သင်ခန်းစာ ၁၆
ယောဘက ဘယ်သူလဲ
ဥဇပြည်မှာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူတစ်ယောက်ရှိတယ်။ သူ့နာမည်က ယောဘတဲ့။ သူဟာ သူဌေးဖြစ်ပြီး မိသားစုလည်းကြီးတယ်။ ဆင်းရဲသားတွေ၊ မုဆိုးမတွေ၊ မိဘမဲ့ကလေးတွေကို ကူညီပေးသူ၊ ကြင်နာတတ်တဲ့သူလည်း ဖြစ်တယ်။ လူကောင်းဖြစ်လို့ သူ ဘယ်တော့မှ ဒုက္ခမတွေ့တော့ဘူးလား။
ယောဘဟာ သူ့ကို စာတန်မာရ်နတ် စောင့်ကြည့်နေမှန်း မသိရှာဘူး။ ယေဟောဝါက စာတန်ကို ‘ငါ့ကျွန် ယောဘကို သတိထားမိသလား။ သူ့လိုလူ တစ်ယောက်မှ ကမ္ဘာပေါ်မှာ မရှိဘူး။ ငါ့စကားကို သူနားထောင်ပြီး မှန်တာကိုလုပ်တယ်’ လို့ပြောတော့ စာတန်က ‘ယောဘ နားထောင်မှာပေါ့။ သူ့ကို ကာကွယ်ပြီး ကောင်းချီး ပေးထားတာကိုး။ သူ့မြေတွေ၊ တိရစ္ဆာန်တွေကို ဖျက်ဆီးကြည့်ပါလား၊ ဆက်ဝတ်ပြုတော့မှာ မဟုတ်ဘူး’ လို့ဖြေတယ်။ ဒါနဲ့ ယေဟောဝါက ‘ယောဘကို မင်း စမ်းသပ်နိုင်တယ်။ သူ့အသက်ကိုတော့ မထိနဲ့’ လို့ စာတန်ကို ပြောတယ်။ ယောဘကို စမ်းသပ်ခွင့် ဘာလို့ပေးတာလဲ။ ယေဟောဝါ သူ့ကို ယုံကြည်စိတ်ချလို့ပါ။
စာတန်ဟာ ဘေးဒုက္ခအမျိုးမျိုးနဲ့ ယောဘကို စမ်းသပ်တယ်။ ဦးဆုံး၊ ယောဘရဲ့ နွားတွေနဲ့ မြည်းတွေကို ခိုးသွားဖို့ သေဘလူမျိုးကို လွှတ်လိုက်တယ်။ ပြီးတော့ ယောဘရဲ့ သိုးအားလုံးကို မီးနဲ့ ဖျက်ဆီးပစ်တယ်။ ကုလားအုတ်တွေကို ခါလဒဲလူမျိုး ခိုးသွားတယ်။ တိရစ္ဆာန် ထိန်းကျောင်းသူတွေလည်း အသတ်ခံရတယ်။ အဆိုးဆုံးက ယောဘ သားသမီးအားလုံး စုဆုံစားသောက်နေတုန်း အိမ်ပြိုကျပြီး သေကုန်တဲ့သတင်းပဲ။ ယောဘခမျာ စိတ်နှလုံးကြေကွဲသွားပေမဲ့ ယေဟောဝါကို ဆက်ကိုးကွယ်ဝတ်ပြုတုန်းပဲ။
စာတန်က ယောဘကို ဒီထက်မက ဒုက္ခခံစားစေချင်တယ်။ ဒီတော့ ယောဘ တစ်ကိုယ်လုံးမှာ အနာစိမ်းတွေ ပေါက်စေလို့ သူ့ခမျာ အကြီးအကျယ် နာကျင်နေတယ်။ ဘာကြောင့် ဒါတွေဖြစ်နေမှန်း
ယောဘ မသိရှာဘူး။ ဒါတောင်မှ ယေဟောဝါကို သူဆက်ကိုးကွယ်တယ်။ ဘုရားက ဒါတွေအားလုံးကို မြင်ပြီး ယောဘ သစ္စာရှိလို့ အရမ်းဝမ်းသာတယ်။ယောဘကို စမ်းသပ်ဖို့ စာတန်က လူသုံးယောက် လွှတ်လိုက်သေးတယ်။ သူတို့က ‘မင်း အပြစ်လုပ်ပြီး မဝန်ခံလို့ ဘုရား ဒဏ်ပေးနေတာ’ ဆိုပြီးပြောတော့ ယောဘက ‘ငါ ဘာအမှားမှ မလုပ်ဘူး’ လို့ဖြေတယ်။ ဒီဒုက္ခတွေကို ယေဟောဝါ ခံစားစေတာပဲလို့ သူထင်ပြီး ဘုရားက မတရားဘူးလို့ စဉ်းစားမိလာရော။
လူကြီးတွေ အပြန်အလှန် ပြောဆိုနေတာကို လူငယ် ဧလိဟု နားထောင်နေတယ်။ မနေနိုင်တော့တဲ့အဆုံး ‘ခင်ဗျားတို့အားလုံး ပြောတာ မှားတယ်။ ယေဟောဝါရဲ့ ကြီးမြတ်မှုကို ကျွန်တော်တို့ အပြည့်အဝ မသိနိုင်ဘူး။ ဘုရားသခင်က ဆိုးညစ်တာကို ဘယ်တော့မှ မလုပ်ဘူး။ အရာအားလုံးကို ကိုယ်တော် မြင်တယ်။ ဒုက္ခရောက်နေသူကို ကယ်ဆယ်တယ်’ လို့ သူဝင်ပြောတယ်။
ယေဟောဝါက ယောဘကို ‘ကောင်းကင်နဲ့ မြေကြီးကို ငါဖန်ဆင်းတုန်းက မင်း ဘယ်မှာရှိသလဲ။ ငါ မတရားဘူးလို့ ဘာလို့ပြောရတာလဲ။ ဖြစ်ရတဲ့အကြောင်းရင်းကို မသိဘဲ မင်းပြောနေတယ်’ လို့ပြောတဲ့အခါ ယောဘက သူ့အမှားသူ ဒီလိုဝန်ခံတယ်– ‘ကျွန်တော် မှားပါတယ်။ ကိုယ်တော့်အကြောင်းကို အရင်က ကြားဖူးရုံပဲ ရှိတယ်။ အခုတော့ ကိုယ်တော့်ကို အသေအချာသိပါပြီ။ ကိုယ်တော် မတတ်နိုင်တာ ဘာမှမရှိဘူး။ ပြောမိတာတွေအတွက် တောင်းပန်ပါတယ်။’
အမျိုးမျိုး စမ်းသပ်ခံရပြီးနောက် ယောဘကို ယေဟောဝါ ပြန်ကျန်းမာလာစေပြီး အရင်ကထက် ပိုချမ်းသာကြွယ်ဝစေတယ်။ ယောဘဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ရှည်ရှည် နေခဲ့ရတယ်။ ခက်ခဲနေချိန်မှာတောင် ဘုရားစကား နားထောင်ခဲ့လို့ သူ ကောင်းချီးခံစားခဲ့ရတယ်။ ယောဘလို ဘာပဲဖြစ်ဖြစ် ယေဟောဝါကို အမြဲဝတ်ပြုကိုးကွယ်မလား။
“ခင်ဗျားတို့က ယောဘရဲ့ခံနိုင်ရည်အကြောင်း ကြားဖူးသလို သူ့ကို ယေဟောဝါ ကောင်းချီးပေးခဲ့တာကိုလည်း သိထားကြတာပဲ။” —ယာကုပ် ၅:၁၁