မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၂

ပထမဆုံး ယောက်ျားနဲ့ မိန်းမကို ဘုရားသခင် ဖန်ဆင်း

ပထမဆုံး ယောက်ျားနဲ့ မိန်းမကို ဘုရားသခင် ဖန်ဆင်း

ယေဟောဝါက ဧဒင်​ဆိုတဲ့ နေရာမှာ ဥယျာဉ်​တစ်ခု စိုက်ပျိုး​ထားတယ်။ အဲဒီ​ဥယျာဉ်​ထဲမှာ သစ်ပင်​ပန်း​မ​န်​တွေနဲ့ တိရစ္ဆာန်တွေ အပြည့်​ပဲ။ ဘုရား​သခင်က ပထမဆုံး​လူ အာဒံ​ကို ဖန်ဆင်း​ဖို့ မြေမှုန့်​နဲ့ ပုံဖော်​ပြီး နှာခေါင်း​ထဲ အသက်စွမ်းအား​ကို မှုတ်​လိုက်တဲ့​အခါ အသက်ရှင်​တဲ့​လူ ဖြစ်လာတယ်။ ဥယျာဉ်​ကို စောင့်ရှောက်​ဖို့၊ တိရစ္ဆာန်​အားလုံးကို နာမည်​ပေးဖို့ အာဒံ​ကို ယေဟောဝါ တာဝန်ပေး​တယ်။

ယေဟောဝါက အာဒံ​ကို အရေးကြီးတဲ့ ပညတ်​တစ်ခု​လည်း ပေး​သေးတယ်– ‘အပင်​အားလုံးရဲ့ အသီး​ကို မင်း​စား​ခွင့်​ရှိတယ်။ ဒါပေမဲ့ အပင်​တစ်ပင်​ရဲ့ အသီး​ကိုတော့ မစား​နဲ့။ စား​ရင် မင်း သေမယ်’ တဲ့။

နောက်ပိုင်းမှာ ယေဟောဝါက ‘အာဒံ​ကို ကူညီ​မယ့်​သူ ငါ​လုပ်ပေး​မယ်’ လို့​ပြောပြီး အာဒံကို အိပ်ပျော်​စေတယ်။ ပြီးတော့ အာဒံရဲ့ နံရိုး​တစ်ချောင်း​နဲ့ မိန်းမ​တစ်ယောက် ဖန်ဆင်း​တယ်။ သူ့နာမည်က ဧဝ​တဲ့။ အာဒံနဲ့​ဧဝ​ဟာ ပထမဆုံး မိသားစု​ ဖြစ်လာတယ်။ ဧဝကို​တွေ့​တော့ အာဒံ ဘယ်လို​ခံစားရ​သလဲ။ ‘ဒါ​လေး​က ငါ့​နံရိုး​နဲ့ ဘုရား​ဖန်ဆင်း​ပေး​ထားတာ၊ ငါ့​လို​လူ​ပါလား’ လို့ ဝမ်းသာအားရ ပြောတယ်။

ယေဟောဝါက အာဒံနဲ့ ဧဝ​ကို သားသမီး​တွေမွေး​ပြီး ကမ္ဘာမြေ​ကို ပြည့်စေ​ပါလို့ ပြောတယ်။ ကမ္ဘာ​တစ်ခုလုံး ပရဒိသု ဒါမှမဟုတ် ဧဒင်ဥယျာဉ်​လို လှပတဲ့​ပန်းခြံ​ဖြစ်အောင် လုပ်ကြ​ပါ​လို့လည်း ပြော​သေးတယ်။ ဒါပေမဲ့ အဲဒီလို မဖြစ်​လာ​ဘူး။ ဘာကြောင့်လဲ သိလား။ နောက်​အခန်း​မှာ ဖော်ပြထားတယ်။

‘အစအဦး​မှာ ဖန်ဆင်းရှင်​က ယောက်ျား​နဲ့​မိန်းမ​ကို ဖန်ဆင်း​ခဲ့တယ်။’ —မဿဲ ၁၉:၄