မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၃၈

ယေဟောဝါက ရှံဆုန်ကို ခွန်အားရှိစေ

ယေဟောဝါက ရှံဆုန်ကို ခွန်အားရှိစေ

ဒီ​တစ်ခါ​လည်း အစ္စရေး​တွေဟာ တခြား​ဘုရားတွေ​ကို ကိုးကွယ်​နေ​ပြန်ပြီ။ ဒါနဲ့ ယေဟောဝါက သူတို့​နိုင်ငံ​ကို ဖိလိတိ​လူတွေ​လက်ထဲ အပ်​လိုက်တယ်။ ဒါပေမဲ့ ယေဟောဝါကို ချစ်တဲ့ အစ္စရေးတွေ​လည်း ရှိပါ​သေးတယ်။ တစ်ယောက်က မာနော် ဖြစ်တယ်။ သူနဲ့ သူ့​မိန်းမ​မှာ ကလေးမ​ရှိ​ဘူး။ တစ်နေ့​ကျတော့ ယေဟောဝါက မာနော်​မိန်းမ​ဆီ ကောင်းကင်တမန်​တစ်ပါး စေလွှတ်​လိုက်တယ်။ ကောင်းကင်တမန်​က ‘ခင်ဗျား သား​မွေး​မယ်။ သူက ဖိလိတိ​တွေ လက်ထဲကနေ အစ္စရေး​တွေကို ကယ်တင်​မယ်။ သူက နာဇရိ​လူ ဖြစ်​လိမ့်မယ်’ တဲ့။ နာဇရိလူတွေက ဘယ်သူ​တွေလဲ သိလား။ သူတို့က ယေဟောဝါ အထူးရွေးချယ်​ထားတဲ့​သူတွေ။ နာဇရိ​လူတွေဟာ ဆံပင်​ညှပ်​ခွင့်​မရှိဘူး။

မာနော် သားက​လေး မွေး​လာတဲ့အခါ သူ့ကို ရှံဆုန်​လို့ နာမည်​ပေးတယ်။ ရှံဆုန် လူကြီးဖြစ်လာတဲ့​အခါ ယေဟောဝါက သူ့ကို ခွန်အားကြီး​တဲ့​သူ ဖြစ်လာ​စေတယ်။ သူ့လက်နှစ်ဖက်​နဲ့​ပဲ ခြင်္သေ့​ကို သတ်​နိုင်တယ်။ တစ်ခါ​က သူ တစ်ယောက်တည်း​နဲ့ ဖိလိတိ​လူ ၃၀ ကို​သတ်​ခဲ့တယ်။ ဒါကြောင့် ဖိလိတိ​လူတွေ​က သူ့ကို သိပ်​မုန်း​လို့ သတ်ပစ်​ဖို့ ရှာကြံ​နေကြတယ်။ တစ်ည​တော့ ရှံဆုန်​ဟာ ဂါဇာ​မြို့မှာ အိပ်​နေတုန်း မနက်​ကျ​ရင် သူ့ကို​သတ်ပစ်​ဖို့ မြို့​ဂိတ်တံခါး​မှာ သူတို့ သွား​စောင့်​နေကြတယ်။ ဒါပေမဲ့ သန်း​ခေါင်​အချိန်​မှာ မြို့​ဂိတ်တံခါး​ဆီ ရှံဆုန်​သွားပြီး ဂိတ်တံခါး​ကို ဆွဲနုတ်​လိုက်​ပြီး ဟေဗြုန်​နားက တောင်ထိပ်​ပေါ်​ကို ထမ်း​သွား​ပါ​လေ​ရော။

