သင်ခန်းစာ ၃၆
ယေဖသရဲ့ ကတိ
ယေဟောဝါကို အစ္စရေးတွေ စွန့်ပြီး တခြားဘုရားတွေကို ကိုးကွယ်ကြတယ်။ အမ္မုန်လူတွေက အစ္စရေးတွေကို လာတိုက်ခိုက်တဲ့အခါ အဲဒီဘုရားတွေက သူတို့ကို မကူညီဘူး။ ဒါနဲ့ အစ္စရေးတွေက နှစ်အတော်ကြာ ဆင်းရဲဒုက္ခ ခံနေကြရတယ်။ နောက်ဆုံးတော့၊ ယေဟောဝါကို သူတို့က ‘ကျွန်တော်တို့ ပြစ်မှားပါပြီ။ ရန်သူတွေ လက်ထဲကနေ ကျွန်တော်တို့ကို ကယ်နုတ်ပါ’ လို့ အသနားခံတယ်။ အစ္စရေးတွေက သူတို့ရဲ့ ရုပ်တုတွေကို ဖျက်ဆီးလိုက်ပြီး ယေဟောဝါကို ပြန်ကိုးကွယ်တယ်။ သူတို့ ဒုက္ခခံနေရတာကို ယေဟောဝါ မကြည့်ရက်တော့ဘူး။
အမ္မုန်လူတွေကို ထွက်တိုက်ခိုက်ဖို့ ယေဖသလို့ခေါ်တဲ့ စစ်သူရဲတစ်ယောက်ကို ရွေးကြတယ်။ ဒီအခါ ယေဟောဝါကို သူက ‘ဒီစစ်ကို အနိုင်ရစေမယ်ဆိုရင် ကျွန်တော် အိမ်ပြန်ရောက်တဲ့အခါ အရင်ဆုံး ထွက်ကြိုတဲ့သူကို ကိုယ်တော့်ကို ဆက်သပါ့မယ်’
လို့ပြောတယ်။ ယေဟောဝါက ယေဖသရဲ့ ဆုတောင်းသံကို နားထောင်ပြီး စစ်နိုင်ဖို့ ကူညီပေးတာပေါ့။ယေဖသ အိမ်ပြန်ရောက်တော့ သူ့ကို အိမ်ထဲကနေ အရင်ဆုံး ထွက်လာပြီး ကြိုဆိုတဲ့သူက သူ့ရဲ့ တစ်ဦးတည်းသမီးလေး ဖြစ်တယ်။ သူက ချူတပ်ဗုံကို တီးရင်း ကခုန်ပြီး လာကြိုတယ်။ ဒီအခါ ယေဖသ ဘာလုပ်သလဲ။ သူ့ရဲ့ကတိကို သတိရပြီး ‘အိုသမီးရယ်၊ အဖေ ရင်ကွဲရပြီ။ ယေဟောဝါကို အဖေ ကတိပေးထားတယ်။ အဲဒီကတိတည်ဖို့ သမီးလေးကို ရှိလောမြို့က တဲတော်မှာ အမှုထမ်းဖို့ ပို့လိုက်ရတော့မှာပါလား’ ဆိုပြီး ပြောတော့ သမီးက ဒီလိုပြန်ပြောတယ်။ ‘အဖေ၊ ယေဟောဝါကို ကတိပေးထားတယ်ဆိုရင် ကတိတည်ရမယ်လေ။ ကျွန်မ တောင်းဆိုချင်တာ တစ်ခုပဲ၊ နှစ်လလောက် သူငယ်ချင်းတွေနဲ့ တောင်ပေါ်မှာ သွားနေပါရစေ။ ပြီးရင် ကျွန်မသွားပါ့မယ်။’ ယေဖသရဲ့သမီးဟာ တဲတော်မှာ တစ်သက်လုံး အမှုထမ်းခဲ့တယ်။ သူ့ဆီကို သူငယ်ချင်းတွေက နှစ်တိုင်း သွားလည်တယ်။
“ကျွန်တော့်ထက် သားသမီးကို ပိုချစ်တဲ့သူက ကျွန်တော့်တပည့် မဖြစ်ထိုက်ဘူး။” —မဿဲ ၁၀:၃၇