သင်ခန်းစာ ၈၁
တောင်ပေါ်ဒေသနာ
ယေရှုဟာ တမန်တော် ၁၂ ပါးကိုရွေးပြီးနောက် တောင်ပေါ်ကနေ လူအုပ်ရှိတဲ့နေရာဆီ ဆင်းလာတယ်။ ဒီလူတွေဟာ ဂါလိလဲနယ်၊ ယုဒနယ်၊ တိုင်ရာမြို့၊ ဆိုင်ဒုန်မြို့နဲ့ ဆီးရီးယားပြည်ကနေ လာကြတာ။ သူတို့နဲ့အတူ ရောဂါသည်တွေ၊ နတ်ဆိုးပူးသူတွေကိုပါ ခေါ်လာကြလို့ ယေရှုက လူနာအားလုံးကို ကုပေးတယ်။ အဲဒီနောက် တောင်စောင်းမှာထိုင်ပြီး ဟောတော့တယ်။ ဘုရားရဲ့မိတ်ဆွေ ဖြစ်ချင်ရင် ဘာလုပ်ရမယ်ဆိုတာ ရှင်းပြတယ်။ ယေဟောဝါကို ချစ်ရမယ်၊ ကိုယ်တော့် အကူအညီလိုတယ်လို့ အသိအမှတ်ပြုရမယ်။ တခြားသူကို မချစ်ရင် ဘုရားကို မချစ်နိုင်ဘူး။ လူတိုင်းကို သနားရမယ်၊ တရားမျှတရမယ်၊ ရန်သူတွေကိုတောင် ချစ်ရမယ်လို့ ယေရှု သင်ပေးတယ်။
ယေရှု ဒီလိုပြောတယ်– ‘မိတ်ဆွေတွေကိုပဲ ချစ်ရုံမက ရန်သူတွေကိုပါ ချစ်ဖို့လိုတယ်။ အကြွင်းမဲ့ ခွင့်လွှတ်ရမယ်။ တစ်ယောက်ယောက်က ကိုယ့်ကိုစိတ်ဆိုးနေမှန်းသိရင် သူ့ဆီ ချက်ချင်းသွားပြီး တောင်းပန်ရမယ်။ ကိုယ့်ကို ဆက်ဆံစေချင်သလို သူ့ကို ဆက်ဆံရမယ်။’
ယေရှုက ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီး ဒီလိုအကြံပေးတယ်- ‘ငွေအများကြီးရှိတာထက် ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ဖို့က ပိုအရေးကြီးတယ်။ ငွေကို သူခိုး ခိုးနိုင်တယ်။ ယေဟောဝါရဲ့ မိတ်ဆွေဖြစ်တာကိုတော့ ဘယ်သူမှ ခိုးလို့မရဘူး။ ဘာစားရမလဲ၊ ဘာသောက်ရမလဲ၊ ဘာဝတ်ရမလဲလို့ မပူပါနဲ့။ ငှက်တွေကို ကြည့်။ ဘုရားက ငှက်တွေအတွက် အစာ အလုံအလောက် ပေးထားတယ်။ စိတ်ပူနေလို့ တစ်ရက် ပိုအသက်မရှည်နိုင်ဘူး။ လိုအပ်တာကို ယေဟောဝါ သိတယ်။’
လူတွေက ယေရှု ဟောသလို တစ်ခါမှ မကြားဖူးကြဘူး။ ဒီအကြောင်းတွေကို သူတို့ရဲ့ ဘာသာရေးခေါင်းဆောင်တွေ မသင်ပေးဘူး။ ယေရှုဟာ ဘာကြောင့် ဒီလောက်ကောင်းတဲ့ ဆရာသမား ဖြစ်ရသလဲ။ ယေဟောဝါ သင်ပေးစေချင်တဲ့အတိုင်း ယေရှု သင်ပေးလို့ပဲ။
“ကျွန်တော့်ထမ်းပိုးကို ထမ်းပြီး ကျွန်တော့်ဆီကနေ သင်ယူကြပါ။ ကျွန်တော်ဟာ နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်။ ခင်ဗျားတို့ လန်းဆန်းရလိမ့်မယ်။” —မဿဲ ၁၁:၂၉