သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
တခြားသူတွေကို ကူညီပေးနိုင်ပြီ
ဟူလ်ရို ခေါရို ပြောပြတယ်
မွေးဖွားတဲ့နှစ်– ၁၉၈၁
နေရင်းနိုင်ငံ– ဂွါတီမာလာ
ဘဝနောက်ခံ– အဖြစ်ဆိုးခဲ့တဲ့ ကလေးဘဝ
အတိတ်–
ဂွါတီမာလာနိုင်ငံ အနောက်ပိုင်းတောင်တန်းဒေသက ဝေးခေါင်တဲ့ အာခူလ်မြို့မှာ ကျွန်တော့်ကိုမွေးတယ်။ ကျွန်တော့်မိသားစုဟာ မာရာလူမျိုးကဆင်းသက်လာတဲ့ အိုက်စီလ်အနွယ်ဖြစ်တယ်။ ကိုယ့်လူမျိုးစကားအပြင် စပိန်စကားကိုလည်း ကျွန်တော် ပြောတတ်တယ်။ ဂွါတီမာလာနိုင်ငံမှာ ၃၆ နှစ်ကြာဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ကို ကလေးဘဝမှာ ကြုံခဲ့ရတယ်။ အဲဒီတုန်းက အိုက်စီလ်လူတွေ အများကြီး သေဆုံးခဲ့တယ်။
ကျွန်တော် လေးနှစ်အရွယ်မှာ ခုနစ်နှစ်အရွယ်အကို ကစားနေတဲ့ လက်ပစ်ဗုံးတစ်လုံးက မတော်တဆ ပေါက်ကွဲသွားတယ်။ ဒါကြောင့် ကျွန်တော် မျက်စိကွယ်သွားပြီး အကိုက သေသွားရှာတယ်။ အဲဒီနောက်၊ ဂွါတီမာလာမြို့က မျက်မမြင်ကျောင်းမှာ ကျွန်တော်နေပြီး မျက်မမြင်စာကို သင်ယူခဲ့တယ်။ ဆရာဆရာမတွေက ကျွန်တော့်ကို တခြားကလေးတွေနဲ့ စကားမပြောခိုင်းဘူး။ သူတို့ကလည်း ကျွန်တော့်ကို အခေါ်အပြောမလုပ်ကြဘူး။ ဘာကြောင့် အဲဒီလိုလုပ်ရတာလဲဆိုတာ နားမလည်ဘူး။ ဒါနဲ့ အမြဲတမ်းအထီးကျန်နေပြီး ကျောင်းပိတ်ရက်နှစ်လကို စောင့်မျှော်ခဲ့တယ်။ ဒါမှ ကျွန်တော့်ကိုချစ်ပြီး ကရုဏာပြတဲ့ အမေ့ဆီသွားနိုင်မှာ။ ဒါပေမဲ့ ကျွန်တော် ၁၀ နှစ်အရွယ်မှာ အမေဆုံးသွားတယ်။ ကမ္ဘာပေါ်မှာ ကျွန်တော့်ကိုချစ်တဲ့ တစ်ဦးတည်းသောအမေကို ဆုံးရှုံးလိုက်ရလို့ ဖြေမဆည်နိုင်အောင် ဝမ်းနည်းကြေကွဲခဲ့ရတယ်။
ကျွန်တော့်အသက် ၁၁ နှစ်မှာ ဇာတိမြို့ကိုပြန်လာပြီး အဖေတူအမေကွဲအကိုရဲ့ မိသားစုနဲ့ နေထိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့စားဝတ်နေရေးအတွက် သူတို့ထောက်ပံ့ပေမဲ့ စိတ်ပိုင်းဆိုင်ရာကို မဖြည့်ဆည်းပေးနိုင်ဘူး။ တစ်ခါတလေ အော်ငိုပြီး ဘုရားသခင်ကို ဒီလိုပြောခဲ့တယ်– “ဘာကြောင့် အမေသေသွားရတာလဲ၊ ဘာကြောင့် ကျွန်တော် မျက်ကန်းဘဝရောက်ရတာလဲ။” ကျွန်တော် ဒီလိုအဖြစ်ဆိုးကြုံရတာ ဘုရားအလိုတော်ကြောင့်လို့ လူတွေပြောကြတယ်။ ဒီလိုဆို ဘုရားသခင်က သနားစာနာမှုမရှိဘူး၊ မတရားဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော် မျက်စိကွယ်နေလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးမစီရင်နိုင်ခဲ့တာ။
မျက်မမြင်ဖြစ်သွားတဲ့အချိန်ကနေစပြီး ကာယရော၊ စိတ်ပိုင်းပါ အားနည်းလာတယ်။ ကလေးဘဝမှာ လိင်ဆိုင်ရာမတော်မတရား ပြုကျင့်ခဲ့ရတာ ခဏခဏပါပဲ။ အဲဒီလိုပြုကျင့်ခံရတဲ့အချိန်မှာ ကျွန်တော်တိုင်ပြောခဲ့တာလည်း မရှိဘူး။ တိုင်ပြောရင်လည်း ဘယ်သူမှ အရေးတယူ လုပ်ဆောင်ပေးမှာလည်း မဟုတ်ဘူး။ လူတွေက ကျွန်တော့်ကို စကားသိပ်မပြောတဲ့အတွက် ကိုယ်ဘာသာကိုယ်ပဲ နေခဲ့တယ်။ ဒီလိုနဲ့ အထီးကျန်ပြီး စိတ်ကျဝေဒနာဖြစ်လာတယ်။ ဘယ်သူ့ကိုမှလည်း အယုံအကြည်မရှိတော့ဘူး။
သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ–
ကျွန်တော့်အသက် ၁၃ နှစ်မှာ ယေဟောဝါသက်သေဇနီးမောင်နှံက ကျွန်တော့်ဆီကို ကျောင်းမုန့်စားဆင်းချိန်မှာ ရောက်လာတယ်။ ကျွန်တော့်ကို သနားတဲ့ဆရာမတစ်ယောက်က သူတို့ကို ကျွန်တော်နဲ့စကားပြောခိုင်းတယ်။ ဒါနဲ့ သူတို့က သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်၊ မျက်မမြင်တွေ ပြန်မြင်လာမယ်ဆိုတဲ့ ဘုရားပေးကတိကို ပြောပြတယ်။ (ဟေရှာယ ၃၅:၅; ယောဟန် ၅:၂၈၊ ၂၉) သူတို့ပြောပြတာတွေကို ကြိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က လူတွေနဲ့ အရောတဝင်မရှိတော့ သူတို့နဲ့ ဘယ်လိုစကားပြောရမှန်း မသိဘူး။ အဲဒီလိုဖြစ်နေတာတောင် သူတို့က မလျှော့သောဇွဲနဲ့ ကျွန်တော့်ဆီလာပြီး ကျမ်းစာအကြောင်းတွေပြောပြတယ်။ ကျွန်တော့်ဆီလာဖို့ တောင်တန်းတွေဖြတ်ပြီး ၆ မိုင်ကျော် သူတို့ လမ်းလျှောက်လာခဲ့ရတယ်။
သူတို့ဟာ သပ်သပ်ရပ်ရပ်ဝတ်စားထားပေမဲ့ ချမ်းသာတဲ့သူမဟုတ်ဘူးလို့ အဖေတူအမေကွဲအကိုက ကျွန်တော့်ကို ပြောပြတယ်။ ဒါတောင် သူတို့က လက်ဆောင်လေးတွေယူလာပြီး ကျွန်တော့်ကို ဂရုစိုက်ပေးတယ်။ ခရစ်ယာန်စစ်တွေပဲ ကိုယ့်ကျိုးစွန့်စိတ်ဓာတ်ရှိမှာပါ။
