သင်ခန်းစာ ၃၁
ယောရှုနဲ့ ဂိဗောင်မြို့သားတွေ
ယေရိခေါမြို့ သတင်းဟာ ခါနန်ပြည်က တခြားလူမျိုးတွေဆီအထိ ပျံ့နှံ့သွားတယ်။ ဒီတော့ အစ္စရေးလူမျိုးကို ဘုရင်ငါးပါးက ပူးပေါင်းတိုက်ခိုက်ဖို့ ဆုံးဖြတ်တယ်။ ဂိဗောင်မြို့သားတွေကတော့ သူတို့နဲ့မပူးပေါင်းချင်ဘဲ ယောရှုဆီ ဟောင်းနွမ်းစုတ်ပြဲနေတဲ့ အဝတ်တွေကို ဝတ်ပြီး သွားကြတယ်။ ‘ကျွန်တော်တို့ အဝေးကြီးက လာတာပါ။ ယေဟောဝါအကြောင်း ကြားဖူးတယ်။ အီဂျစ်ပြည်နဲ့ မောဘပြည်မှာ ခင်ဗျားတို့အတွက် ကိုယ်တော် လုပ်ပေးသမျှကို ကြားတယ်။ ကျွန်တော်တို့ကို မတိုက်ပါနဲ့။ ခင်ဗျားတို့ဆီမှာ ကျွန်ခံပါ့မယ်’ လို့ပြောတယ်။
ယောရှုက သူတို့ကိုယုံပြီး မတိုက်ဘူးလို့ ကတိပေးတယ်။ သုံးရက်ကြာတော့ ဒီလူတွေဟာ ရပ်ဝေးက မဟုတ်ဘဲ ခါနန်ပြည်ကလူတွေဆိုတာ သိသွားတယ်။ ဒါနဲ့ ယောရှုက ‘ငါတို့ကို ဘာကြောင့် လိမ်ပြောတာလဲ’ လို့မေးတော့ ဂိဗောင်မြို့သားတွေက ‘ကြောက်လို့ပါ။ ခင်ဗျားတို့ရဲ့ ဘုရား ယေဟောဝါဟာ ခင်ဗျားတို့အတွက် စစ်တိုက်ပေးနေမှန်း သိတယ်။ ကျွန်တော်တို့ကို မသတ်ပါနဲ့’ လို့ပြောတယ်။ ယောရှုက သူတို့ကို ကတိပေးထားတဲ့အတိုင်း အသက်ချမ်းသာပေးလိုက်တယ်။
မကြာခင်မှာ ခါနန်ဘုရင် ငါးပါးနဲ့ သူတို့ရဲ့ စစ်တပ်တွေက ဂိဗောင်မြို့သားတွေကို လာခြိမ်းခြောက်တယ်။ သူတို့ကို ကယ်ဖို့ ယောရှုနဲ့ သူ့စစ်တပ်က တစ်ညလုံး ချီတက်လာတယ်။
နောက်နေ့ မနက်စောစော စစ်တိုက်ကြပါလေရော။ ခါနန်လူမျိုးတွေ စစ်ရှုံးပြီး ထွက်ပြေးနေကြတဲ့အခါ ယေဟောဝါက သူတို့အပေါ် မိုးသီးကြီးတွေ ကျစေတယ်။ အဲဒီနေ့မှာ ယောရှုက နေကို ရပ်နေစေဖို့ ယေဟောဝါဆီ တောင်းဆိုတယ်။ နေဟာ တစ်ခါမှ မရပ်ဖူးဘဲနဲ့ ယေဟောဝါကို ဘာကြောင့် အဲဒီလို တောင်းဆိုတာလဲ။ ယေဟောဝါကို ယောရှု ယုံကြည်ကိုးစားတဲ့အတွက် ဖြစ်တယ်။ အဲဒီတစ်နေ့လုံး နေမဝင်လို့ ခါနန်ဘုရင်တွေနဲ့ သူတို့ရဲ့ စစ်တပ်တွေကို အစ္စရေးတွေ အနိုင်ယူနိုင်ခဲ့တယ်။“ဟုတ်ရင် ‘ဟုတ်တယ်၊’ မဟုတ်ရင် ‘မဟုတ်ဘူး’ ဒါပဲပြောပါ။ ဒီထက်ပိုတဲ့ စကားဟာ ဆိုးညစ်သူဆီက လာတာပဲ။”—မဿဲ ၅:၃၇