မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၉

ယာကုပ်ရဲ့အိမ်ထောင်စု သိပ်ကြီးတယ်

ယာကုပ်ရဲ့အိမ်ထောင်စု သိပ်ကြီးတယ်

ဒီပုံမှာပါတဲ့ အိမ်ထောင်စုကြီးကို ကြည့်လိုက်ပါဦး။ ယာကုပ်ရဲ့သား ၁၂ ယောက်ပုံပေါ့။ သူ့မှာ သမီးတွေလည်းရှိတယ်။ သူ့သားသမီးတွေရဲ့ နာမည်တချို့ကို သိကြလား။ တချို့နာမည်တွေ ကြည့်ရအောင်။

လေအာက ရုဗင်၊ ရှိမောင်၊ လေဝိနဲ့ ယုဒတို့ကိုမွေးတယ်။ ရာခေလက သူ ကလေးမရတဲ့အတွက် သိပ်ကိုဝမ်းနည်းတာပေါ့။ ဒါနဲ့ သူ့ကျွန်မ ဗိလဟာကို ယာကုပ်နဲ့ပေးစားတယ်။ ဒါနဲ့ဗိလဟာက ဒန်နဲ့နဿလိဆိုတဲ့ သားနှစ်ယောက်ကိုရတယ်။ လေအာလည်း သူ့ကျွန်မ ဇိလပကို ယာကုပ်နဲ့ပေးစားတယ်။ ဇိလပကလည်း ဂဒ်နဲ့အာရှာဆိုတဲ့ သားနှစ်ယောက်ကိုမွေးတယ်။ လေအာနောက်ထပ် သားနှစ်ယောက်ရပြန်တယ်။ ဣသခါနဲ့ ဇာဗုလုန်တဲ့။

နောက်ဆုံးမှာတော့ ရာခေလလည်း ကလေးတစ်ယောက်ရတယ်။ သူက ယောသပ်လို့ နာမည်ပေးလိုက်တယ်။ နောက်ပိုင်းမှာ ယောသပ်အကြောင်း ထပ်ပြီးအများကြီး သိရဦးမယ်။ ဘာလို့လည်းဆိုတော့ ယောသပ်ဟာ အင်မတန်အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတယ်လေ။ ဒီသား ၁၁ ယောက်ကတော့ ရာခေလရဲ့ဖေဖေ လာဗန်အိမ်မှာနေတုန်းက ယာကုပ်ရတဲ့ သားတွေပေါ့။

ယာကုပ်မှာ သမီးတွေလည်းရှိတယ်။ ဒါပေမဲ့ ကျမ်းစာထဲမှာ သမီးတစ်ယောက်ရဲ့နာမည်ကိုပဲ ဆိုထားတယ်။ ဒိနတဲ့။

ယာကုပ်ဟာ လာဗန်ဆီကထွက်ပြီး၊ ခါနာန်ပြည်ကိုပြန်ရမယ့်အချိန် ရောက်လာပြီလေ။ ဒါနဲ့ သူ့ရဲ့မိသားစုကြီး၊ သူ့ရဲ့သိုး၊ နွား၊ တိရစ္ဆာန်တွေကို စုသိမ်းပြီး ရှည်လျားဝေးလံတဲ့ခရီးကို စခဲ့တာပေါ့။

ယာကုပ်နဲ့မိသားစု ခါနာန်ပြည်ကိုရောက်လို့ မကြာခင်မှာပဲ ရာခေလ သားတစ်ယောက် ထပ်မွေးတယ်။ ဖြစ်ပုံက သူတို့ခရီးလမ်းခုလတ်မှာရောက်နေတုန်း မွေးတယ်လေ။ ရာခေလမီးဖွားဖို့အခက်တွေ့ပြီး မီးဖွားရင်းသေသွားရှာတယ်။ မွေးလာတဲ့သားလေးကျတော့ ဘာမှမဖြစ်ဘူး။ ယာကုပ်က သူ့ကို ဗင်ယာမိန်လို့ နာမည်မှည့်လိုက်တယ်။

ယာကုပ်သား ၁၂ ယောက်စလုံးရဲ့နာမည်ကို တို့မှတ်ထားချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဣသရေလတစ်မျိုးလုံး သူတို့ဆီက ဆင်းသက်လာလို့ပဲ။ တကယ်ပြောရရင် ဣသရေလဆယ့်နှစ်နွယ်ကို ယာကုပ်သား ၁၀ ယောက်၊ ပြီးတော့ ယောသပ်ရဲ့သားနှစ်ယောက်တို့ရဲ့နာမည်နဲ့မှည့်ထားတယ်။ ဒီကလေးတွေအားလုံး မွေးလာပြီးတဲ့နောက် ဣဇာက်အကြာကြီးအသက်ရှင်သေးတယ်။ သူ့မှာ မြေးဒီလောက်များတဲ့အတွက် သူသိပ်ပျော်မှာပဲ။ ဒါပေမဲ့ သူ့မြေးကလေး ဒိန ဘာဖြစ်သွားတယ်ဆိုတာ ကြည့်ရအောင်