ကျွန်တော်က ကျမ်းစာကို မျက်မမြင်စာပေတွေနဲ့ လေ့လာခဲ့တယ်။ သိရှိခဲ့တာတွေကိုတော့ နားလည်ပေမဲ့ တချို့အချက်တွေကိုတော့ လက်ခံဖို့ခက်နေတယ်။ ဥပမာ၊ ကျွန်တော့်ကို ဘုရားသခင်ချစ်ပြီး ဂရုစိုက်တယ်၊ ကျွန်တော့်အပေါ်ထားတဲ့ ဘုရားသခင်ရဲ့ခံစားချက်တွေကို တခြားသူတွေပြောပြနိုင်တယ်ဆိုတာတွေကို လက်ခံလို့မရဘူး။ ယေဟောဝါဘုရားက ဆိုးသွမ်းမှုကို ခဏတာခွင့်ပြုထားတယ်ဆိုတာကိုတော့ သဘောပေါက်တယ်။ ဒါပေမဲ့ အဲဒီအချိန်က ဘုရားသခင်ကို မေတ္တာရှင်အဖေတစ်ယောက်အဖြစ် ခံယူလို့မရဘူး။ *
သမ္မာကျမ်းစာကနေ သိရှိရတဲ့အချက်တွေကြောင့် ကျွန်တော့်ရှုမြင်ချက်တွေလည်း တဖြည်းဖြည်းပြောင်းလဲလာတယ်။ ဥပမာ၊ ဆင်းရဲဝေဒနာခံစားနေသူတွေကို ဘုရားသခင် အရမ်းသနားတယ်ဆိုတာ ကျွန်တော် သိလာပါပြီ။ မိမိရဲ့ကျေးကျွန်တွေ မတရားဆက်ဆံခံရတာနဲ့ပတ်သက်ပြီး ကိုယ်တော်က ‘ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ နာကျင်ခြင်းဝေဒနာကို ငါသိ၏’ လို့ ပြောခဲ့တယ်။ (ထွက်မြောက်ရာ ၃:၇) သနားကြင်နာတတ်တဲ့ ယေဟောဝါဘုရားရဲ့ အရည်အသွေးတွေကို လေးမြတ်လာတဲ့အခါ ကိုယ်တော့်ဆီ ဆက်ကပ်အပ်နှံချင်လာတယ်။ ၁၉၉၈ ခုနစ်မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံလိုက်တယ်။
နှစ်ခြင်းခံပြီး တစ်နှစ်လောက်မှာ အက်စ်ကွင်လာမြို့နားက မျက်မမြင်သင်တန်းကို ကျွန်တော်တက်ခဲ့တယ်။ ကျွန်တော့်အိမ်ကနေ ဝတ်ပြုစည်းဝေးသွားတက်ရတဲ့ အခက်အခဲကို အကြီးအကဲတစ်ယောက် သိသွားတယ်။ ကျွန်တော့်ကို ကျမ်းစာသင်ပေးတဲ့ သက်သေခံဇနီးမောင်နှံ ဖြတ်လျှောက်ခဲ့ရတဲ့ တောင်တန်းတစ်ဖက်မှာပဲ အနီးဆုံးအသင်းတော်ရှိတာကြောင့် ကျွန်တော် စည်းဝေးတက်ဖို့ မလွယ်ဘူး။ ကျွန်တော့်ကိုကူညီပေးဖို့ အက်စ်ကွင်လာမြို့က သက်သေခံမိသားစုတစ်စုကို အကြီးအကဲတောင်းဆိုခဲ့တယ်။ ဒါနဲ့ ကျွန်တော့်ကို သူတို့အိမ်ခေါ်သွားပြီး စည်းဝေးတွေတက်နိုင်အောင် ကူညီပေးတယ်။ ဒီနေ့ထက်ထိ ကျွန်တော့်ကို မိသားစုဝင်တစ်ဦးလို စောင့်ရှောက်ပေးတယ်။
