မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၉၉

ထောင်မှူးတစ်ယောက် အမှန်တရားရ

ထောင်မှူးတစ်ယောက် အမှန်တရားရ

ဖိလိပ္ပိ​မြို့မှာ နတ်ဝင်သည် အစေခံ​မ​လေး​တစ်ယောက် ရှိတယ်။ သူ့​သခင်​တွေ ဝင်ငွေရအောင် နတ်ဆိုး​အကူအညီ​နဲ့ သူ​ဗေဒင်​ဟော​တ​ယ်။ အဲဒီမြို့​ကို ပေါလုနဲ့ သိလ ရောက်လာ​တော့ ဒီအစေခံမလေးက သူတို့​နောက် တကောက်​ကောက်​လိုက်​ပြီး “ဒီလူတွေ​ဟာ အမြင့်ဆုံး​ဘုရားရဲ့ ကျွန်​တွေပဲ” လို့​အော်​နေတယ်။ ဒါနဲ့ ပေါလုက ‘ယေရှု​နာမည်​နဲ့ ငါ​ပြောမယ်၊ သူ့​အထဲ​က ထွက်သွား’ လို့ပြော​လိုက်တာ​နဲ့ နတ်ဆိုး​ထွက်​သွားတယ်။

ဝင်ငွေ​ပေါက် ပိတ်​သွား​မှန်း အစေခံ​မ​လေး​ရဲ့​သခင်​တွေ သိ​တဲ့အခါ ပေါလုနဲ့ သိလကို လက်ထောက်​တရားသူကြီး​တွေဆီ ဆွဲခေါ်​သွားပြီး ‘ဒီလူတွေ​ဟာ ဥပဒေ​ကို​ချိုးဖောက်​ပြီး တစ်မြို့လုံး ဆူပူ​ထကြွ​အောင် လုပ်​နေတယ်’ လို့ တိုင်​တ​ယ်။ ဒါနဲ့ အဲဒီ​လူကြီး​တွေ​က ပေါလုနဲ့ သိလ​ကို ရိုက်နှက်​ပြီး ထောင်ချ​လိုက်တယ်။ ထောင်မှူး​က သူတို့ကို အနက်​ဆုံး၊ အမှောင်ဆုံး​အကျဉ်းခန်း​ထဲမှာ ထိတ်​တုံး​ခတ်​ပြီး ချုပ်​ထားတယ်။

ယေဟောဝါ​ဆီ ချီးမွမ်းသီချင်း​ဆို​နေတဲ့ ပေါလုနဲ့​သိလ​ရဲ့ အသံ​ကို အကျဉ်းသား​တွေ ကြားတယ်။ ညသန်းခေါင်​မှာ ငလျင်​အကြီးအကျယ်​လှုပ်​လို့ ထောင်​တစ်ခုလုံး တုန်လှုပ်​သွားတာ အကျဉ်းသား​တွေရဲ့ သံကြိုး​တွေ၊ ထိတ်​တုံး​တွေ ပြုတ်​ထွက်ကုန်​တ​ယ်၊ ထောင်​တံခါး​တွေ ပွင့်ကုန်တယ်။ ဒါကို ထောင်မှူး​တွေ့​တော့ အကျဉ်းသား​တွေ လွတ်​ကုန်ပြီ​အထင်​နဲ့ ဓား​ကို​ထုတ်ပြီး သူ့ကိုယ်သူ သတ်​သေ​ဖို့​လုပ်တယ်။

အဲဒီအခါ​မှာပဲ ပေါလုက ‘ကိုယ့်ကိုယ်ကိုယ် မ​သတ်​ပါနဲ့။ ကျွန်တော်တို့​အားလုံး ရှိ​ပါတယ်’ လို့​အော်ပြော​တဲ့အခါ ထောင်မှူး​လည်း ပြေးဝင်​လာပြီး ပေါလုနဲ့ သိလ ခြေရင်း​မှာ ပျပ်ဝပ်​လိုက်တယ်။ ‘ကျွန်တော် ကယ်တင်ခြင်း​ရဖို့ ဘာ​လုပ်​ရ​မလဲ’ လို့​မေး​တော့ ‘ခင်ဗျား​နဲ့ ခင်ဗျား​မိသားစု​ဟာ ယေရှုကို ယုံကြည်​ရမယ်’ လို့ ဖြေ​တ​ယ်။ အဲဒီနောက် ပေါလုနဲ့ သိလ​က သူတို့ကို ယေဟောဝါရဲ့ တရားစကားတော်​ကို သင်ပေးတယ်။ ပြီးတော့ ထောင်မှူး​နဲ့ သူ့​မိသားစု နှစ်ခြင်းခံလိုက်ကြတယ်။

“ခင်ဗျား​တို့​ကို ဖမ်း​ပြီး ညှဉ်းဆဲ​ကြ​လိမ့်မယ်။ တရားဇရပ်တွေဆီ ပို့​ပြီး ထောင်ချ​လိမ့်မယ်။ ကျွန်တော့်​နာမည်​ကြောင့် ဘုရင်တွေ၊ ဘုရင်ခံ​တွေ​ရှေ့ ပို့​လိမ့်မယ်။ အဲဒီအခါ သူတို့ကို သက်သေခံခွင့် ရ​လိမ့်မယ်။”—လုကာ ၂၁:၁၂၊ ၁၃