သင်ခန်းစာ ၆၆
ဘုရားသခင့်ပညတ်တွေကို ဧဇရ သင်ပေး
အစ္စရေးလူအများစု ဂျေရုဆလင်မြို့ကို ပြန်သွားတာ အနှစ် ၇၀ ကြာနေပြီ။ ဒါပေမဲ့ တချို့ကတော့ ပါးရှားအင်ပါယာ နယ်မြေတချို့မှာ နေကြတုန်းပဲ။ သူတို့ထဲက တစ်ယောက်က ယေဟောဝါရဲ့ ပညတ်တွေကို သင်ပေးတဲ့ ပုရောဟိတ် ဧဇရပဲ။ ဂျေရုဆလင်မြို့က လူတွေဟာ ဘုရားပညတ်ကို မလိုက်နာကြမှန်း ဧဇရသိသွားတဲ့အခါ ပြန်သွားပြီး ကူညီပေးချင်တယ်။ ဒါနဲ့ ပါးရှားဘုရင် အာတဇေရဇ်က ‘ဘုရားက မင်းကို ဉာဏ်ပညာပေးလို့ ကိုယ်တော့်ပညတ်ကို မင်းသွန်သင်ပေးနိုင်တာ။ သွားပါ၊ လိုက်ချင်တဲ့သူတွေကိုလည်း ခေါ်သွားပါ’ လို့ခွင့်ပေးတယ်။ ဧဇရလည်း ဂျေရုဆလင်မြို့ကို ပြန်ချင်သူတွေနဲ့ တွေ့ဆုံတယ်။ ခရီးတစ်လျှောက် အန္တရာယ်ကင်းဖို့ ဆုတောင်းပြီး ထွက်လာကြတယ်။
လေးလကြာပြီးနောက် ဂျေရုဆလင်မြို့ကို ရောက်သွားတယ်။ ဂျူးခေါင်းဆောင်တွေဟာ ဧဇရဆီလာပြီး ‘အစ္စရေးတွေဟာ ဘုရားစကား နားမထောင်ဘူး။ မှားယွင်းတဲ့ဘုရားတွေကို ဝတ်ပြုတဲ့ မိန်းမတွေနဲ့ လက်ထပ်ကြတယ်’ လို့ပြောတယ်။ ဒါနဲ့ ဧဇရ ဘာလုပ်သလဲ။ လူတွေရှေ့မှာ ဒူးထောက်ပြီး ဒီလိုဆုတောင်းတယ်– ‘ယေဟောဝါဘုရား၊ ကျွန်တော်တို့အတွက် ကိုယ်တော်အများကြီး လုပ်ပေးပေမဲ့ ကျွန်တော်တို့ကတော့ ကိုယ်တော့်ကို ပြစ်မှားကြပါပြီ။’ လူတွေဟာ နောင်တရပေမဲ့ မှန်တာကို မလုပ်ကြသေးဘူး။ ဧဇရဟာ အကြီးအကဲတွေ၊ တရားသူကြီးတွေကို ရွေးချယ်ပြီး အဲဒီကိစ္စကို စုံစမ်းခိုင်းတယ်။ နောက်သုံးလအတွင်းမှာ ယေဟောဝါကို ဝတ်မပြုသူတွေကို နှင်ထုတ်လိုက်တယ်။
တစ်ဆယ့်နှစ်နှစ် ကြာသွားပြီ။ ဒီအတောအတွင်း ဂျေရုဆလင်မြို့ရိုးကို ပြန်တည်ဆောက်ကြတယ်။ ဧဇရဟာ လူထုရင်ပြင်မှာ လူတွေကို စုဝေးစေပြီး ဘုရားသခင့်ပညတ်ကို ဖတ်ပြတယ်။ ပညတ်ကျမ်းကို ဧဇရ ဖွင့်တဲ့အခါ လူတွေ မတ်တတ်ရပ်နေကြတယ်။ ယေဟောဝါကို ဧဇရ ချီးမွမ်းတဲ့အခါ လူတွေက သဘောတူကြောင်း ကောင်းကင်ဘက် လက်ဖြန့်ပြီး တင်ပြကြတယ်။ ပညတ်ကျမ်းကို ဧဇရဖတ်ပြီး ရှင်းပြတဲ့အခါ လူတွေ အာရုံစိုက်နားထောင်ကြတယ်။ ယေဟောဝါကို ပြစ်မှားမိပြန်ပြီလို့ ဝန်ခံပြီး ငိုကြွေးကြတယ်။ နောက်တစ်နေ့မှာ ဧဇရဟာ နောက်ထပ်ပညတ်တွေကို ဖတ်ပြပြန်တယ်။ တဲနေပွဲ ကျင်းပရတော့မယ်ဆိုတာ သူတို့ သိသွားတယ်။ ချက်ချင်းပဲ ပွဲတော်အတွက် စပြင်ဆင်ကြတော့တယ်။
ပွဲနေ့ခုနစ်ရက်အတွင်း လူတွေ ပျော်ရွှင်ကြပြီး သီးထွက်ကောင်းတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်ကြတယ်။ ယောရှုအချိန်မှာ ဒီလိုတဲနေပွဲမျိုးကို နောက်ဆုံးကျင်းပခဲ့ကြတာ။ ပွဲတော်ပြီးလို့ လူတွေ စုဝေးတဲ့အခါ ဧဇရ ဒီလိုဆုတောင်းတယ်- ‘ယေဟောဝါဟာ ကျွန်ဘဝကနေ ကျွန်တော်တို့ကို ကယ်တင်တယ်၊ တောကန္တာရမှာ ကျွေးမွေးတယ်၊ ဒီပြည်ကိုလည်း ပေးတယ်။ ဒါပေမဲ့ ကိုယ်တော့်ကို ထပ်ခါထပ်ခါ ပြစ်မှားနေကြတယ်။ ပရောဖက်တွေလွှတ်ပြီး သတိပေးပေမဲ့ နားမထောင်ကြဘူး။ ဒါတောင်မှ၊ ကိုယ်တော် စိတ်ရှည်တုန်းပဲ။ အာဗြဟံကို ကိုယ်တော် ပေးခဲ့တဲ့ကတိ မပျက်ဘူး။ အခု ကိုယ်တော့်စကား နားထောင်ပါ့မယ်လို့ ကတိပေးပါတယ်။’ ကတိခံဝန်ချက်ကို ချရေးပြီး မှူးမတ်တွေ၊ လေဝိသားတွေနဲ့ ပုရောဟိတ်တွေက တံဆိပ်ခတ်ကြတယ်။
“ဘုရားသခင်ရဲ့ တရားစကားကို ကြားနာပြီး လိုက်လျှောက်တဲ့သူဟာ ပိုပြီးပျော်ရွှင်ချမ်းမြေ့တယ်။” —လုကာ ၁၁:၂၈