ပုံပြင် ၂၄
ယောသပ် သူ့အစ်ကိုတွေကို စမ်းသပ်တဲ့အကြောင်း
ယောသပ်က သူ့အစ်ကိုတွေ အရင်လိုပဲ ယုတ်မာရက်စက်ကြသေးသလား ဆိုတာကိုသိချင်တယ်။ ဒါနဲ့ ‘မင်းတို့ကောင်တွေ သူလျှိုတွေပဲ။ တို့တိုင်းပြည်ရဲ့ ပျော့ကွက်ကိုလာထောက်လှမ်းတာ’ ဆိုပြီး သူတို့ကိုပြောလိုက်တယ်။
သူတို့က ‘ကျွန်တော်မျိုးတို့ သူလျှိုမဟုတ်ကြောင်းပါ။ ကျွန်တော်မျိုးတို့ဟာ ရိုးသားသူတွေပါ။ ကျွန်တော်မျိုးတို့ဟာ ညီအစ်ကိုတွေပါ။ ၁၂ ယောက်ဖြစ်ပါတယ်။ တစ်ယောက် မရှိတော့ဘူး။ အထွေးဆုံးကတော့ ကျွန်တော်မျိုးဖေဖေနဲ့အတူ နေရစ်ခဲ့ကြောင်းပါ’ ဆိုပြီး ပြန်ပြောကြတယ်ကွဲ့။
ယောသပ်က သူတို့စကားမယုံတဲ့ပုံနဲ့ပေါ့။ ရှိမောင်ဆိုတဲ့အစ်ကိုကို ထောင်ချလိုက်ပြီး ကျန်တဲ့လူတွေကိုတော့ စားနပ်ရိက္ခာယူပြီး အိမ်ပြန်ခိုင်းလိုက်တယ်။ ဒါပေမဲ့ ‘မင်းတို့ပြန်လာရင် မင်းတို့ရဲ့ညီအထွေးဆုံးကို ခေါ်ခဲ့ရမယ်’ ဆိုပြီး ပြောလိုက်တယ်။
သူ့အစ်ကိုတွေလည်း ခါနာန်ပြည်ပြန်ရောက်ကြတဲ့အခါ ဖြစ်ကြောင်းကုန်စင် အားလုံး သူတို့ဖေဖေယာကုပ်ကို ပြန်ပြောပြကြတာပေါ့။ ယာကုပ်က သိပ်ဝမ်းနည်းသွားတယ်။ ‘ယောသပ်မရှိတော့ဘူး။ ခုတစ်ခါ ရှိမောင်မရှိတော့ဘူး။ ငါ့သားထွေးလေး ဗင်ယာမိန်ကိုခေါ်သွားဖို့ ငါအခွင့်မပေးနိုင်ဘူး’ ဆိုပြီးပြောရှာတယ်။ ဒါပေမဲ့ သူတို့စားစရာကုန်တော့မယ်ဆိုတဲ့အခါ ဗင်ယာမိန်လိုက်သွားဖို့ ယာကုပ်ခွင့်ပြုလိုက်ရရှာတယ်။ ဒါမှလည်း အစားအသောက်ရနိုင်မှာကိုး။
သူ့အစ်ကိုတွေပြန်လာတာကို ယောသပ်တွေ့တာပေါ့။ သူ့ညီလေး ဗင်ယာမိန်ကိုတွေ့လိုက်ရတဲ့အတွက် ဝမ်းသာလုံးဆို့သွားရှာတယ်။ ဒီအရေးပါတဲ့ပုဂ္ဂိုလ်ကြီးဟာ ယောသပ်ဖြစ်မှန်း သူတို့တစ်ယောက်မှမသိကြဘူးကွဲ့။ ခုယောသပ်သူ့ ဖတူမိကွဲအစ်ကိုတွေကို တစ်မျိုးစမ်းကြည့်ပြန်တယ်။
သူ့အစ်ကိုတွေရဲ့အိတ်ထဲမှာ ရိက္ခာအပြည့်ထည့်ပေးလိုက်ဖို့ သူ့ကျွန်တွေကိုခိုင်းလိုက်တယ်။ ဒါပေမဲ့ သူတို့မသိအောင် ဗင်ယာမိန်အိတ်ထဲမှာ သူ့ရဲ့အထူးငွေဖလား ထည့်ထားလိုက်တယ်။ သူတို့ထွက်သွားလို့ ခရီးအတော်လေးရောက်သွားတဲ့အခါ ယောသပ်က သူ့ကျွန်တွေကို သူတို့နောက်ကိုလွှတ်လိုက်တယ်။ သူတို့ကိုမီတဲ့အခါ ကျွန်တွေက ‘တို့သခင်ရဲ့ငွေဖလားကို မင်းတို့ဘာဖြစ်လို့ ခိုးသလဲ’ ဆိုပြီးပြောတယ်။
‘သူ့ရဲ့ခွက်ဖလားကို ကျွန်တော်တို့ မခိုးရပါလား’ ဆိုပြီး ညီအစ်ကိုတွေက ပြန်ပြောကြတယ်။ ‘တို့ထဲက တစ်ယောက်ယောက်ဆီမှာတွေ့ရင် အဲဒီလူကိုသတ်လိုက်ပါ’ ဆိုပြီးပြောပြန်တယ်။
ဒါနဲ့ ယောသပ်ကျွန်တွေက အိတ်တွေအားလုံးကို နှံ့အောင်ရှာတော့တယ်လေ။ ဒီပုံမှာပါတဲ့အတိုင်း ဗင်ယာမိန်ရဲ့အိတ်ထဲမှာတွေ့သွားတယ်။ ကျွန်တွေက ‘ကျန်တဲ့လူတွေသွားနိုင်တယ်။ ဗင်ယာမိန်က တို့နဲ့လိုက်ခဲ့ရမယ်’ ဆိုပြီးပြောတယ်။ ဖတူမိကွဲညီအစ်ကို ၁၀ ယောက်ဘယ်လိုလုပ်ကြတော့မလဲ။
ဗင်ယာမိန်နဲ့အတူ ယောသပ်အိမ်ကို အားလုံးလိုက်သွားကြတယ်။ ယောသပ်က သူ့အစ်ကိုတွေကိုပြောတယ်။ ‘မင်းတို့အားလုံး အိမ်ပြန်နိုင်တယ်။ ဗင်ယာမိန်ကတော့ ငါ့ဆီမှာ ကျွန်ခံရမယ်’ တဲ့။
အဲဒီအခါ ယုဒက ‘သူငယ်မပါဘဲနဲ့ ကျွန်တော်တို့အိမ်ပြန်ရင် ကျွန်တော့်ဖေဖေသေမှာပဲ။ ကျွန်တော်မျိုးဖေဖေက သူ့ကိုသိပ်ချစ်တာ။ ဒါကြောင့် ကျွန်တော်မျိုးကို သခင်အိမ်မှာ ကျွန်အနေနဲ့ထားပါ။ သူငယ်ကိုတော့ အိမ်ပြန်ခွင့်ပေးပါ၊ အသနားတော်ခံပါတယ်’ ဆိုပြီးပြောတယ်။
သူ့အစ်ကိုတွေ စိတ်ပြောင်းသွားပြီဆိုတာ ယောသပ်သိရပြီလေ။ အရင်လို မယုတ်မာ မရက်စက်ကြတော့ဘူးဆိုတာ။ ခုယောသပ် ဘာလုပ်မလဲ ကြည့်ရအောင်။