ကျွန်တော့်ကို မေတ္တာပြတဲ့ ညီအစ်ကိုညီအစ်မတွေရဲ့အကြောင်း ပြောပြရင် ကုန်နိုင်မှာမဟုတ်ဘူး။ အချုပ်ပြောရရင် သူတို့ကြောင့် ကျွန်တော်ဟာ ယေဟောဝါသက်သေအနေနဲ့ ခရစ်ယာန်စစ်တွေအလယ်မှာရှိနေတယ်ဆိုတာ စိတ်ချသွားပြီ။—ယောဟန် ၁၃:၃၄၊ ၃၅။
အကျိုးကျေးဇူးရရှိခဲ့ပုံ–
အခုဆိုရင် ကျွန်တော်ဟာ တန်ဖိုးရှိလာတဲ့အပြင် မျှော်လင့်ချက်လည်းရှိလာပြီး အသက်ရှင်ရတာလည်း ပျော်လာပြီ။ ယေဟောဝါသက်သေတွေရဲ့ ပညာပေးလုပ်ငန်းမှာ အပြည့်အဝအမှုဆောင်နေပြီ။ ဒါကြောင့် ကိုယ့်ရဲ့မျက်မမြင်ဘဝကို မေ့သွားပြီး တခြားသူတွေကို တန်ဖိုးရှိတဲ့ကျမ်းစာအမှန်တရား သင်ပေးဖို့ အာရုံစိုက်လာပြီ။ ဒါ့အပြင် အသင်းတော်မှာ အကြီးအကဲအဖြစ် အမှုဆောင်ဖို့၊ ကျမ်းစာဟောပြောချက်တွေပေးဖို့ အခွင့်ထူးရရှိထားတယ်။ လူထောင်ပေါင်းများစွာတက်ရောက်တဲ့ ခရိုင်စည်းဝေးမှာတောင် ကျမ်းစာအခြေပြုဟောပြောချက်တွေပေးခွင့် ရရှိခဲ့တယ်။
၂၀၁၀ ပြည့်နှစ်၊ အယ်လ်ဆာဗေးဒေါနိုင်ငံမှာ ဖွင့်ထားတဲ့ ဓမ္မအမှုသင်တန်းကျောင်း (အခုအခေါ် သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း) ကို တက်ရောက်ခွင့်ရတယ်။ အဲဒီကျောင်းက လေ့ကျင့်ပေးမှုကြောင့် အသင်းတော်တာဝန်တွေကို ကျေပွန်အောင် ကျွန်တော် ထမ်းဆောင်နိုင်ခဲ့တယ်။ ဒါ့အပြင် အမှုတော်ဆောင်နိုင်အောင် ကူညီပေးတဲ့ ယေဟောဝါဘုရားက ကျွန်တော့်ကို အလွန်တန်ဖိုးထားပြီး ချစ်မြတ်နိုးတယ်ဆိုတာ ခံစားလာရပြီ။
“ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်” လို့ ယေရှုပြောခဲ့တယ်။ (တမန်တော် ၂၀:၃၅) ကျွန်တော်ဟာ ပျော်ရွှင်နေတဲ့သူဖြစ်ပြီလို့ ဒီနေ့ ပြောနိုင်ပါပြီ။ တခြားသူတွေကိုကူညီပေးနိုင်မယ်လို့ အရင်တုန်းက မစဉ်းစားခဲ့ဖူးပေမဲ့ အခုတော့ ကူညီပေးနိုင်ပါပြီ။
^ စာပိုဒ်၊ 13 ဆိုးသွမ်းမှုတွေကို ဘုရားသခင်ခွင့်ပြုရတဲ့အကြောင်းရင်း ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေထားတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၁၁ ကိုဖတ်ပါ။
ကင်းမျှော်စင်