နောက်တော့ ရှံဆုန်​ရဲ့ ရည်းစား ဒေလိလ​ဆီ ဖိလိတိ​လူတွေ​သွားပြီး ‘ရှံဆုန် ဒီလောက်​အားရှိတာ ဘာကြောင့်လဲ​ဆိုတာ မေး​ပြီး​ပြောပြ​ရင် မင်း​ကို ငွေ​ပြား ၅,၅၀​၀ ပေးမယ်၊ သူ့ကို ဖမ်း​ပြီး ထောင်ချ​ထားချင်​တ​ယ်’ လို့ပြောတယ်။ ဒေလိလ​က ငွေ​လိုချင်​တာနဲ့ သဘောတူ​လိုက်တယ်။ အစ​မှာတော့ သူ့မှာ ဘာကြောင့် ဒီလောက်​အားရှိ​တဲ့​အကြောင်း ရှံဆုန် မပြောပြဘူး။ နောက်ဆုံး​တော့ ပူဆာ​လွန်း​လို့ လျှို့ဝှက်ချက်​ကို ထုတ်ပြော​လိုက်တယ်။ ‘ငါ​က နာဇရိ​လူ​ဖြစ်လို့ တစ်ခါ​မှ ဆံပင် မ​ရိတ်​မ​ဖြတ်​ဖူး​ဘူး။ ငါ့​ဆံပင်​ကို ဖြတ်​ရင် ငါ​ခွန်အား​ရှိတော့မှာ မဟုတ်ဘူး’ လို့ ပြောပြတယ်။ ဒီလို ရှံဆုန် ပြောလိုက်​တာ အမှား​ကြီး မှား​တာပဲ။

ဒေလိလ​က ‘သူ့​လျှို့ဝှက်ချက်​ကို ကျွန်မ​သိ​ပြီ’ လို့ ဖိလိတိ​လူတွေကို ချက်ချင်း​ပြောပြတယ်။ ဒီ​နောက် သူ့​ပေါင်​ပေါ်မှာ ရှံဆုန်​ကို သိပ်​လိုက်​ပြီး ဆံပင် လာ​ဖြတ်​ခိုင်း​တ​ယ်။ ပြီးတော့ ‘ရှံဆုန်၊ ဖိလိတိ​တွေ ရောက်လာ​ပြီ’ ဆိုပြီး အော်​လိုက်​တော့ ရှံဆုန် နိုး​သွားတယ်။ သူ့မှာ ခွန်အား​မရှိတော့​တဲ့​အတွက် ဖိလိတိ​လူတွေ​က သူ့ကို​ဖမ်း၊ မျက်စိ​ဖောက်​ပြီး ထောင်​ထဲမှာ ချုပ်ထားတယ်။

တစ်နေ့​ကျတော့ ထောင်နဲ့​ချီတဲ့ ဖိလိတိ​လူတွေ​က သူတို့​ဘုရား ဒါဂုန်​ရဲ့ ဘုရားကျောင်း​ထဲမှာ စုဝေး​ပြီး ‘ငါ​တို့​ဘုရားက ငါ​တို့​လက်ထဲ ရှံဆုန်​ကို​အပ်​ပြီ။ ငါ​တို့​ကို ဖျော်ဖြေ​ဖို့ ရှံဆုန်​ကို ခေါ်လာ​ခဲ့’ လို့​အော်ပြော​ကြ​တ​ယ်။ ဒါနဲ့ သူ့ကို တိုင်​နှစ်လုံး​ကြား နေခိုင်း​ပြီး သရော်​နေကြ​တုန်း ရှံဆုန်​က ‘အိုယေဟောဝါ၊ ကျွန်တော့်ကို တစ်ကြိမ်​ပဲ ခွန်အားပြ​န်​ပေးပါ’ လို့ အသံ​ကျယ်​နဲ့ ဆုတောင်း​လိုက်တယ်။ အဲဒီအချိန်​မှာ ရှံဆုန်​ရဲ့ ဆံပင်​လည်း ပြန်​ရှည်​နေ​ပြီ။ တိုင်​နှစ်လုံး​ကို ခွန်အား​ရှိသမျှနဲ့ သူ​တွန်း​လိုက်တဲ့​အခါ တစ်​တိုက်​လုံး ပြိုကျပြီး အထဲ​မှာရှိတဲ့ လူအားလုံး သေ​ကုန်​ရော။ ရှံဆုန်လည်း သေသွား​ရှာ​တ​ယ်။

‘ကျွန်တော့်ကို အစွမ်းခွန်အား​ပေးတဲ့ ဘုရားသခင်​ကြောင့် အရာရာ​ကို စွမ်းဆောင်​နိုင်တယ်’—ဖိလိပ္ပိ ၄:၁၃