မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၄

အာဗြဟံရဲ့ယုံကြည်ခြင်းကို ဘုရားသခင်စမ်းသပ်တဲ့အကြောင်း

အာဗြဟံရဲ့ယုံကြည်ခြင်းကို ဘုရားသခင်စမ်းသပ်တဲ့အကြောင်း

ပုံထဲမှာ အာဗြဟံဘာလုပ်နေသလဲ တွေ့လား။ သူ့လက်ထဲမှာ ဓားတစ်ချောင်းနဲ့ သူ့သားကိုသတ်တော့မယ့်အတိုင်းပဲ။ သူဘာလို့ အဲဒီလိုလုပ်ရတာတုန်း။ ဦးဦးဆုံး အာဗြဟံနဲ့စာရာ ဘယ်လိုလုပ်ပြီး ဒီသားရလာသလဲဆိုတာကို အရင်ကြည့်ရအောင်။

သူတို့သားတစ်ယောက်ရမယ်ဆိုပြီး ဘုရားသခင်ကတိပေးထားတယ်ဆိုတာ မှတ်ထားကြကွဲ့။ ဒါပေမဲ့ မဖြစ်နိုင်တာကြီးလို့ထင်ရတယ်။ အာဗြဟံနဲ့စာရာ ဒီလောက်အိုပြီပဲဥစ္စာ။ ဒါပေမဲ့လည်း အာဗြဟံက မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အလုပ်မျိုးကို ဘုရားသခင်တတ်နိုင်တယ်ဆိုပြီး ယုံကြည်တယ်လေ။ ဒါနဲ့ ဘာဖြစ်လာသလဲ။

ဘုရားသခင် ခုလိုကတိပေးပြီးနောက် တစ်နှစ်လုံးလုံး အချိန်ကုန်ခဲ့ပြီ။ အဲဒီအခါ၊ အာဗြဟံအသက် ၁၀၀၊ စာရာအသက် ၉၀ ရှိတဲ့အချိန်မှာ ဣဇာက်လို့ခေါ်တဲ့ သားလေးတစ်ယောက်ရကြတယ်။ ဘုရားသခင်ကတိတည်ခဲ့တယ်။

ဒါပေမဲ့ ဣဇာက်ကြီးလာတဲ့အခါ ယေဟောဝါက အာဗြဟံရဲ့ယုံကြည်ခြင်းကို စမ်းသပ်တယ်။ ‘အာဗြဟံ’ ဆိုပြီးခေါ်တော့ အာဗြဟံက ‘ဟုတ်ကဲ့ ကျွန်တော်ရှိပါတယ်’ ဆိုပြီးထူးတယ်။ ဒါနဲ့ဘုရားသခင်က ‘မင်းရဲ့သား၊ တစ်ယောက်ထဲဖြစ်တဲ့ မင်းရဲ့ရင်သွေး ဣဇာက်ကိုခေါ်ပြီး ငါပြမယ့်တောင်ကိုသွားချေ။ အဲဒီမှာ မင်းရဲ့သားကိုသတ်ပြီး ငါ့ကိုပူဇော်ပါ’ ဆိုပြီးပြောတယ်လေ။

အာဗြဟံဟာ သူ့သားကိုတုန်နေအောင်ချစ်တော့ကာ အဲဒီစကားလည်းကြားရော အာဗြဟံခမျာ သိပ်ဝမ်းနည်းတာပေါ့၊ ပြီးတော့ အာဗြဟံသားသမီးတွေ ခါနာန်ပြည်မှာနေရကြမယ်ဆိုပြီး ဘုရားသခင် ကတိပေးထားတာကို သတိရဦးလေ။ ဣဇာက်သာသေသွားရင် အဲဒီကတိတွေ ဘယ်လိုလုပ်ဖြစ်လာနိုင်တော့မှာလဲ။ အာဗြဟံ နားကိုမလည်နိုင်ဘူး။ ဒါနဲ့တောင် ဘုရားသခင်ရဲ့စကားကို နားထောင်ခဲ့တယ်။

အာဗြဟံ တောင်ပေါ်ရောက်တဲ့အခါ သူ့သားဣဇာက်ကို ကြိုးနဲ့တုပ်ပြီး သူတည်ထားတဲ့ ယဇ်ပလ္လင်ပေါ်မှာ တင်လိုက်တယ်။ ပြီးတော့ ဓားတစ်ချောင်းထုတ်ပြီး သူ့သားကိုသတ်မယ်လုပ်တော့တာပဲ။ ဒါပေမဲ့ အဲဒီအခိုက်မှာပဲ ဘုရားသခင်ရဲ့ကောင်းကင်တမန်က ‘အာဗြဟံ၊ အာဗြဟံ’ ဆိုပြီးခေါ်တယ်။ အာဗြဟံကလည်း ‘ဟုတ်ကဲ့၊ ကျွန်တော်ရှိပါတယ်’ ဆိုပြီးထူးတယ်။

ဘုရားသခင်က ‘ကလေးကိုမထိနဲ့၊ သူ့ကို ဘာမှမလုပ်နဲ့၊ မင်းရဲ့သား၊ တစ်ဦးတည်းသောသားကိုတောင် မနှမြောဘဲ ငါ့ကိုဆက်တယ်ဆိုတော့ မင်းဟာငါ့အပေါ်မှာ တကယ်ယုံကြည်တယ်ဆိုတာ ငါသိပြီ’ ဆိုပြီး ဘုရားသခင်ပြောတယ်။

အာဗြဟံဟာ ဘုရားသခင်ကို ဘယ်လောက်တောင်ယုံကြည်တယ် ကြည့်စမ်း။ ယေဟောဝါမတတ်နိုင်တာ ဘာမှမရှိဘူး။ ဣဇာက်ကို သေရာက ပြန်ရှင်အောင်တောင်လုပ်နိုင်မယ်ဆိုပြီး အာဗြဟံယုံကြည်တယ်။ တကယ်တော့ အာဗြဟံ သူ့သားကို တကယ်သတ်ဖို့ ဘုရားသခင်အလိုမရှိခဲ့ဘူး။ ဒါကြောင့်လည်း ဘုရားသခင်က အနီးအနားမှာရှိတဲ့ ချုံတစ်ခုထဲမှာ သိုးတစ်ကောင်ကိုငြိနေအောင်လုပ်ထားပြီး သူ့သားအစား အဲဒီသိုးကိုပူဇော်ဖို့ အာဗြဟံကိုပြောတယ်။