မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၁

ပထမဦးဆုံး သက်တံ

ပထမဦးဆုံး သက်တံ

နောဧနဲ့သူ့မိသားစု သင်္ဘောထဲကထွက်ထွက်ချင်း နောဧဘာလုပ်လဲသိလား။ ဘုရားသခင်ထံ ယဇ်ပူဇော်တယ်။ လက်ဆောင်ဆက်သ တာပေါ့လေ။ အောက်ပုံမှာ သူယဇ်ပူဇော်နေတာတွေ့နိုင်တယ်။ လွှမ်းမိုးတဲ့ရေဘေးကြီးကနေပြီး သူ့အိမ်ထောင်ကို ဘုရားသခင်ခုလိုကယ်တင်လိုက်တာကို ကျေးဇူးတင်တဲ့အနေနဲ့ တိရစ္ဆာန်ယဇ်ကို ဆက်သတာဖြစ်တယ်။

သူပေးဆက်တဲ့လက်ဆောင်ကို ဘုရားသခင်သဘောကျတယ် ထင်သလား။ ဟုတ်တယ်၊ ဘုရားသခင် သဘောကျတယ်။ ဒါကြောင့် ကမ္ဘာကိုဘယ်တော့မှ ရေဘေးကြီးနဲ့ နောက်ထပ်တစ်ခါ မဖျက်ဆီးတော့ဘူးဆိုပြီး နောဧကိုကတိပေးတယ်။

မကြာခင်မှာပဲ ကုန်းမြေတွေအားလုံး ခြောက်သွေ့လာတယ်။ နောဧနဲ့ မိသားစုကလည်း သင်္ဘောအပြင်ဘက်မှာ ဘဝသစ်ထူထောင်ကြတယ်။ ဘုရားသခင်သူတို့ကိုကောင်းချီးပေးပြီး ‘ကလေးတွေအများကြီး မွေးဖွားရမယ်။ ကမ္ဘာတစ်ခုလုံး လူတွေနဲ့ပြည့်အောင် လူဦးရေပွားများအောင် လုပ်ရမယ်’ ဆိုပြီးပြောတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ လူတွေက ရေလွှမ်းမိုးဘေးကြီးအကြောင်းကြားတိုင်း ဒီလိုရေလွှမ်းမိုးဘေးကြီး နောက်တစ်ခါဖြစ်မှာကို ကြောက်ကြတယ်။ ဒါကြောင့် ကမ္ဘာကို နောက်တစ်ခါဘယ်တော့မှရေနဲ့လွှမ်းပြီး မဖျက်ဆီးတော့ဘူးဆိုတဲ့ မိမိရဲ့ကတိကို သတိရရအောင် လက္ခဏာတစ်ခုပေးတယ်။ ဘာသတိရ အထိမ်းအမှတ်ပေးတယ်ဆိုတာသိလား။ သက်တံတဲ့။

မိုးရွာပြီးလို့ နေထွက်လာတဲ့အခါမျိုးမှာ သက်တံကိုတွေ့ရတတ်တယ်။ သက်တံမှာ ရောင်စုံလှလှလေးတွေပါတတ်တယ်။ သက်တံမြင်ဖူးသလား။ ပုံမှာပါတဲ့ သက်တံကိုမြင်လား။

ဘုရားသခင် ဒီလိုပြောတယ်။ ‘လူနဲ့တိရစ္ဆာန်အားလုံးကို ဘယ်တော့မှ ရေလွှမ်းမိုးပြီး ဖျက်ဆီးတော့မှာမဟုတ်ဘူးလို့ ငါကတိပေးတယ်။ မိုးတိမ်တွေထဲမှာ ငါ့ရဲ့သက်တံကိုငါထားမယ်။ သက်တံပေါ်လာတဲ့အခါ ငါမြင်ပြီး ငါ့ရဲ့ကတိကို ငါပြန်သတိရမယ်’ တဲ့။

ဒါကြောင့် သက်တံမြင်တိုင်း ဘာကိုသတိရဖို့ကောင်းသလဲ။ ဟုတ်တယ်။ ရေလွှမ်းမိုးဘေးကြီးနဲ့ ကမ္ဘာကိုနောက်တစ်ခါ ဘယ်တော့မှမဖျက်ဆီးတော့ဘူးဆိုတဲ့ ဘုရားသခင်ရဲ့ကတိတော်ကိုပဲပေါ့။