မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၂၃

ဖာရောရဲ့ အိမ်မက်တွေအကြောင်း

ဖာရောရဲ့ အိမ်မက်တွေအကြောင်း

နှစ်နှစ်တောင်လွန်ခဲ့ပြီ။ ယောသပ်ထောင်ထဲမှာ ထောင်နန်းစံနေတုန်းပဲ။ ဖလားတော်ဝန်က သူ့ကိုသတိမရဘူး။ တစ်ညကျတော့ ဖာရောက သိပ်ကိုထူးခြားတဲ့ အိပ်မက်နှစ်ခုမြင်သတဲ့။ ဘာများအဓိပ္ပာယ်ရှိပါလိမ့်ဆိုပြီး တွေးတယ်။ ဒီပုံမှာ သူအိပ်နေတာတွေ့လား။ နောက်မနက်ကျတော့ ဖာရောက သူ့ပညာရှိတွေကို ရှေ့တော်သွင်းပြီး သူမြင်ခဲ့တဲ့အိပ်မက်အကြောင်း ပြောပြတယ်။ ဒါပေမဲ့ အိပ်မက်ရဲ့အဓိပ္ပာယ်ကို သူတို့မပြောပြနိုင်ကြဘူးကွဲ့။

အေး၊ ဒီအချိန်ကျတော့မှ ဖလားတော်ဝန်က ယောသပ်ကိုသတိရလာတယ်။ ဖာရောကို သူသံတော်ဦးတင်တယ်။ ‘ကျွန်တော်မျိုး ထောင်ကျနေတဲ့အခါမှာ ထောင်ထဲမှာ အိပ်မက်ရဲ့အဓိပ္ပာယ်ကို ပြောနိုင်တဲ့လူတစ်ယောက်ရှိတာကို တွေ့ခဲ့ရတယ်’ တဲ့။ ဒါနဲ့ ဖာရောက ယောသပ်ကိုထောင်ထဲကနုတ်ပြီး ချက်ချင်းရှေ့တော်သွင်းခိုင်းတယ်။

ဖာရောက သူ့အိပ်မက်အကြောင်း ယောသပ်ကိုပြောပြတယ်။ ‘ငါကိုယ်တော်မြတ်ဟာ ဝဖြိုးလှပတဲ့ နွားမခုနစ်ကောင်ကိုမြင်မက်တယ်။ ပြီးတော့ အင်မတန်ပိန်ပြီး အရိုးတွေထောင်နေတဲ့ နွားမခုနစ်ကောင်ကို ထပ်တွေ့ပြန်တယ်။ ပိန်တဲ့နွားမတွေက ဝတဲ့နွားမတွေကို စားပစ်လိုက်တယ်။

‘ဒုတိယအိပ်မက်မှာ ငါကိုယ်တော်မြတ်ဟာ တစ်ပင်ထဲကပေါက်ပြီး အဆန်ပြည့်တင်းတဲ့ စပါးခုနစ်နှံကိုမြင်တယ်။ ပြီးတော့ ကြုံလှီတဲ့စပါးခုနစ်နှံကိုမြင်ပြန်တယ်။ ကြုံလှီတဲ့စပါးနှံတွေက ပြည့်တင်းတဲ့စပါးခုနစ်နှံကို စားပစ်လိုက်တယ်’ ဆိုပြီးတော့ ပြောပြတယ်။

ယောသပ်က ဖာရောကို သံတော်ဦးတင်တယ်။ ‘အိပ်မက်နှစ်ခုရဲ့အဓိပ္ပာယ်ဟာ အတူတူပဲ။ ဝဖြိုးတဲ့နွားမခုနစ်ကောင်နဲ့ ပြည့်တင်းတဲ့စပါးခုနစ်နှံက ခုနစ်နှစ်ကိုပြောတယ်။ နွားပိန်ခုနစ်ကောင်နဲ့ ကြုံလှီတဲ့စပါးခုနစ်နှံတို့က နောက်ထပ်ခုနစ်နှစ်ကိုဆိုလိုတယ်။ အီဂျစ်ပြည်မှာ အစားအသောက်သိပ်ပေါမယ့် ခုနစ်နှစ်ရှိမယ်။ ပြီးတဲ့နောက် အစာခေါင်းပါးမယ့် ခုနစ်နှစ်လိုက်လာမယ်။’

ဒါနဲ့ ဖာရောကိုယောသပ် ဆက်ပြောပြန်တယ်။ ‘အစာပေါများမယ့် ခုနစ်နှစ်အတွင်း အစာရေစာစုဆောင်းဖို့ ပညာရှိတစ်ယောက်ကိုခန့်ထားပါ။ ဒီလိုလုပ်ရင် အစာခေါင်းပါးတဲ့ နောက်ခုနစ်နှစ်အတွင်း လူတွေငတ်တော့မှာမဟုတ်ဘူး။’

ဖာရောက အဲဒီအကြံကို သဘောကျတယ်။ အစာစုဆောင်းသိုမှီးဖို့ ယောသပ်ကိုပဲခန့်လိုက်တယ်။ ဒါနဲ့ ယောသပ်ဟာ ဖာရောပြီးရင် အီဂျစ်ပြည်မှာ အရေးကြီးဆုံးလူဖြစ်လာတာပေါ့။

ရှစ်နှစ်လွန်ပြီးနောက် အစာခေါင်းပါးတုန်းအချိန်မှာ လူတချို့လာနေတာကို ယောသပ်တွေ့လိုက်တယ်။ ဘယ်သူတွေလဲသိလား။ သူ့အစ်ကို ၁၀ ယောက်လေ။ ခါနာန်ပြည်မှာ အစာမလောက်လို့ သူတို့ဖေဖေယာကုပ်က အီဂျစ်ပြည်ကိုလွှတ်လိုက်တာလေ။ ယောသပ်က သူ့အစ်ကိုတွေကိုမှတ်မိတယ်။ သူ့အစ်ကိုတွေကျတော့ သူ့ကိုမမှတ်မိဘူး။ ဘာဖြစ်လို့လဲသိလား။ ယောသပ် ကြီးလာလို့လေ။ ပြီးတော့ ဝတ်ထားတာလည်း ပုံစံနောက်တစ်မျိုးနဲ့။

ကလေးဘဝတုန်းက သူ့အစ်ကိုတွေ သူ့ရှေ့ဦးညွှတ်တဲ့အကြောင်း သူအိပ်မက်မက်ခဲ့တာကို သူပြန်သတိရလာတယ်။ မင်းတို့ ဒီအကြောင်းဖတ်ခဲ့တာ မှတ်မိသေးလား။ ဒါကြောင့် သူ့ကိုအကြောင်းရှိလို့ ဘုရားသခင်က အီဂျစ်ပြည်ကိုလွှတ်လိုက်တာ သူ သဘောပေါက်နိုင်တယ်။ ယောသပ် ဘာလုပ်လဲသိလား။ ကြည့်ရအောင်။