သင်ခန်းစာ ၄၈
မုဆိုးမရဲ့သား အသက်ပြန်ရှင်လာ
မိုးခေါင်နေချိန်မှာ ယေဟောဝါက ဧလိယကို ‘ဇရတ္တမြို့ကို သွားပါ။ မုဆိုးမတစ်ယောက်က မင်းကို ကျွေးမွေးလိမ့်မယ်’ လို့ပြောတယ်။ မြို့တံခါးနားမှာ ဆင်းရဲတဲ့ မုဆိုးမတစ်ယောက် ထင်းကောက်နေတာ ဧလိယ တွေ့တယ်။ ရေတစ်ခွက်တိုက်ပါလို့ တောင်းလိုက်တယ်။ ရေသွားယူတဲ့အခါ ဧလိယက ‘မုန့်တစ်ချပ်ပါ ယူလာပေးပါလား’ လို့ပြောတော့ မုဆိုးမက ‘ကျွန်မမှာ ဘာမုန့်မှ မရှိဘူး။ ကျွန်မသားနဲ့ ကျွန်မစားဖို့ ဂျုံနည်းနည်းနဲ့ ဆီနည်းနည်းပဲ ရှိတယ်’ လို့ပြောတယ်။ ဧလိယက ‘ကျုပ်အတွက် မုန့်လုပ်ပေးရင် မိုးပြန်ရွာတဲ့အထိ မင်းရဲ့ဂျုံနဲ့ဆီ မကုန်စေရဘူးလို့ ယေဟောဝါ ကတိပေးတယ်’ လို့ ပြောတယ်။
ဒါနဲ့ မုဆိုးမက အိမ်ပြန်ပြီး ယေဟောဝါရဲ့ ပရောဖက်အတွက် မုန့်လုပ်ပေးတယ်။ ဒီနောက် ယေဟောဝါ ပြောတဲ့အတိုင်း မုဆိုးမနဲ့ သူ့သားဟာ မိုးခေါင်နေချိန်အတွင်းမှာ စားစရာ မပြတ်ခဲ့ဘူး။ ဂျုံနဲ့ဆီ အမြဲရှိခဲ့တယ်။
နောက်ပိုင်း အဖြစ်ဆိုးတစ်ခု ကြုံလိုက်ရတယ်။ မုဆိုးမရဲ့သားလေး အသည်းအသန်ဖျားပြီး ဆုံးသွားတယ်။ ဧလိယကို အကူအညီတောင်းတဲ့အခါ ဧလိယက မုဆိုးမရဲ့သားကို
ပွေ့ပြီး သူ့အခန်းကို တက်သွားတယ်။ ကလေးကို ခုတင်ပေါ်တင်ပြီး ‘ယေဟောဝါ၊ ကလေးအသက်ပြန်ရှင်လာအောင် လုပ်ပေးပါ’ လို့ဆုတောင်းတယ်။ အဲဒီလို ယေဟောဝါ လုပ်ပေးမယ်ဆိုရင် ဘာလို့ အံ့ဩစရာဖြစ်မလဲ။ ဘာလို့လဲဆိုတော့ လူသေကနေ အသက်ပြန်ရှင်လာသူ တစ်ခါမှ မရှိဖူးဘူး။ ပြီးတော့ ဒီမုဆိုးမနဲ့ သူ့သားလေးက အစ္စရေးလူမျိုးလည်း မဟုတ်ဘူး။ဒါပေမဲ့ ကလေး အသက်ပြန်ရှင်လာတယ်။ ဒါနဲ့ ဧလိယက မုဆိုးမကို ‘ကြည့်ပါ၊ ခင်ဗျားသား အသက်ပြန်ရှင်ပြီ’ လို့ ပြောတယ်။ သူ သိပ်ပျော်သွားပြီး ‘ရှင်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့လူ၊ ယေဟောဝါရဲ့ ပရောဖက်ပဲ’ လို့ ဧလိယကို ပြောတယ်။
“ကျီးအတွေကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ မျိုးစေ့ကြဲတာ၊ ရိတ်သိမ်းတာ မလုပ်ဘူး။ သူတို့မှာ ကျီတွေ၊ သိုလှောင်ခန်းတွေ မရှိဘူး။ ဒါပေမဲ့ ဘုရားသခင်က သူတို့ကို ကျွေးထားတာပဲ။ ခင်ဗျားတို့ဟာ အဲဒီငှက်တွေထက် ပိုတန်ဖိုးရှိတယ် မဟုတ်လား။”—လုကာ ၁၂:၂၄