို့သည် တစ်နေရာပြီး တစ်နေရာ၌ ဖြစ်လိမ့်မည်” လို့ ကြိုပြောခဲ့တယ်။ ယေရှုအုပ်ချုပ်ချိန်မှာ အစာခေါင်းပါးခြင်းနဲ့ ငလျင်လှုပ်ခြင်းဖြစ်မယ်လို့ ဖော်ပြထားတယ်။ လွန်ခဲ့တဲ့ရာစုနှစ်တစ်လျှောက်မှာ ဒီအခြေအနေမျိုးတွေ ကမ္ဘာတစ်ဝန်းလုံးမှာ ဖြစ်ခဲ့တယ် မဟုတ်လား။

ဦးဝေယံ– ဖြစ်ခဲ့တာ လူတိုင်းသိပါတယ်။

ဦးထွန်းဝင်း– နောက်ပြီး ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်အနေနဲ့ ယေရှုရောက်ရှိနေချိန်အတွင်း စစ်ဖြစ်မယ်လို့လည်း ဒီကျမ်းချက်မှာပဲ ဆက်ပြောထားတယ်။ နောက်ဆုံးကာလမှာ ဖြစ်မယ့်စစ်က ပြည်တွင်းစစ်လောက်မဟုတ်ဘဲ ကမ္ဘာနဲ့ချီပြီးဖြစ်မယ်လို့ ဗျာဒိတ်ကျမ်းမှာ ကြိုပြောထားတယ်။ g ပထမကမ္ဘာစစ် ဘယ်အချိန်မှာ ဖြစ်ခဲ့သလဲဆိုတာ ခင်ဗျား မှတ်မိလား။

ဦးဝေယံ– ၁၉၁၄ ခုနှစ်မှာ ဖြစ်ခဲ့တယ်မဟုတ်လား။ ယေရှု စပြီးအုပ်ချုပ်တယ်လို့ ခင်ဗျားပြောခဲ့တဲ့နှစ်နဲ့ အတူတူပဲ။ ဒါကို အရင်က သတိမထားမိဘူး။

ဦးထွန်းဝင်း– ခုနစ်ကာလအကြောင်းနဲ့ နောက်ဆုံးကာလအကြောင်း ကြိုဟောချက်တွေကို ဆက်စပ်ကြည့်လိုက်မယ်ဆိုရင် ၁၉၁၄ ခုနှစ်နဲ့ပတ်သက်ပြီး နားလည်နိုင်ပါတယ်။ ယေရှုဟာ ၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်အနေနဲ့ စတင်အုပ်ချုပ်တဲ့အပြင် အဲဒီနှစ်ကစပြီး နောက်ဆုံးသောနေ့ရက်တွေ စတင်တယ်လို့ ယေဟောဝါသက်သေတွေ အခိုင်အမာ ယုံကြည်ကြတယ်။ h

ဦးဝေယံ– ဒီအကြောင်းအရာအားလုံးကို နားလည်နိုင်ဖို့တော့ အချိန်ယူရအုံးမယ်။

ဦးထွန်းဝင်း– ခင်ဗျား ပြောတာကို သဘောပေါက်ပါတယ်။ ကျွန်တော်လည်း အချိန်ယူခဲ့ရပါတယ်။ ကျမ်းစာထဲမှာ ၁၉၁၄ ခုနှစ်အကြောင်း တိတိကျကျ မဖော်ပြထားပေမဲ့ ၁၉၁၄ ခုနှစ်နဲ့ပတ်သက်ပြီး ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်က ကျမ်းစာအပေါ် အခြေခံထားတယ်ဆိုတာ ဒီဆွေးနွေးခန်းကနေ ခင်ဗျား သဘောပေါက်မယ်လို့ ကျွန်တော်ယူဆတယ်။

ဦးဝေယံ– သဘောပေါက်ပါတယ်။ ခင်ဗျား ဘာအကြောင်းပြောပြော ကိုယ့်ထင်မြင်ချက်ကို မပြောဘဲ ကျမ်းစာနဲ့ပဲ ထောက်ပြတဲ့အတွက် ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာက ဘာလို့ရှုပ်ထွေးနေရတာလဲ။ ၁၉၁၄ ခုနှစ်မှာ ယေရှုဟာ ကောင်းကင်မှာ စတင်အုပ်ချုပ်တယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလေး ရေးလိုက်ရင်လည်း ပြီးနေတာပဲ။

ဦးထွန်းဝင်း– အရမ်းကောင်းတဲ့ မေးခွန်းပဲ။ တကယ်တော့ ကျမ်းစာထဲမှာ ရှင်းရှင်းလင်းလင်း မဖော်ပြထားတဲ့ အကြောင်းအရာတွေ အများကြီးရှိသေးတယ်။ အကြောင်းအရာတွေကို နားလည်အောင် ကြိုးစားအားထုတ်ရတဲ့နည်းနဲ့ ကျမ်းစာကို ဘာဖြစ်လို့ရေးထားတာလဲ။ အဲဒီအကြောင်းကို နောက်တစ်ခေါက်မှ ဆွေးနွေးကြရအောင်။

ဦးဝေယံ– ကောင်းပါပြီ။

သင်သိချင်တဲ့ ကျမ်းစာအကြောင်းအရာ တစ်ခုခုများ ရှိပါသလား။ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်တစ်ခုခု ဒါမှမဟုတ် ဘာသာရေးဓလေ့ထုံးစံတစ်ခုခုကို သိချင်ပါသလား။ သိချင်တယ် ဆိုရင် သူတို့နဲ့တွေ့တဲ့အခါ မေးဖို့ မတွန့်ဆုတ်ပါနဲ့။ သူတို့က သင့်ကို ၀မ်းသာအားရ ပြောပြကြပါလိမ့်မယ်။

a ယေဟောဝါသက်သေတွေဟာ ကျမ်းစာလေ့လာချင်တဲ့သူတွေအတွက် အခမဲ့ကျမ်းစာလေ့လာမှု အစီအစဉ်ကို ပြုလုပ်ပေးထားပါတယ်။ ကျမ်းစာအကြောင်းအရာကို ခေါင်းစဉ်အလိုက် လေ့လာတတ်ကြပါတယ်။

c ဒံယေလ ၄:၂၃-၂၅ ကိုဖတ်ပါ။

f “နေဗုခဒ်နေဇာရဲ့ အိပ်မက်ထဲက သစ်ပင်” အကြောင်း ဇယားကွက်ကို ကြည့်ပါ။

g ဗျာဒိတ် ၆:၄ ကိုဖတ်ပါ။

h ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၉ ကိုကြည့်ပါ။