သင်ခန်းစာ ၄၇
ယေဟောဝါ ဧလိယကို ခွန်အားပေး
ဗာလပရောဖက်တွေ အသတ်ခံရတဲ့အကြောင်း ယေဇဗေလကြားတော့ အရမ်းဒေါသထွက်သွားတယ်။ ဒါနဲ့ ‘မနက်ဖြန်ကျရင် ဗာလပရောဖက်တွေလို ဧလိယ သေရမယ်’ လို့ ပြောခိုင်းတယ်။ ဧလိယလည်း ကြောက်ပြီး တောကန္တာရထဲ ထွက်ပြေးသွားတယ်။ ‘ယေဟောဝါ၊ ကျွန်တော် မခံနိုင်တော့ဘူး။ သေပါရစေ’ လို့ ဆုတောင်းပြီး မောလွန်းလို့ အပင်အောက်မှာ အိပ်ပျော်သွားတယ်။
ကောင်းကင်တမန်တစ်ပါးက သူ့ကို လှုပ်နှိုးပြီး ‘ထပြီး စားလိုက်ပါဦး’ လို့ပြောတယ်။ ဧလိယဟာ မုန့်တစ်ချပ်နဲ့ ရေတစ်ဘူးကိုတွေ့တော့ စားသောက်ပြီး ပြန်အိပ်ပျော်သွားတယ်။ ကောင်းကင်တမန်က ပြန်လှုပ်နှိုးပြီး ‘စားလိုက်ပါဦး။ ခရီးကဝေးတယ်၊ အားရှိဖို့လိုတယ်’ လို့ပြောတယ်။ ဒါနဲ့ ဧလိယ ထပ်စားပြန်တယ်။ ပြီးနောက် ဟောရပ်တောင်ကို ရောက်တဲ့အထိ ရက် ၄၀ ခရီးဆက်သွားတယ်။ အဲဒီကိုရောက်တော့ လိုဏ်ဂူထဲ ဝင်အိပ်လိုက်တယ်။ အဲဒီအခါ ယေဟောဝါက ‘ဧလိယ၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ’ လို့မေးတော့ ဧလိယက ‘အစ္စရေးတွေဟာ ကတိဖျက်လိုက်ကြပြီ။ ပူဇော်ရာပလ္လင်တွေကို ဖျက်ဆီးပြီး ပရောဖက်တွေကိုလည်း သတ်လိုက်ကြပြီ။ အခု ကျွန်တော့်ကိုလည်း သတ်ကြတော့မယ်’ လို့ ပြန်ဖြေတယ်။
ယေဟောဝါက ‘တောင်ပေါ်မှာ သွားရပ်နေပါ’ လို့ပြောတယ်။ ပထမ၊ လေပြင်းကြီး တိုက်ပါလေရော။ နောက်တော့ ငလျင်လှုပ်ပြီး မီးလောင်တယ်။ နောက်ဆုံးမှာ ဧလိယဟာ ညင်သာတဲ့စကားသံ ကြားလိုက်ရတယ်။ ဒါနဲ့ သူ့မျက်နှာကို ဝတ်ရုံနဲ့အုပ်ပြီး ဂူဝမှာ သွားရပ်နေတယ်။ ယေဟောဝါက ဘာလို့ထွက်ပြေးတာလဲလို့ မေးတော့ ဧလိယက ‘ကျွန်တော်တစ်ယောက်တည်း ကျန်တော့တာ’ လို့ဖြေတယ်။ ယေဟောဝါက ‘မင်းတစ်ယောက်တည်း မဟုတ်ဘူး။ ငါ့ကို ဝတ်ပြုနေသေးတဲ့သူ ၇,၀၀၀ ကျန်ပါသေးတယ်။ ဧလိရှဲဆီသွားပြီး မင်းအစား ပရောဖက်အဖြစ် ခန့်အပ်ပါ’ လို့ တာဝန်ပေးတော့ ဧလိယလည်း ယေဟောဝါ မှာတာကိုလုပ်ဖို့ ချက်ချင်း ထွက်သွားတယ်။ ယေဟောဝါ လုပ်စေချင်တာကိုလုပ်ရင် ကိုယ်တော် ကူညီပေးမယ်လို့ ထင်သလား။ တကယ် ကူညီပေးမှာ။ မိုးခေါင်ချိန်အတွင်း ဖြစ်ပျက်ခဲ့တာတစ်ခုကို လေ့လာကြည့်ရအောင်။
“ဘာမှ မစိုးရိမ်ဘဲ အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်းကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ။”—ဖိလိပ္ပိ ၄:၆