ယေဟောဝါသက်သေများရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အချက်အလက် ကာကွယ်ခြင်း မူဝါဒ
ယေဟောဝါသက်သေများရဲ့ အဖွဲ့အစည်းက တစ်ဦးစီရဲ့ ကိုယ်ရေးလုံခြုံမှုနဲ့ ကိုယ်ရေးအချက်အလက် ကာကွယ်ပိုင်ခွင့်ကို လေးစားပါတယ်။ အဖွဲ့အစည်းအနေနဲ့ ရိုးသားပွင့်လင်းတဲ့ ဆက်သွယ်မှု လိုအပ်ကြောင်း၊ ယေဟောဝါသက်သေတစ်ဦးချင်းရဲ့ လိုအပ်ချက်တွေကို စီမံဆောင်ရွက်ဖို့နဲ့ ကျွန်တော်တို့ရဲ့ ဘာသာရေးလုပ်ငန်းနဲ့ လူသားချင်းစာနာမှုလုပ်ငန်းကို ဆောင်ရွက်ဖို့ ကိုယ်ရေးအချက်အလက်တွေ၊ အရေးကြီး ကိုယ်ရေးအချက်အလက်တွေ စုဆောင်းသိမ်းဆည်းမှုလည်း လိုအပ်ကြောင်း အသိအမှတ်ပြုသလို အတွင်းရေးကိစ္စတွေကို ထိန်းသိမ်းဖို့၊ အချက်အလက်တွေကို ကောင်းမွန်စွာ ကာကွယ်ဖို့ လိုအပ်ကြောင်းလည်း အသိအမှတ်ပြုပါတယ်။ (ပညာအလိမ္မာ ၁၅:၂၂။ ၂၅:၉) အတွင်းရေးကိစ္စကို ကျွန်တော်တို့ အလွန်အလေးအနက်ထားပါတယ်။—ပညာအလိမ္မာ ၂၀:၁၉။
နိုင်ငံအသီးသီးမှာ တစ်ဦးချင်းစီရဲ့ ကိုယ်ရေးလုံခြုံပိုင်ခွင့်ကို သေချာစေဖို့ အချက်အလက် ကာကွယ်ပေးတဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားကြတယ်။ ဒီလိုအချက်အလက် ကာကွယ်ပေးတဲ့ ဥပဒေတွေ မပြဋ္ဌာန်းခင်ကတည်းက ဌာနခွဲရုံးတွေ အပါအဝင် ကျွန်တော်တို့ရဲ့ ဘာသာရေး အဖွဲ့အစည်းဟာ ကိုယ်ရေးလုံခြုံမှုကို လေးစားတဲ့၊ အတွင်းရေးကိစ္စကို ထိန်းသိမ်းတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အဖွဲ့အစည်းအနေနဲ့ အစဉ်အလာအတိုင်း သတင်းအချက်အလက်တွေကို ဆက်လက်ကာကွယ်ပေးသွားပါမယ်။
အချက်အလက် ကာကွယ်ခြင်း စည်းမျဉ်းများ။ ဒီဘာသာရေး အဖွဲ့အစည်းအနေနဲ့ ကိုယ်ရေးအချက်အလက် အားလုံးကို အောက်ပါစည်းမျဉ်းများအတိုင်း ကိုင်တွယ်ဆောင်ရွက်ပါတယ်-
၁။ ကိုယ်ရေးအချက်အလက်များကို တရားဥပဒေနဲ့အညီ မျှမျှတတ စီမံဆောင်ရွက်ပါမယ်။
၂။ ဒီဘာသာရေးအဖွဲ့အစည်းရဲ့ ဘာသာရေးလုပ်ငန်းနဲ့ လူသားချင်းစာနာမှုလုပ်ငန်းတို့ ဆောင်ရွက်ဖို့ပဲ ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းကာ စီမံဆောင်ရွက်၊ အသုံးပြုသွားပါမယ်။
၃။ ကိုယ်ရေးအချက်အလက်တွေဟာ တိကျမှန်ကန်ပြီး နောက်ဆုံး အချက်အလက်နဲ့အညီ ဖြစ်နေရပါမယ်။ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ဒီဘာသာရေးအဖွဲ့အစည်းက သတိပြုမိတာနဲ့ အမြန်ဆုံး ပြင်ဆင်သွားပါမယ်။
