သင်ခန်းစာ ၈၂
ယေရှုက တပည့်တွေကို ဆုတောင်းတတ်ဖို့ သင်ပေး
ဖာရိရှဲတွေ လုပ်သမျှဟာ လူအထင်ကြီးခံချင်လို့ပဲ။ လူတွေ သတိထားမိအောင် သနားကြင်နာကြတယ်။ ဆုတောင်းချက် အရှည်ကြီးတွေကို အလွတ်ကျက်ထားပြီး လူအများကြီးရှိတဲ့ တရားဇရပ်တွေ၊ လမ်းဆုံလမ်းဝတွေမှာ ထပ်ခါထပ်ခါ အသံကျယ်ကျယ် ရွတ်ဆိုတယ်။ ဒါကြောင့် ယေရှုက ‘ဖာရိရှဲတွေလို ဆုမတောင်းနဲ့။ စကားလုံး အများကြီးသုံးမှ ဘုရား သဘောကျမယ်လို့ သူတို့ထင်တယ်။ အဲဒီလိုမဟုတ်ဘူး။ ဆုတောင်းတယ်ဆိုတာ နှစ်ကိုယ်ကြားပဲ။ တစ်မျိုးတည်း ထပ်ခါထပ်ခါ မပြောနဲ့။ ယေဟောဝါက ကိုယ့်ခံစားချက်အတိုင်း ဆုတောင်းတာကို ကြိုက်တယ်။
‘ဒီလို ဆုတောင်းရမယ်– “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။ နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို
ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ။”’ ဒီနေ့အတွက် အစာကို ပေးဖို့၊ အပြစ်တွေကို ခွင့်လွှတ်ဖို့နဲ့ ကိုယ့်ကိစ္စတွေအတွက် ဆုတောင်းလို့ရတယ်ဆိုပြီး ယေရှုပြောတယ်။‘တောင်းမြဲတောင်းပါ။ ကောင်းတဲ့အရာတွေကိုပေးဖို့ အဖယေဟောဝါကို တောင်းနေပါ။ ဘယ်မိဘမဆို ကိုယ့်ကလေးကို အကောင်းတွေပဲ ပေးချင်တာ။ သားက မုန့်ကိုတောင်းရင် မိဘက ကျောက်ခဲ ပေးပါ့မလား။ ငါးကိုတောင်းရင် မြွေကို ပေးပါ့မလား’ လို့ ယေရှုပြောတယ်။
ပြီးတော့ ဒီလိုရှင်းပြတယ်- ‘ခင်ဗျားက ကလေးတွေကို ကောင်းတဲ့အရာတွေ ပေးတတ်ရင် အဖယေဟောဝါက သန့်ရှင်းသောစွမ်းအားတော်ကို ပေးမယ် မဟုတ်လား။ ဆုတောင်းဖို့ပဲ လိုတာ။’ ယေရှုပြောတဲ့အတိုင်း ဆုတောင်းနေကြသလား။ ဆုတောင်းတဲ့အခါ ဘာတွေထည့်တောင်းသလဲ။
“တောင်းမြဲတောင်းပါ၊ ရလိမ့်မယ်။ ရှာမြဲရှာပါ၊ တွေ့လိမ့်မယ်။ ခေါက်မြဲခေါက်ပါ၊ တံခါးပွင့်လာလိမ့်မယ်။”—မဿဲ ၇:၇