သင်ခန်းစာ ၇၂
လူငယ် ယေရှု
ယောသပ်နဲ့ မာရိဟာ နာဇရက်မြို့မှာ ယေရှုအပါအဝင် နောက်ထပ်ရတဲ့ သားသမီးတွေနဲ့အတူ နေထိုင်တယ်။ ယောသပ်ဟာ လက်သမားလုပ်ပြီး မိသားစုကို ကျွေးမွေးတယ်။ ယေဟောဝါနဲ့ ပညတ်တွေအကြောင်း သွန်သင်ပေးတယ်။ မိသားစုလိုက် တရားဇရပ်မှာ ပုံမှန်သွားဝတ်ပြုတယ်။ နှစ်တိုင်းလည်း ပသခါပွဲတက်ဖို့ ဂျေရုဆလင်မြို့ကို သွားကြတယ်။
ယေရှုအသက် ၁၂ နှစ်အရွယ်မှာ ခါတိုင်းလိုပဲ ဂျေရုဆလင်မြို့ကို မိသားစုလိုက် ပသခါပွဲ သွားတက်တယ်။ မြို့ထဲမှာ လူတွေ ပြည့်ကျပ်နေတာ။ ပွဲတော်ကျင်းပပြီးနောက် အိမ်ပြန်ကြတဲ့အခါ အုပ်စုထဲမှာ ယေရှုပါလာတယ်လို့ပဲ ယောသပ်နဲ့မာရိ ထင်နေတာ။ ဒါပေမဲ့ ဆွေမျိုးတွေကြားထဲ သူ့ကိုလိုက်ရှာတော့ မတွေ့ဘူး။
ဒါနဲ့ ဂျေရုဆလင်မြို့ကို ပြန်သွားပြီး သုံးရက်လုံးလုံး လိုက်ရှာပြီးမှ ဗိမာန်တော်မှာ ဆရာတွေကြား ယေရှုထိုင်ပြီး မေးခွန်းတွေမေး၊ ကြားသမျှကို ဂရုစိုက်နားထောင်နေတာ တွေ့လိုက်တယ်။ အဲဒီဆရာတွေက ယေရှုကို တကယ်အထင်ကြီးတယ်။ မေးခွန်းတိုင်းကို သူ ကောင်းကောင်းဖြေနိုင်လို့ အံ့အားသင့်ကြတယ်။ ယေဟောဝါရဲ့ ပညတ်ကို ယေရှု သဘောပေါက် နားလည်ထားတာကိုး။
ယောသပ်နဲ့မာရိဟာ အတော်လေး စိတ်ပူနေတာ။ ဒါကြောင့် မာရိက ‘သားရယ်၊ အမေတို့ နေရာအနှံ့ လိုက်ရှာနေတာ။ ဘယ်ကိုသွားနေတာလဲ’ လို့မေးတော့ ယေရှုက ‘အဖရဲ့အိမ်တော်မှာ သားရှိနေမယ်လို့ မသိဘူးလား’ လို့ဖြေတယ်။
ယေရှုက မိဘတွေနဲ့အတူ နာဇရက်မြို့ကို ပြန်သွားတယ်။ ယောသပ်က သူ့ကို လက်သမားအလုပ် သင်ပေးတယ်။ လူငယ်အရွယ်မှာ ယေရှုဟာ ဘယ်လိုလူငယ် ဖြစ်မယ်လို့ ထင်သလဲ။ ယေရှုကြီးလာလေ ဉာဏ်ပညာရှိလာလေ၊ ဘုရားရှေ့၊ လူရှေ့ မျက်နှာသာရသူ ဖြစ်လာလေပဲ။
“အို ဘုရားသခင်၊ အလိုတော်ဆောင်တာဟာ ကျွန်တော့်အတွက် ကြည်နူးစရာပါ။ ပညတ်တော်ဟာ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲနေပါတယ်။” —ဆာလံ ၄၀:၈