ယေရှုကို တုပပါ

ယေရှုကို တုပပါ

သနားစာနာခြင်း

ယေရှုဟာ ပြည့်ဝစုံလင်သူဖြစ်တာကြောင့် လူသားတွေ ခံစားရတဲ့ ဆင်းရဲဒုက္ခနဲ့စိုးရိမ်ပူပန်မှု အတော်များများကို မခံစားဖူးဘူး။ ဒါပေမဲ့ လူတွေကို သနားပြီး ကိုယ်ချင်းစာပေးတယ်။ သူတို့လိုအပ်တာထက် ပိုလုပ်ပေးချင်စိတ်ရှိတယ်။ သနားစာနာစိတ်က သူတစ်ပါးကိုကူညီပေးဖို့ သူ့ကို လှုံ့ဆော်ပေးတယ်။ အခန်း ၃၂၊ ၃၇၊ ၅၇ နဲ့ ၉၉ မှာပါတဲ့ အဖြစ်အပျက်တွေကို လေ့လာကြည့်ပါ။

ရင်းနှီးရလွယ်ခြင်း

လူကြီးလူငယ်မရွေး အသက်အရွယ်အမျိုးမျိုးရှိသူတွေဟာ ယေရှုနဲ့ရင်းနှီးနိုင်ကြတယ်။ ယေရှုက သိပ်အလုပ်များတဲ့ပုံစံမျိုး ဒါမှမဟုတ် တခြားသူတွေကို အဖက်မလုပ်ဘဲ ခပ်တန်းတန်း နေတာမျိုး မရှိလို့ပဲ။ လူတွေက ယေရှု သူတို့ကို တကယ်စိတ်ဝင်စားမှန်း သိတာမို့ သူ့အနားမှာနေရတာ သက်သောင့်သက်သာရှိကြတယ်။ ဒါကိုသိနိုင်ဖို့ အခန်း ၂၅၊ ၂၇ နဲ့ ၉၅ ကိုလေ့လာကြည့်ပါ။

ဆုတောင်းခြင်း

ယေရှုဟာ သူ့ဖခင်ဆီ ထက်ထက်သန်သန်၊ မှန်မှန် ဆုတောင်းတယ်။ တစ်ယောက်တည်း ဆုတောင်းတဲ့အခါ ရှိသလို တခြားသူတွေနဲ့အတူ ဆုတောင်းတဲ့အခါလည်း ရှိတယ်။ အစာစားချိန်မှာပဲ ဆုတောင်းတာ မဟုတ်ဘူး။ တခြားအချိန်တွေမှာလည်း ဆုတောင်းတယ်။ သူ့ဖခင်ကို ကျေးဇူးတင်ချီးမွမ်းဖို့၊ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ မချခင်မှာ လမ်းညွှန်ချက်ရဖို့ ဆုတောင်းလေ့ရှိတယ်။ အခန်း ၂၄၊ ၃၄၊ ၉၁၊ ၁၂၂ နဲ့ ၁၂၃ မှာပါတဲ့ ဖြစ်ရပ်တွေကို သုံးသပ်ကြည့်ပါ။

တစ်ကိုယ်ကောင်းမဆန်ခြင်း

ယေရှုက အေးအေးဆေးဆေး အနားယူရမယ့် အချိန်တွေမှာတောင် ကိုယ့်အတွက်ပဲ မကြည့်ဘူး။ တခြားသူတွေအကျိုးကို ဦးစားပေးတယ်။ ငါသာ အရေးကြီးဆုံးဆိုတဲ့ စိတ်ထားမျိုး မရှိဘူး။ ဒီကိစ္စမှာလည်း ကျွန်တော်တို့ အနီးကပ်လိုက်လျှောက်နိုင်ဖို့ စံနမူနာချမှတ်ခဲ့တယ်။ အဲဒီအကြောင်းကို အခန်း ၁၉၊ ၄၁ နဲ့ ၅၂ မှာ လေ့လာကြည့်ပါ။

ခွင့်လွှတ်ခြင်း

ယေရှုက ခွင့်လွှတ်ရမယ်ဆိုပြီး သင်ပေးရုံလောက်ပဲ မဟုတ်ဘူး။ တပည့်တွေ၊ တခြားသူတွေနဲ့ ဆက်ဆံရာမှာ ခွင့်လွှတ်မှုပြခဲ့တယ်။ သူ့ပုံသက်သေကို အခန်း ၂၆၊ ၄၀၊ ၆၄၊ ၈၅ နဲ့ ၁၃၁ မှာဖတ်ပြီး တွေးတောဆင်ခြင်ပါ။

ဇွဲထက်သန်ခြင်း

ဂျူးအများစုဟာ မေရှိယကို ငြင်းပယ်မယ်၊ ရန်သူတွေက သူ့ကိုသတ်ပစ်မယ်ဆိုတာ ကြိုပြောထားပြီးသားပဲ။ ဒါကြောင့် အဲလိုလူတွေအတွက် အမှုဆောင်တဲ့အခါ ယေရှုအနေနဲ့ ကိုယ့်ကိုယ်ကိုယ်သက်ညှာပြီး လုပ်လို့ရပေမဲ့ မလုပ်ခဲ့ဘူး။ စစ်မှန်တဲ့ဝတ်ပြုရေးကို မြှင့်တင်ပေးဖို့ ဇွဲထက်ထက်သန်သန် လုပ်ဆောင်ခဲ့တယ်။ နောက်လိုက်အားလုံးလည်း လျစ်လျူရှုတာတွေ၊ အတိုက်အခံတွေ ကြုံရတဲ့အခါ ထပ်တူဇွဲထက်သန်မှုပြဖို့ ယေရှု ပုံသက်သေချမှတ်ပေးခဲ့တယ်။ အခန်း ၁၆၊ ၇၂ နဲ့ ၁၀၃ တို့ကို လေ့လာကြည့်ပါ။

နှိမ့်ချခြင်း

အသိပညာ၊ ဉာဏ်ပညာသာမက အဘက်ဘက်မှာ ယေရှုဟာ မစုံလင်တဲ့လူသားတွေထက် အများကြီးသာလွန်တယ်။ ပြည့်ဝစုံလင်သူဖြစ်တာကြောင့် သူ့ဝန်းကျင်မှာရှိသူတွေထက် ကာယစွမ်းရည်၊ ဉာဏစွမ်းရည် မြင့်မားတယ်။ ဒါပေမဲ့ နှိမ့်ချစွာနဲ့ သူတစ်ပါးအစေကိုခံခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး အခန်း ၁၀၊ ၆၂၊ ၆၆၊ ၉၄ နဲ့ ၁၁၆ မှာ တွေ့နိုင်ပါတယ်။

စိတ်ရှည်ခြင်း

ယေရှုက တမန်တော်တွေနဲ့ တခြားသူတွေ သူ့ပုံသက်သေ ကို အတုယူဖို့ ပျက်ကွက်တဲ့အခါ၊ သူပြောတဲ့အတိုင်း မလုပ်တဲ့အခါ အမြဲစိတ်ရှည်မှုပြခဲ့တယ်။ ယေဟောဝါဘုရားနဲ့ သူတို့ရင်းနှီးလာအောင် လိုအပ်တဲ့အချက်တွေကို စိတ်ရှည်ရှည်နဲ့ ထပ်ခါထပ်ခါ သင်ပေးခဲ့တယ်။ ယေရှုရဲ့စိတ်ရှည်မှုအကြောင်းကို အခန်း ၇၄၊ ၉၈၊ ၁၁၈ နဲ့ ၁၃၅ မှာ လေ့လာကြည့်ပါ။