မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၉၃

ယေရှု ကောင်းကင်ကို တက်သွား

ယေရှု ကောင်းကင်ကို တက်သွား

ယေရှုဟာ ဂါလိလဲနယ်​မှာ တပည့်​တွေနဲ့ ပြန်တွေ့​ဆုံ​တ​ယ်။ ‘နေရာအနှံ့​က လူတွေ​ဆီ​သွားပြီး တပည့်ဖြစ်​လာအောင် သွန်သင်ပေးပါ။ ကျွန်တော် သင်ပေး​သမျှကို သင်ပေး​ပြီး နှစ်ခြင်းပေး​ကြပါ’ လို့ သူတို့ကို တာဝန်ပေး​တ​ယ်။ ပြီးတော့ ‘ခင်ဗျား​တို့​နဲ့အတူ ကျွန်တော်​အမြဲ​ရှိနေ​မယ်’ လို့လည်း ကတိ​ပေးတယ်။

ယေရှုဟာ ထမြောက်ပြီး ရက် ၄၀ အတွင်း ဂါလိလဲနယ်​နဲ့ ဂျေရုဆလင်မြို့​မှာရှိတဲ့ တပည့်​အများကြီး​ရှေ့ ကိုယ်ထင်ပြ​တ​ယ်။ အရေးကြီးသင်ခန်းစာတွေ သင်ပေး​ပြီး အံ့ဖွယ်အမှု​တွေ လုပ်ပြ​တ​ယ်။ တပည့်​တွေနဲ့ နောက်ဆုံး​အကြိမ် တွေ့ခဲ့​တာ​က သံလွင်တောင်​ပေါ်မှာ ဖြစ်တယ်။ အဲဒီမှာ သူက ‘ဂျေရုဆလင်မြို့​က​နေ မ​ထွက်သွား​နဲ့​ဦး။ ကောင်းကင်​အဖ ကတိပေး​ထားတာကို စောင့်နေ​ကြပါ’ လို့ မှာ​တ​ယ်။

ဘာကို​ပြော​ချင်​မှန်း တမန်တော်​တွေ နားမလည်​ကြဘူး။ ဒါနဲ့ သူတို့က ‘သခင်​ဟာ အခု အစ္စရေး​ဘုရင် ဖြစ်နေ​ပြီ​လား’ လို့​မေး​တော့ ယေရှုက ‘ကျွန်တော်​ဘုရင်​ဖြစ်ဖို့ ကောင်းကင်​အဖ သတ်မှတ်​တဲ့​အချိန် မ​ရောက်​သေး​ဘူး။ မကြာခင် ခင်ဗျား​တို့ သန့်ရှင်းသောစွမ်းအားတော်​ရ​လိမ့်မယ်၊ အဲဒီအခါ ကျွန်တော့်​အကြောင်း သက်သေခံ​ကြ​လိမ့်မယ်။ ဂျေရုဆလင်မြို့၊ ယုဒပြည်​တစ်ဝန်းလုံး၊ ရှမာရိ​ပြည်​နဲ့ ကမ္ဘာမြေ​အစွန်အဖျား​အထိ သွား​ဟောပြော​ကြပါ’ လို့ မိန့်မှာ​တ​ယ်။

ပြီးတော့ ကောင်းကင်​ကို ယေရှု တက်​သွားပြီး မိုးတိမ်​နဲ့​ကွယ်​သွားတယ်။ တပည့်​တွေ ကြည့်နေတုန်းမှာ​ပဲ ကွယ်ပျောက်​သွားတာ။

တပည့်​တွေလည်း သံလွင်တောင်​ပေါ်ကနေ ဆင်း​လာပြီး ဂျေရုဆလင်မြို့​ကို သွားတယ်။ သူတို့ဟာ အထက်ခန်း​မှာ အမြဲ​စုဆုံ​ပြီး ဆုတောင်း​လေ့ရှိတယ်။ ယေရှုဆီ​က နောက်ထပ်ညွှန်ကြားချက်​တွေ​ရဖို့ စောင့်မျှော်​နေကြတယ်။

“လူမျိုး​အားလုံး​အတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော်သတင်း​ကောင်း​ကို လူ​နေထိုင်​ရာ မြေတစ်ခွင်လုံးမှာ ဟောပြော​ရ​လိမ့်မယ်။ ပြီးမှ အဆုံး​ရောက်လာ​လိမ့်မယ်။”—မဿဲ ၂၄:၁၄