သင်ခန်းစာ ၉၂
တံငါသည်တွေရှေ့ ယေရှု ကိုယ်ထင်ပြ
တမန်တော်တွေကို ယေရှု ကိုယ်ထင်ပြပြီးနောက်ပိုင်း ပေတရုဟာ ငါးဖမ်းဖို့ ဂါလိလဲအိုင်ကို သွားတယ်။ သောမ၊ ယာကုပ်၊ ယောဟန်နဲ့ တခြားတပည့်တွေလည်း ပါသွားတယ်။ တစ်ညလုံး ငါးဖမ်းကြပေမဲ့ တစ်ကောင်မှ မမိဘူး။
နောက်မနက်စောစော၊ ကမ်းပေါ်မှာ လူတစ်ယောက် ရပ်နေတာ သူတို့တွေ့လိုက်တယ်။ ‘ငါးမိလား’ လို့ သူ အော်မေးတော့ သူတို့က ‘မမိဘူး’ လို့ပြန်ဖြေတယ်။ ‘လှေရဲ့ညာဘက်မှာ ပိုက်ချလိုက်’ လို့ အဲဒီလူ ပြောတဲ့အတိုင်း ပိုက်ချတဲ့အခါ ငါးအများကြီးမိလို့ ပိုက်ကွန်ကို ပြန်မဆွဲတင်နိုင်ဘူး။ ဒီတော့မှ ယေရှုဖြစ်မှန်း ယောဟန် သိသွားပြီး ‘ဒါ သခင်ပဲ’ လို့ပြောတယ်။ ဒါနဲ့ ပေတရုက ရေထဲခုန်ချပြီး ရေကူးသွားတယ်။ တခြားတပည့်တွေကတော့ လှေနဲ့ လိုက်လာတယ်။
ကမ်းပေါ်ရောက်တဲ့အခါ မီးခဲပုံပေါ် ကင်ထားတဲ့ ငါးတွေနဲ့ မုန့်ကို တွေ့တယ်။ ဖမ်းလို့ရတဲ့ ငါးတချို့ ယူလာပါလို့ ယေရှုပြောပြီး ‘မနက်စာ လာစားကြ’ လို့ခေါ်တယ်။
စားပြီးတဲ့အခါ ယေရှုက ပေတရုကို ‘ငါးဖမ်းတာထက် ကျွန်တော့်ကို ပိုချစ်သလား’ လို့မေးတော့ ပေတရုက ‘ကျွန်တော်ချစ်မှန်း သခင်သိပါတယ်’ လို့ပြန်ဖြေတယ်။ ယေရှုက ‘ဒါဆို၊ ကျွန်တော့်သိုးသငယ်တွေကို ကျွေးမွေးပါ’ လို့ပြောတယ်။ ‘ပေတရု၊ ကျွန်တော့်ကို ချစ်သလား’ လို့ ယေရှု မေးပြန်တယ်။ ပေတရုက ‘ကျွန်တော် ချစ်မှန်း သခင်သိပါတယ်’ လို့ဖြေတယ်။ ယေရှုက ‘ကျွန်တော့်သိုးကလေးတွေကို ထိန်းပါ’ လို့မှာတယ်။ တတိယအကြိမ် မေးတော့ ပေတရု ဝမ်းနည်းသွားပြီး ‘သခင်၊ သခင် အားလုံးသိတာပဲ။ သခင့်ကို ကျွန်တော်ချစ်မှန်းလည်း သိပါတယ်’ လို့ပြောတဲ့အခါ ယေရှုက “ကျွန်တော့်ရဲ့သိုးကလေးတွေကို ကျွေးမွေးပါ၊” “ကျွန်တော့်နောက် ဆက်ပြီးလိုက်ပါ” လို့ မှာတယ်။
“‘ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ ခင်ဗျားတို့ကို လူဖမ်းတဲ့ တံငါသည်တွေ ဖြစ်စေမယ်’ လို့ပြောတယ်။ သူတို့လည်း ပိုက်ကွန်တွေကို ချက်ချင်းထားရစ်ပြီး ယေရှုနောက်ကို လိုက်ကြတယ်။”—မဿဲ ၄:၁၉၊ ၂၀