မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၄၆

ကရမေလတောင်ပေါ်မှာ စမ်းသပ်မှုတစ်ခု ပြုလုပ်ကြ

ကရမေလတောင်ပေါ်မှာ စမ်းသပ်မှုတစ်ခု ပြုလုပ်ကြ

အစ္စရေး​ဆယ်နွယ်နိုင်ငံ​မှာ မင်းဆိုး​အများကြီး​ရှိတဲ့​အထဲ​က အာဟပ်​ဟာ အဆိုးဆုံး​ပဲ။ သူဟာ ဗာလ​ဘုရားကို​ဝတ်ပြု​တဲ့ မိန်းမ​ဆိုး ယေဇဗေလ​ကို လက်ထပ်​ထားတယ်။ အာဟပ်​နဲ့ ယေဇဗေလဟာ ဗာလ​ကို တစ်တိုင်းပြည်လုံး ဝတ်ပြု​အောင်​လုပ်ပြီး ယေဟောဝါရဲ့ ပရောဖက်တွေကို သတ်ပစ်​တ​ယ်။ ယေဟောဝါ ဘာ​လုပ်​သလဲ။ ပရောဖက်​ဧလိယ​ကို အာဟပ်ဆီ လွှတ်လိုက်​တ​ယ်။

ဧလိယ​က အာဟပ်မင်း​ဟာ ဆိုး​လွန်း​လို့ အစ္စရေး​ပြည်​မှာ မိုးခေါင်လိမ့်မယ်လို့ ပြောလိုက်တယ်။ ဒါနဲ့ သုံးနှစ်​ကျော် မိုး​မ​ရွာ​လို့ အငတ်ဘေး ကျရောက်​တော့​တ​ယ်။ ယေဟောဝါက ဧလိယ​ကို အာဟပ်ဆီ နောက်​တစ်ကြိမ် သွား​ခိုင်း​တ​ယ်။ ဘုရင်​က ဧလိယ​ကို ‘မင်းဟာ ပြဿနာကောင်​ပဲ။ ဒါတွေ​ဖြစ်တာ မင်း တရားခံ​ပဲ’ လို့ပြော​တော့ ဧလိယ​က ‘မိုးခေါင်တာ ကျွန်တော့်​ကြောင့် မဟုတ်ဘူး။ မင်းကြီး ဗာလ​ကို ဝတ်ပြု​လို့ပဲ။ အခု စမ်းသပ်​ကြည့်စို့။ အစ္စရေး​တွေနဲ့ ဗာလ​ပရောဖက်​တွေကို က​ရ​မေ​လ​တောင်ပေါ်​မှာ စုရုံး​ခိုင်းပါ’ လို့ပြောတယ်။

ဒါနဲ့ လူတွေ တောင်ပေါ် စုဝေး​လာကြတယ်။ ဧလိယ​က ‘ဆုံးဖြတ်​ကြ။ ယေဟောဝါဟာ စစ်မှန်တဲ့​ဘုရား​ဆိုရင် ကိုယ်တော့်ကို ကိုးကွယ်​ပါ။ ဗာလ​က စစ်မှန်​ရင် သူ့​နောက်လိုက်​ကြ။ ကျွန်တော် စိန်ခေါ်​တ​ယ်။ ဗာလ​ပရောဖက် ၄၅​၀ ဟာ ပူဇော်ရာ​ပြင်ဆင်​ပြီး ဗာလ​ကို ခေါ်​ပါစေ။ ကျွန်တော်​လည်း ပူဇော်ရာ​ပြင်ဆင်​ပြီး ယေဟောဝါကို ခေါ်​မယ်။ မီး​နဲ့​ပြန်ဖြေ​သူဟာ စစ်မှန်တဲ့​ဘုရား​ပဲ’ လို့ ပြော​တော့ လူတွေ သဘောတူ​ကြ​တ​ယ်။

ဗာလ​ပရောဖက်​တွေ​က ပူဇော်ရာ​ပြင်ဆင်​ပြီး ‘ဗာလ​ဘုရား ကျွန်တော်တို့ကို ပြန်ထူး​ပါ’ လို့ တစ်နေ့​လုံး ဆုတောင်း​ကြ​တ​ယ်။ ဘာ​အဖြေ​မှ​မရ​တော့ ဧလိယ​က ‘ခပ်​ကျယ်ကျယ် အော်ခေါ်စမ်းပါ။ အိပ်ပျော်​နေတာ​များ​လား၊ တစ်ယောက်ယောက်​က ခေါ်နှိုးရတော့မယ်’ လို့ လှောင်​တ​ယ်။ ညနေစောင်း​တဲ့​အထိ ဗာလပရောဖက်တွေ အော်ခေါ်​နေတုန်းပဲ။ ဒါပေမဲ့ ဘာ​အဖြေ​မှ မရဘူး။

ဧလိယ​ဟာ ပလ္လင်​ပေါ် ပူဇော်ရာ​ကို​တင်​လိုက်​ပြီး ရေ​တောင် လောင်း​လိုက်သေးတယ်။ ပြီးတော့ ‘အို ယေဟောဝါ၊ ကိုယ်တော်​ဟာ စစ်မှန်တဲ့​ဘုရား​ဖြစ်တယ်​ဆိုတာ လူတွေ သိ​ကြပါ​စေ’ လို့ ဆုတောင်း​တာနဲ့ ကောင်းကင်​က​နေ မီး​ကျ​လာပြီး ပူဇော်ရာ​တွေ လောင်ကျွမ်း​ကုန်​တ​ယ်။ ဒီတော့ လူတွေ​က ‘ယေဟောဝါဟာ စစ်မှန်တဲ့​ဘုရားသခင်​ပဲ’ လို့ ကြွေးကြော်​ကြ​ရော။ ဧလိယက ‘ဗာလ​ပရောဖက်​တွေ မလွတ်​စေ​နဲ့’ လို့ပြောတယ်။ အဲဒီနေ့မှာပဲ ဗာလ​ပရောဖက် ၄၅​၀ ကို သတ်​လိုက်​ကြ​တ​ယ်။

ပင်လယ်​ပေါ်မှာ မိုးတိမ်​လေး​တွေ့​တာနဲ့ ဧလိယ​က အာဟပ်​ကို ‘မိုး​အကြီးအကျယ် ရွာ​တော့မယ်။ မြင်းရထားစီးပြီး ပြန်တော့’ လို့ပြောတယ်။ ကောင်းကင်​ဟာ တိမ်​တွေနဲ့ မည်းမှောင်​လာပြီး မိုး​တွေ သဲ​ကြီး​မဲ​ကြီး ရွာ​ချ​တော့​တ​ယ်။ နောက်ဆုံး၊ မိုးခေါင်ချိန် အဆုံးသတ်​သွားတယ်။ အာဟပ်​ဟာ ရထား​ကို အမြန်​ဆုံး မောင်းပြီး​ပြန်ပေမဲ့ ဧလိယ​က ယေဟောဝါရဲ့ အကူအညီ​နဲ့ ရထား​ကို​ကျော်တက်ပြီး ပြေး​သွားတယ်။ ဧလိယ​မှာ ပြဿနာတွေ ရှင်း​သွား​ပြီ​လား။ ဆက်​ကြည့်ရ​အောင်။

“ယေဟောဝါ​လို့ နာမည်ရှိတဲ့ ကိုယ်တော် တစ်ပါးတည်း​သာ မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင် ဖြစ်မှန်း လူတွေ​သိ​ကြပါ​စေ။” —ဆာလံ ၈၃:၁၈