မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၈၅

ယေရှု ဥပုသ်နေ့မှာ ရောဂါကုပေး

ယေရှု ဥပုသ်နေ့မှာ ရောဂါကုပေး

ယေရှုကို ဖာရိရှဲ​တွေ မုန်း​လွန်း​လို့ သူ့ကို​ဖမ်း​ဖို့ အကြောင်း​ရှာ​နေကြတယ်။ ဥပုသ်နေ့မှာ ရောဂါ​မ​ကုပေး​သင့်​ဘူးလို့ သူတို့​ပြောတယ်။ ဒါပေမဲ့ ဥပုသ်​နေ့​တစ်နေ့၊ လမ်းဘေး​မှာ တောင်းစား​နေတဲ့ မျက်မမြင်​တစ်ယောက်​ကို ယေရှု​တွေ့​လိုက်​တော့ ‘ဘုရားသခင်ရဲ့ တန်ခိုး​က ဒီ​လူ​ကို ဘယ်လို ကူညီပေးမယ်ဆိုတာ ကြည့်​လိုက်ပါ’ လို့ တပည့်​တွေကို ပြောတယ်။ အဲဒီနောက် မြေပေါ် တံတွေး​ထွေး​ပြီး တံတွေး​နဲ့ ရွှံ့​ဖြစ်အောင် လုပ်တယ်။ ဒီ​ရွှံ့​ကို အဲဒီ​လူ​ရဲ့ မျက်စိ​ပေါ်မှာ လိမ်း​ပေးပြီး ‘ရှိလော​င်​ရေကန်​မှာ သွား​ဆေး​လိုက်ပါ’ လို့ပြောတယ်။ မျက်မမြင်လည်း သွား​ဆေး​လိုက်​တော့ သူ့​ဘဝ​မှာ ပထမဦးဆုံး​အကြိမ် မျက်စိ​မြင်​လာတယ်။

လူတွေ အတော်လေး အံ့သြ​သွား​ကြ​တ​ယ်။ သူတို့က ‘ဒီလူဟာ ထိုင်ပြီး​တောင်းစား​နေတဲ့​သူ မဟုတ်လား။ ဒါမှမဟုတ် သူနဲ့​တူ​တဲ့ လူများ​လား’ လို့ပြော​နေကြတယ်။ သူကိုယ်တိုင်​က​တော့ ‘ကျွန်တော်ဟာ မွေးရာပါ မျက်စိ​မမြင်​တဲ့​လူ​ပါ’ လို့ ဝန်ခံ​တ​ယ်။ ဒါနဲ့ လူတွေက ‘ဒီလို​ဆိုရင် မင်း ဘယ်လို​လုပ် မျက်စိ​မြင်​လာ​တာလဲ’ လို့မေးတော့ အဖြစ်အပျက်​ကို သူ ပြောပြတယ်။ အဲဒီအခါ သူ့ကို ဖာရိရှဲ​တွေဆီ ခေါ်​သွားတယ်။

ဖာရိရှဲ​တွေကို အဲဒီ​လူက ‘ကျွန်တော့်​မျက်စိ​ကို ယေရှု ရွှံ့လိမ်းပေးပြီး သွား​ဆေးခိုင်းတယ်။ ဆေး​ပြီး​တာနဲ့ မြင်​လာ​တာပဲ’ လို့ ပြောပြတယ်။ ဖာရိရှဲတွေက ‘ယေရှုဟာ ဥပုသ်​နေ့​မှာ ရောဂါကုတယ်​ဆိုတော့ သူ့​တန်ခိုးက ဘုရားဆီကလာတာ မဖြစ်နိုင်ဘူး’ လို့ပြောတယ်။ တချို့ကျတော့​လည်း ‘သူ့တန်ခိုး​ဟာ ဘုရားဆီ​ကလာ​တာ မဖြစ်နိုင်ဘူး​ဆိုရင် သူ ရောဂါ​ကုပေး​နိုင်မှာ မဟုတ်ဘူး’ လို့ပြောကြတယ်။

ဖာရိရှဲ​တွေ​က အဲဒီ​လူ​ရဲ့ မိဘတွေ​ကို ခေါ်ပြီး ‘ခင်ဗျား​တို့ရဲ့​သားက ဘယ်လိုလုပ် မျက်စိ​ပြန်မြင်​လာ​တာလဲ’ လို့​မေးတယ်။ ယေရှုကို​ယုံကြည်​တဲ့ ဘယ်သူ့​ကို​မဆို တရားဇရပ်​က​နေ နှင်ထုတ်​မယ်လို့ ဖာရိရှဲ​တွေ ပြော​ထား​လို့ မိဘတွေက ကြောက်​ပြီး ‘မသိ​ပါဘူး။ သူ့ကိုသာ မေးကြည့်​လိုက်ပါ’ လို့ပြောတယ်။ မျက်မမြင်​ဖြစ်ခဲ့​ဖူး​သူက ‘ကျွန်တော် ပြောပြီး​ပြီ​ပဲ။ ဘာ​လို့​ဆက်​မေး​နေကြ​တာလဲ’ လို့ပြော​တဲ့​အထိ သူ့ကို ဖာရိရှဲတွေ အထပ်ထပ်မေး​နေကြ​တာ။ နောက်ဆုံး ဖာရိရှဲ​တွေ စိတ်​ဆိုးဆိုး​နဲ့ သူ့ကို မောင်းထုတ်​လိုက်​ကြ​တ​ယ်။

ယေရှု သူ့​ဆီ​သွားပြီး ‘မေရှိယ​ကို ယုံကြည်​သလား’ လို့​မေး​တော့ ‘သူ ဘယ်သူလဲ​ဆိုတာ​ကို​သိရ​င် ကျွန်တော် ယုံကြည်​မှာပါ’ လို့ ပြန်ဖြေ​တ​ယ်။ ယေရှုက ‘ကျွန်တော်ဟာ မေရှိယ​ပဲ’ လို့​ပြောပြတယ်။ ယေရှုဟာ သနားကြင်နာ​တတ်​သူ​ပါပဲ။ အဲဒီ​လူ​ကို မျက်စိပြန်မြင်စေတဲ့​အပြင် ယုံကြည်သူ​ဖြစ်လာ​ဖို့​လည်း ကူညီပေးတယ်။

“ခင်ဗျား​တို့ မှား​နေ​ပြီ။ ကျမ်းစကားကိုရော ဘုရားသခင်ရဲ့တန်ခိုး လုပ်ဆောင်ပုံကိုပါ နားမလည်ကြဘဲကိုး။” —မဿဲ ၂၂:၂၉