သင်ခန်းစာ ၁၂
ယာကုပ် အမွေရရှိခဲ့
အိဇက်ဟာ ရေဗက္ကာနဲ့ လက်ထပ်ချိန်မှာ အသက် ၄၀ ရှိပြီ။ ရေဗက္ကာကို သူ သိပ်ချစ်တာ။ နောက်ပိုင်းမှာ သားအမြွှာ မွေးလာတယ်။
သားကြီးကို ဧသောလို့မှည့်ပြီး သားငယ်ကို ယာကုပ်လို့ မှည့်တယ်။ ဧသောဟာ တောမှာပျော်တဲ့ မုဆိုးဖြစ်လာတယ်။ ယာကုပ်ကျတော့ တဲမှာအနေများတယ်။
အဲဒီခေတ်အခါမှာ အကြီးဆုံးသားတွေဟာ ဖခင်သေသွားရင် နယ်မြေတွေ အများကြီး၊ ပိုက်ဆံတွေအများကြီး အမွေရတယ်။ အိဇက် အမွေပေးရမယ့်အထဲမှာ အာဗြဟံကို ယေဟောဝါပေးခဲ့တဲ့ ကတိလည်းပါတယ်။ ဧသောဟာ အဲဒီကတိကို စိတ်မဝင်စားဘူး။ ယာကုပ်ကျတော့ ဒီကတိဟာ သိပ်အရေးကြီးမှန်း သိထားတယ်။
တစ်နေ့၊ တစ်နေကုန် အမဲလိုက်ပြီး မောမောနဲ့ ဧသော အိမ်ပြန်လာတယ်။ ယာကုပ်ချက်နေတဲ့ ဟင်းနံ့ရပြီး ဧသောက ‘ငါ ဆာလှပြီ။ မင်းရဲ့ ပဲဟင်းနီ နည်းနည်းလောက် ကျွေးစမ်းပါ’ လို့ပြောတယ်။ ယာကုပ်က ‘ကျွေးမယ်။ ဒါပေမဲ့ မင်းရဲ့သားဦးအခွင့်အရေးကို ပေးမယ်လို့ အရင်ကတိပေး’ လို့ပြန်ပြောတယ်။ ဧသောက ‘ဒီအခွင့်အရေးကို ဘာလုပ်ရမှာလဲ။ မင်းယူလိုက်။ ငါ စားချင်နေပြီ’ လို့ ပြန်ပြောတယ်။ ဧသောလုပ်တာ ပညာရှိသလား။ မရှိဘူး။ ဧသောဟာ ပဲဟင်းတစ်ခွက်အတွက် သိပ်တန်ဖိုးရှိတဲ့အရာကို စွန့်လွှတ်လိုက်တယ်။
အိဇက် အသက်ကြီးလာတဲ့အခါ သားကြီးကို ကောင်းချီးပေးဖို့ အချိန်ရောက်လာပါပြီ။ ဒါပေမဲ့ သားငယ်ကောင်းချီးရဖို့ ရေဗက္ကာ ကူညီပေးလိုက်တယ်။ ဧသောသိသွားတဲ့အခါ အရမ်းစိတ်ဆိုးပြီး အမြွှာညီလေးကို သတ်ဖို့ကြံစည်တယ်။
အိဇက်နဲ့ ရေဗက္ကာလည်း ယာကုပ်ကို ကာကွယ်ပေးချင်တော့ ‘ဧသော စိတ်ပြေတဲ့အထိ မင်းအမေရဲ့အစ်ကို လာဗန်ဆီသွားနေပါ’ လို့ လွှတ်လိုက်တယ်။ မိဘစကားနားထောင်ပြီး ယာကုပ်လည်း ထွက်ပြေးသွားတယ်။“တစ်လောကလုံးကို ပိုင်ဆိုင်ထားပေမဲ့ အသက်ဆုံးရှုံးသွားရင် ဘာအကျိုးရှိမှာလဲ။ ကိုယ့်အသက်ကို ဘာနဲ့ပြန်လဲယူလို့ ရမှာလဲ။” —မာကု ၈:၃၆၊ ၃၇