မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၉၅

သူတို့ကို ဘာကမှ မတားဆီးနိုင်

သူတို့ကို ဘာကမှ မတားဆီးနိုင်

လမ်းမ​လျှောက်​နိုင်​သူ​တစ်ယောက်ဟာ ဗိမာန်တော်တံခါးမှာ နေ့တိုင်း ထိုင်ပြီး တောင်းစား​နေတယ်။ တစ်နေ့​မှာ ပေတရု​နဲ့ ယောဟန် ဗိမာန်တော်​ထဲ ဝင်​လာ​တာ သူ မြင်​လိုက်​တော့ ‘ပေးကမ်း​ခဲ့​ပါ’ လို့ဆို​တ​ယ်။ ပေတရု​က ‘ပိုက်ဆံ​ထက်​ပို​ကောင်းတာ​တစ်ခု ပေးမယ်။ ယေရှု​နာမည်​နဲ့ ထ​လမ်းလျှောက်​ပါ’ လို့​ပြောပြီး ဆွဲ​ထူ​ပေးလိုက်​တာ အဲဒီ​လူ ထပြီး လမ်းလျှောက်​ပါ​လေ​ရော။ ဒီ​အံ့ဖွယ်အမှု​ကြောင့် လူတွေ ဝမ်းသာအားရ​နဲ့ ယုံကြည်သူ​တွေ ဖြစ်​လာကြတယ်။

ပုရောဟိတ်တွေ​နဲ့ ဇဒ္ဒုကဲ​တွေကတော့ စိတ်ဆိုး​သွားတယ်။ တမန်တော်​တွေကို ဖမ်း​ပြီး တရားရုံး​ကို ခေါ်​သွားတယ်။ ‘ဒီ​လူ​ကို ကုပေး​ဖို့ ဘယ်​က​တန်ခိုး​ရ​လဲ’ လို့​မေး​တော့ ပေတရု​က ‘ခင်ဗျား​တို့​သတ်​လိုက်တဲ့ ခရစ်တော်​ယေရှု တန်ခိုး​ပေးတာ’ လို့ဖြေတယ်။ ‘ယေရှု​အကြောင်း မပြော​နဲ့’ ဆိုတော့ တမန်တော်​တွေ​က ‘သူ့​အကြောင်းကို မ​ဟော​ဘဲ မနေ​နိုင်​ပါဘူး’ လို့ ပြန်ဖြေတယ်။

ပေတရု​နဲ့ ယောဟန်​ကို လွှတ်​ပေးလိုက်​တာနဲ့ တခြား​တပည့်​တွေဆီ သူတို့သွားပြီး ဒီအဖြစ်အပျက်​ကို ပြောပြတယ်။ ‘ကိုယ်တော့်​အကြောင်း ဆက်​ဟော​နိုင်​ဖို့ ရဲစွမ်းသတ္တိ​ပေးပါ’ လို့ အတူတကွ ယေဟောဝါ​ဆီ ဆုတောင်း​ကြ​တော့ ယေဟောဝါက သူတို့ကို သန့်ရှင်းသောစွမ်းအားတော်​ပေး​လို့ သူတို့ ဆက်​ဟောပြော​နိုင်ကြ​တ​ယ်၊ ကုသ​ပေးနိုင်​ကြတယ်။ ဒီ​နောက် ယုံကြည်သူ​တွေ များများ​လာတယ်။ ဇဒ္ဒုကဲ​တွေဟာ ပို​မနာလို​ဖြစ်လာပြီး တမန်တော်​တွေကို ဖမ်းချုပ် ထောင်ချ​ပစ်​တ​ယ်။ ည​အချိန်​မှာ ယေဟောဝါရဲ့ ကောင်းကင်တမန်​တစ်ပါး​လာပြီး ထောင်​တံခါး​တွေကို ဖွင့်ပေး​တ​ယ်။ တမန်တော်​တွေကို ‘ဗိမာန်တော်​ဆီ ပြန်သွား​ပြီး သွန်သင်​ပါ’ လို့ စေခိုင်း​တ​ယ်။

မနက်​ကျတော့ ဂျူး​တရားရုံး​မှာ ဘာသာရေးခေါင်းဆောင်တွေ ဒီ​သတင်းရ​တ​ယ်– ‘ထောင်​တံခါး​တွေ ပိတ်​နေ​ပေ​မဲ့ မင်း​တို့​ဖမ်း​ထားတဲ့ လူတွေ​က ဗိမာန်တော်​မှာ ဟောပြော​သွန်သင်​နေကြတယ်။’ ဒါကြောင့် တမန်တော်​တွေ ထပ်​အဖမ်းခံရ​ပြီး တရားရုံး​ရောက်လာ​ပြန်​တ​ယ်။ ‘ယေရှု​အကြောင်း မပြော​ဖို့ အမိန့်ထုတ်​ထား​လျက်​နဲ့ ဟော​ရ​သလား’ လို့ ပုရောဟိတ်မင်း ပြော​တော့ ပေတရု​က ‘လူ့​စကား​ထက် ဘုရား​စကားကို နားထောင်​ရမယ်’ လို့​ပြန်ဖြေ​တ​ယ်။

ဘာသာရေးခေါင်းဆောင်​တွေ ဒေါသူပုန်​ထပြီး တမန်တော်​တွေကို သတ်ပစ်​ချင်​ကြ​တ​ယ်။ ဒါပေမဲ့ ဖာရိရှဲ ဂါမလျေလ​က မတ်တတ်ရပ်​ပြီး ‘သတိထား​ကြပါ။ သူတို့နဲ့အတူ ဘုရား ရှိတာဖြစ်နိုင်တယ်။ ဘုရားကို ဆန့်ကျင်​ချင်​လို့​လား’ လို့ပြော​လိုက်​တော့ သူ့​စကားကို လက်ခံကြတယ်။ ဒီ​နောက် တမန်တော်​တွေကို ကြိမ်ဒဏ်​ပေးပြီး မ​ဟော​ဖို့ ထပ်​အမိန့်​ပေးတယ်။ တမန်တော်​တွေကတော့ မဟော​ဘဲ​မနေ​ဘူး။ ဗိမာန်တော်​မှာ၊ အိမ်တွေမှာ သတင်းကောင်းကို ရဲ​ရဲရင့်​ရင့် ဆက်ဟော​နေကြတယ်။

“ကျွန်တော်တို့​က​တော့ လူ့​စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်​မှာပဲ။” —တမန်တော် ၅:၂၉