သင်ခန်းစာ ၆၄
ခြင်္သေ့တွင်းထဲက ဒံယေလ
ဗာဗုလုန်ဘုရင် နောက်တစ်ယောက်က မီးဒီးယားလူမျိုး ဒါရိပဲ။ ဒံယေလဟာ ထူးခြားတဲ့သူဖြစ်မှန်း ဒါရိသိလို့ သူ့ကို တိုင်းပြည်က မင်းအရာရှိတွေကို အုပ်ချုပ်စေတယ်။ ဒီမင်းအရာရှိတွေက ဒံယေလကို မနာလိုဖြစ်ပြီး သတ်ပစ်ချင်ကြတယ်။ ဒံယေလဟာ ယေဟောဝါကို တစ်နေ့သုံးကြိမ် မှန်မှန်ဆုတောင်းမှန်း သူတို့သိလို့ ‘ဒါရိမင်းကြီး၊ မင်းကြီးကလွဲလို့ တခြားသူကို ဆုတောင်းသူတိုင်း ခြင်္သေ့တွင်းထဲ ပစ်ချစေဆိုတဲ့ အမိန့်စာ ထုတ်ပြန်လိုက်ပါ’ လို့ အကြံပေးတာကို ဒါရိမင်း သဘောကျတဲ့အတွက် အမိန့်စာကို လက်မှတ်ရေးထိုးလိုက်တယ်။
အမိန့်စာအသစ် ထွက်တဲ့အကြောင်း ဒံယေလကြားပေမဲ့ သူ့အိမ်ကို ပြန်သွားတယ်။ ပွင့်နေတဲ့ ပြတင်းပေါက်ရှေ့မှာ ဒူးထောက်ပြီး ယေဟောဝါကို ဆုတောင်းတယ်။ မနာလိုတဲ့ မင်းအရာရှိတွေက သူ့အိမ်ထဲ ဗြုန်းခနဲဝင်လာတော့ သူ ဆုတောင်းနေတာကို တွေ့ကြတယ်။ ဒါနဲ့ ဒါရိဆီ ပြေးသွားပြီး ‘ဒံယေလဆိုတဲ့လူဟာ မင်းကြီးအမိန့်ကို မနာခံဘဲ သူ့ဘုရားကို တစ်နေ့သုံးကြိမ် နေ့တိုင်း ဆုတောင်းနေပါတယ်’ လို့တိုင်တယ်။ ဒါရိက ဒံယေလကို သဘောကျတဲ့အတွက် သူ့ကို မသေစေချင်ဘူး။ သူ့ကို ဘယ်လိုကယ်နိုင်မလဲလို့ တစ်နေကုန် စဉ်းစားနေတယ်။ ဒါပေမဲ့ သူလက်မှတ်ထိုးထားတဲ့ အမိန့်စာကို သူကိုယ်တိုင်တောင် ပြန်ပြင်လို့မရဘူး။ ဒါနဲ့ ခြင်္သေ့တွင်းထဲ ဒံယေလကို ပစ်ချဖို့ အမိန့်ပေးလိုက်ရတယ်။
အဲဒီညမှာ ဒံယေလအတွက် ဒါရိ စိတ်ပူလွန်းလို့ အိပ်မရဘူး။
မနက်မိုးလင်းတော့ ခြင်္သေ့တွင်းဆီ အမြန်ဆုံးပြေးသွားပြီး တွင်းဝကနေ ဒံယေလကို ‘မင်းရဲ့ဘုရားက မင်းကိုကယ်ရဲ့လား’ လို့မေးလိုက်တယ်။အဲဒီအခါ ဒါရိ အသံတစ်သံ ပြန်ကြားလိုက်တယ်။ ဒံယေလရဲ့ အသံပေါ့။ သူက ဒါရိကို ‘ယေဟောဝါရဲ့ ကောင်းကင်တမန်က ခြင်္သေ့တွေရဲ့ ပါးစပ်ကို ပိတ်ထားတဲ့အတွက် ကျွန်တော့်ကို အန္တရာယ်မပြုပါဘူး’ လို့ဖြေတယ်။ ဒါရိ ပျော်လိုက်မယ် ဖြစ်ခြင်း။ ဒါနဲ့ တွင်းထဲကနေ ဒံယေလကို ဆွဲတင်ဖို့ အမိန့်ပေးလိုက်တယ်။ ဒံယေလမှာ ထိခိုက်ဒဏ်ရာ တစ်ခုမှ မရှိဘူး။ အဲဒီနောက် မင်းကြီးက ‘ဒံယေလကို စွပ်စွဲသူတွေကို ခြင်္သေ့တွင်းထဲ ပစ်ချလိုက်’ လို့ အမိန့်ပေးတယ်။ အဲဒီလူတွေကို တွင်းထဲပစ်ချလိုက်တာနဲ့ ခြင်္သေ့အစာ ဖြစ်သွားကြတယ်။
အဲဒီနောက် ဒါရိက ‘လူအားလုံး ဒံယေလကိုးကွယ်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြစေ။ အဲဒီဘုရားက ဒံယေလကို ခြင်္သေ့တွေရဲ့ ရန်ကနေ ကယ်တင်လိုက်ပြီ’ ဆိုတဲ့အမိန့်ကို ထုတ်ပြန်လိုက်တယ်။
သင်ကော၊ ဒံယေလလို ယေဟောဝါကို နေ့တိုင်း ဆုတောင်းသလား။
“ယေဟောဝါက ဘုရားတရားကိုင်းရှိုင်းသူတွေကို ဒုက္ခတွေကြားကနေ ဘယ်လိုကယ်ရမလဲဆိုတာ သိတယ်။”—၂ ပေတရု ၂:၉