မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၀၀

ပေါလုနဲ့ တိမောသေ

ပေါလုနဲ့ တိမောသေ

တိမောသေ​ဟာ လုတ္တရ​မြို့​က ညီအစ်ကို​လေး​တစ်ယောက် ဖြစ်တယ်။ အဖေ​က ဂရိ​လူမျိုး၊ အမေက ဂျူး။ မိခင်​ဖြစ်သူ ဥနိတ်နဲ့ အဘွား လော​အိ​တို့​က တိမောသေကို ငယ်ငယ်​လေး​ကတည်းက ယေဟောဝါ​အကြောင်း သင်ပေး​ခဲ့တယ်။

ပေါလု​ရဲ့ ဒုတိယ သာသနာပြု​ခရီးစဉ်​မှာ လုတ္တရ​မြို့ကို ရောက်လာ​တော့ ညီအစ်ကိုညီအစ်မ​တွေကို တကယ်​ချစ်တဲ့၊ ကူညီပေး​ချင်တဲ့ တိမောသေကို တွေ့​လိုက်တယ်။ ဒါနဲ့ သူနဲ့​လိုက်ခဲ့ဖို့ ဖိတ်ခေါ်တယ်။ တိမောသေကို လေ့ကျင့်ပေး​ပြီး​တဲ့အခါ သူဟာ တကယ်​တော်​တဲ့ ဟောပြော​သွန်သင်သူ ဖြစ်လာတယ်။

သန့်ရှင်းသောစွမ်းအားတော်​က ပေါလုနဲ့ တိမောသေကို ခရီးတစ်လျှောက် လမ်းပြ​ပေးတယ်။ တစ်​ညမှာ စိတ်အာရုံ​ထဲက လူတစ်ယောက်​ဟာ မက်ဆီဒိုးနီးယား​ပြည်​ကို လာပြီး​ကူညီပေးဖို့ ပေါလု​ကို ဖိတ်ခေါ်တယ်။ ဒါနဲ့ ပေါလု၊ တိမောသေ၊ သိလ​နဲ့ လုကာ​တို့ဟာ အဲဒီ​ကို​သွားပြီး ဟောပြော​တ​ယ်၊ အသင်းတော်တွေ ဖွဲ့စည်း​တ​ယ်။

မက်ဆီဒိုးနီးယား​ပြည်၊ သက်သာလောနိတ်​မြို့မှာ လူအတော်များများ ခရစ်ယာန်တွေ ဖြစ်လာတယ်။ ဒါပေမဲ့ ဂျူး​တချို့​က ပေါလုနဲ့ သူ့​အဖော်​တွေကို မနာလို​ဖြစ်ပြီး ဆူပူ​ထကြွ​ဖို့ လူအုပ်​ဖွဲ့​တ​ယ်။ ပြီးတော့ ညီအစ်ကို​တွေကို မြို့​အရာရှိ​တွေဆီ ဆွဲခေါ်​သွားပြီး ‘ဒီလူတွေ​ဟာ ရောမအစိုးရရဲ့ ရန်သူ​တွေ’ လို့ ပြောတယ်။ ပေါလုနဲ့ တိမောသေ​ဟာ အသက်အန္တရာယ်​ကြုံရလို့ ည​တွင်း​ချင်း ဗေရိမြို့​ကို ထွက်ပြေး​ကြရတယ်။

ဗေရိမြို့သား​တွေဟာ သတင်းကောင်းကို သိချင်​ကြ​တ​ယ်။ ဂရိ​တွေ​ရော ဂျူးတွေ​ပါ ယုံကြည်သူ​တွေ ဖြစ်လာတယ်။ ဒါပေမဲ့ သက်သာလောနိတ်​မြို့ကနေ ဂျူး​တချို့​ရောက်လာပြီး ဆူပူ​ဖို့ နှိုးဆော်​လို့ အေသင်​မြို့​ကို ပေါလု​ထွက်​သွားတယ်။ တိမောသေ​နဲ့ သိလ​က​တော့ ဗေရိမြို့မှာ နေ​ခဲ့​ပြီး ညီအစ်ကို​တွေကို ကူညီပေးတယ်။ နောက်ပိုင်းမှာ ပေါလုက နှိပ်စက်ညှဉ်းဆဲခံနေရတဲ့ ညီအစ်ကို​တွေကို ကူညီပေးဖို့ တိမောသေကို သက်သာလောနိတ်​မြို့​ဆီ ပြန်သွားခိုင်းတယ်။ အဲဒီအပြင် တခြား​အသင်းတော်တွေ​ဆီ​ကိုလည်း သွားပြီး အားပေးတည်ဆောက်​ခိုင်း​တ​ယ်။

တိမောသေကို ပေါလုက ‘ယေဟောဝါရဲ့ အမှုတော်ဆောင်​ချင်သူတွေ နှိပ်စက်ခံရမှာပဲ’ လို့ပြောတယ်။ ဒီအတိုင်း​ပဲ တိမောသေ​လည်း သူ့​ယုံကြည်ခြင်း​ကြောင့် နှိပ်စက်​ညှဉ်းဆဲ​ခံရပြီး ထောင်ကျ​တ​ယ်။ ယေဟောဝါကို သစ္စာစောင့်သိ​တယ်ဆိုတာ ပြ​ခွင့်​ရလို့ တိမောသေ ဝမ်းသာတယ်။

ဖိလိပ္ပိ​မြို့သား​တွေကို ပေါလုက ‘တိမောသေကို ခင်ဗျား​တို့ဆီ လွှတ်​ပေးမယ်။ သူက ဘုရားသခင်ကို ကိုးကွယ်သူတွေ ဘယ်လိုနေထိုင်ရမယ်ဆိုတာ သင်ပေးလိမ့်မယ်။ အမှုတော်ဆောင်​လုပ်ငန်းမှာ လေ့ကျင့်ပေး​လိမ့်မယ်’ လို့ပြောတယ်။ တိမောသေကို ယုံကြည်စိတ်ချ​လို့​ရ​မှန်း ပေါလု​သိတယ်။ သူတို့​နှစ်ယောက်​ဟာ မိတ်ဆွေတွေ၊ အမှုဆောင်​ဖက်တွေအဖြစ် နှစ်​အတော်ကြာ တွဲလုပ်​ဆောင်​ခဲ့ကြတယ်။

“သူ့လို​မျိုး ခင်ဗျား​တို့​အကျိုးကို တကယ်​လိုလား​တဲ့​သူ ကျွန်တော့်​မှာ မရှိဘူး။ တခြားသူတွေကျ​တော့ ယေရှုခရစ်​ရဲ့ အကျိုးကို မ​ရှာ​ဘဲ ကိုယ့်​အကျိုးကို​ပဲ ရှာ​နေကြတယ်။”—ဖိလိပ္ပိ ၂:၂၀၊ ၂၁