မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၅

လောတမိန်းမ နောက်သို့လှည့်ကြည့်မိတဲ့အကြောင်း

လောတမိန်းမ နောက်သို့လှည့်ကြည့်မိတဲ့အကြောင်း

လောတနဲ့သူ့မိသားစုဟာ အာဗြဟံနဲ့အတူ ခါနာန်ပြည်မှာနေကြတယ်။ တစ်ရက်ကျတော့ အာဗြဟံက လောတကိုပြောတယ်။ ‘တို့ရဲ့တိရစ္ဆာန်တွေအတွက် ဒီနေရာကျဉ်းလွန်းတယ်။ တို့ခွဲနေရအောင်။ မင်းတစ်လမ်းသွားရင် ငါနောက်တစ်လမ်းကိုသွားမယ်’ တဲ့။

ဒါနဲ့ လောတက အဲဒီနေရာတစ်ဝိုက်ကို လှမ်းကြည့်လိုက်တယ်။ ရေလည်းရှိ တိရစ္ဆာန်အတွက် မြက်ကောင်းကောင်းလည်းရှိတဲ့ နေရာကောင်းတစ်ကွက်ကို တွေ့သွားတယ်။ အဲဒီနေရာကတော့ ယော်ဒန်ခရိုင်ပဲပေါ့။ ဒါနဲ့ လောတက သူ့မိသားစု၊ သူ့သိုး၊ နွားတိရစ္ဆာန်တွေနဲ့ အဲဒီကိုပြောင်းသွားတယ်။ နောက်ဆုံးတော့ သောဒုံမြို့မှာ အခြေစိုက်ကြတယ်။

သောဒုံမြို့သားတွေ အားကြီးဆိုးတယ်။ ဒါကြောင့်လည်း လောတဝမ်းနည်းမိတယ်။ သူဟာ လူကောင်းမဟုတ်လား။ ဘုရားသခင်လည်း စိတ်မကောင်းဘူး။ နောက်ဆုံးတော့ ဘုရားသခင်က လောတဆီကို ကောင်းကင်တမန်နှစ်ပါးစေလွှတ်ပြီး သောဒုံမြို့နဲ့ အနီးအပါးမှာရှိတဲ့ ဂေါမောရမြို့ကို သူတို့ရဲ့ဆိုးယုတ်မှုကြောင့် ဖျက်ဆီးပစ်တော့မယ်ဆိုပြီး သတိပေးခိုင်းတယ်။

ကောင်းကင်တမန်တွေကလည်း ‘မြန်မြန်ထကြ။ မင်းမိန်းမနဲ့ မင်းရဲ့သမီးနှစ်ယောက်ကိုခေါ်ပြီး ဒီက ထွက်ပြေးပေတော့’ ဆိုပြီး လောတကိုပြောတယ်။ လောတနဲ့ သူ့မိသားစုက နှေးတုံ့နှေးတုံ့လုပ်နေတယ်လေ။ ဒါနဲ့ ကောင်းကင်တမန်တွေက သူတို့လက်ကိုဆွဲပြီး မြို့ပြင်ကိုခေါ်သွားကြတယ်။ ပြီးတော့ ကောင်းကင်တမန်တစ်ပါးက ‘အသက်ချမ်းသာရဖို့ ပြေးပေတော့။ နောက်ကိုလှည့်မကြည့်နဲ့။ တောင်ပေါ်ကိုပြေး။ ဒါမှ မင်းတို့အသက်ချမ်းသာ ရလိမ့်မယ်’ ဆိုပြီး ပြောလိုက်တယ်။

လောတနဲ့ သူ့သမီးတွေက စကားနားထောင်ပြီး သောဒုံမြို့ကနေထွက်ပြေးကြတယ်။ ခဏတစ်ဖြုတ်တောင် မနားကြဘူး။ နောက်ကိုလည်း လှည့်မကြည့်ကြဘူး။ ဒါပေမဲ့ လောတမိန်းမကျတော့ စကားနားမထောင်ဘူး။ သောဒုံမြို့နဲ့ တော်တော်လှမ်းပြီဆိုတဲ့နေရာရောက်တဲ့အခါ သူရပ်ပြီးလှည့်ကြည့်မိတယ်။ ဒါနဲ့ ဆားတိုင်ဖြစ်သွားရောကွယ်။ ရုပ်ပုံမှာ သူ့ကိုတွေ့လား။

ဒီအဖြစ်ကနေ တို့သင်ခန်းစာကောင်းတစ်ခုရနိုင်တယ်။ ဘုရားသခင်စကားနားထောင်တဲ့လူတွေကို ဘုရားသခင်ကယ်တင်တယ်။ နားမထောင်တဲ့လူတွေကျတော့ အသက်ဆုံးၡုံးကြရမယ်ဆိုတာကိုပြတာ။