၄။ ဒီဘာသာရေး အဖွဲ့အစည်းရဲ့ ခိုင်လုံတဲ့အကြောင်းရင်းတွေအတွက် လိုအပ်သရွေ့သာ ကိုယ်ရေးအချက်အလက်တွေကို သိမ်းဆည်းသွားပါမယ်။
၅။ ကိုယ်ရေးအချက်အလက်ပိုင်ရှင်ရဲ့ အခွင့်အရေးကို လေးစားရာမှာ မျှမျှတတ သုံးသပ်ပါမယ်။
၆။ သင့်တော်တဲ့နည်းပညာ၊ အဖွဲ့အစည်းဆိုင်ရာ စီမံချက်တွေနဲ့ ကိုယ်ရေးအချက်လက်ကို ခွင့်ပြုချက်မဲ့ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ပေါက်ကြားမှု မရှိအောင် ကာကွယ်သွားပါမယ်။ ကွန်ပျူတာမှာရှိတဲ့ ကိုယ်ရေးအချက်အလက်အားလုံးကို စကားဝှက်နဲ့ ကာကွယ်ထားတဲ့ကွန်ပျူတာတွေမှာ သိမ်းထားပါတယ်။ ကွန်ပျူတာ အသုံးပြုခွင့်ရှိသူတွေကပဲ စကားဝှက်တွေကို ထိန်းသိမ်းထားပါတယ်။ ရုံးခန်းတွေကိုလည်း အလုပ်ချိန်ပြင်ပမှာ တံခါးသော့ ခတ်ထားပြီး ခွင့်ပြုချက်ရထားသူပဲ ဝင်နိုင်ပါတယ်။
၇။ ဒီဘာသာရေးအဖွဲ့အစည်းရဲ့ ဘာသာရေးလုပ်ငန်း ဒါမှမဟုတ် လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်မှုအတွက်ကလွဲပြီး ကိုယ်ရေးအချက်အလက်တွေကို ဌာနခွဲရုံး အချင်းချင်း လွှဲပြောင်းပေးတာမျိုး မလုပ်ဆောင်ပါ။ ဒီလိုမလုပ်ဖို့ သဘောတူညီထားခြင်းက ယေဟောဝါသက်သေအားလုံး မိမိတို့သဘောဆန္ဒအလျောက် ယေဟောဝါသက်သေအဖြစ် ဆုံးဖြတ်သတ်မှတ်ခြင်းကြောင့် ဖြစ်တယ်။
ကြေညာသူ ဖြစ်လာတဲ့အခါ ယေဟောဝါသက်သေတိုင်း ရရှိတဲ့ ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း စာအုပ်မှာ ဖော်ပြထားတဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း အချက်အလက် ကာကွယ်ခြင်း စည်းမျဉ်းတွေနဲ့အညီ အသုံးပြုပါတယ်။ ထပ်သိချင်ရင် ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း စာအုပ်မှာ ကြည့်ပါ။
ကိုယ်ရေးအချက်အလက်တွေ၊ အရေးကြီး ကိုယ်ရေးအချက်အလက်တွေ ကာကွယ်ပိုင်ခွင့်နဲ့ ပြင်ဆင်၊ ပယ်ဖျက်ပိုင်ခွင့်ကို ကိုယ်ရေးအချက်အလက် အသုံးပြုခြင်းနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ မူဝါဒ၊ သင့်လုပ်ပိုင်ခွင့် ခေါင်းစဉ်ငယ်အောက်မှာ ဖော်ပြထားတဲ့အချက်နဲ့အညီ ယေဟောဝါသက်သေများ စီမံဆောင်ရွက်ကြပါတယ်။
အထက်ပါ ယေဟောဝါသက်သေများရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အချက်အလက် ကာကွယ်ခြင်း မူဝါဒကို အခြေခံပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကိုင်တွယ်ပါတယ်။