မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၃၉

အာရုန်ရဲ့လှံတံ ပန်းပွင့်တဲ့ အကြောင်း

အာရုန်ရဲ့လှံတံ ပန်းပွင့်တဲ့ အကြောင်း

ကြည့်စမ်း ဒီလှံတံ၊ ဒါမှမဟုတ် တုတ်ချောင်းမှာ မှည့်နေတဲ့ဗာဒံအသီးနဲ့ ပန်းပွင့်တွေသီးပွင့်နေလိုက်တာ။ အာရုန်ရဲ့လှံတံပေါ့။ ဒီပန်းတွေ၊ မှည့်နေတဲ့အသီးတွေဟာ အာရုန်ရဲ့လှံတံကနေ တစ်ညဉ့်တွင်းချင်း သီးပွင့်ခဲ့တယ်လေ။ ဘာကြောင့်လဲဆိုတာကြည့်ရအောင်။

ဣသရေလလူတွေ တောထဲမှာလည်နေတာ တော်တော်ကြာသွားပြီ။ တချို့ကမောရှေခေါင်းဆောင်မဖြစ်သင့်ဘူး၊ အာရုန်လည်း ယဇ်ပုရောဟိတ်မင်းကြီးမဖြစ်ထိုက်ဘူးဆိုပြီး ထင်ကြတယ်။ ဒီလိုထင်တဲ့လူတွေမှာ ကောရတစ်ယောက်ပါတယ်။ ဒါသန်၊ အဘိရံနဲ့ခေါင်းဆောင်ပိုင်းကလူ ၂၅၀ ကလည်း အဲဒီလိုပဲထင်ကြတယ်။ ဒီလူတွေအားလုံး မောရှေဆီလာပြီး ‘ကျုပ်တို့အပေါ်မှာ ခင်ဗျားတို့က ဘာဖြစ်လို့ဗိုလ်ကျချင်တာလဲ’ ဆိုပြီးပြောကြတယ်။

မောရှေက ကောရနဲ့သူ့နောက်လိုက်တွေကို ‘နက်ဖြန်မနက်ကို မီးလင်ပန်းတွေထဲ နံ့သာထည့်ပြီးယူခဲ့ပါ။ ယေဟောဝါရဲ့တဲတော်ဆီကိုလာခဲ့။ ဘယ်သူ့ကိုယေဟောဝါရွေးတယ်ဆိုတာ ကြည့်ကြတာပေါ့’ ဆိုပြီးပြောတယ်။

နောက်တစ်ရက်ကျတော့ ကောရနဲ့သူ့နောက်လိုက် ၂၅၀ တဲတော်ဆီကိုလာကြတယ်။ သူတို့ကိုထောက်ခံတဲ့ လူအတော်များများလည်း သူတို့နဲ့အတူလာကြတယ်။ ယေဟောဝါသိပ်စိတ်ဆိုးတာပေါ့။ ‘ဆိုးယုတ်တဲ့ဒီလူတွေရဲ့ တဲနဲ့ဝေးဝေးနေကြ။’ ‘သူတို့ပိုင်တဲ့ပစ္စည်းတစ်ခုကိုမှ လက်နဲ့မထိနဲ့’ ဆိုပြီးမောရှေကပြောတယ်။ လူတွေကလိုက်နာကြတယ်။ ကောရ၊ ဒါသန်နဲ့အဘိရံတို့ရဲ့တဲနဲ့ ဝေးအောင်နေကြတယ်။

ပြီးတော့မောရှေက ‘ဘယ်သူ့ကိုယေဟောဝါရွေးကောက်တယ်ဆိုတာ ဒီအချက်အားဖြင့်သိကြရမယ်။ မြေကြီးကွဲအက်ပြီး ဒီဆိုးယုတ်တဲ့လူတွေကိုမျိုပစ်မယ်’ ဆိုပြီးပြောတယ်။

မောရှေပြောလို့လည်းပြီးရော၊ မြေကြီးကွဲအက်လာတယ်။ ကောရရဲ့တဲနဲ့ဥစ္စာတွေ၊ ပြီးတော့ဒါသန်၊ အဘိရံနဲ့သူ့လူတွေ မြေမျိုခံရတယ်။ ပြီးတော့မြေကြီးပြန်စေ့သွားတယ်။ မြေမျိုခံရတဲ့သူတွေရဲ့ အော်သံကိုကြားရတဲ့အခါ လူတွေက ‘ပြေးကြ၊ တို့ကိုပါမြေမျိုချင်မျိုမယ်’ ဆိုပြီးအော်ဟစ်ကြတယ်။

ကောရနဲ့သူ့နောက်လိုက် ၂၅၀ ကျတော့ဝတ်ပြုရာတဲတော်နားမှာပဲရှိသေးတယ်။ ဒါကြောင့်ယေဟောဝါကမီးကိုလွှတ်လိုက်တယ်။ သူတို့အားလုံးလောင်ပြီးသေကုန်ကြတာပေါ့။ ပြီးတဲ့နောက် ယေဟောဝါကအာရုန်ရဲ့သား ဧလျာဇာကိုပြောတယ်။ သေသွားတဲ့လူတွေရဲ့လင်ပန်းတွေကိုယူပြီး ယဇ်ပလ္လင်ဖုံးအုပ်ဖို့ သတ္တုဖြစ်အောင်လုပ်ပါတဲ့။ ဒီယဇ်ပလ္လင်ဖုံးက အာရုန်နဲ့အာရုန်ရဲ့သားတွေကလွဲရင် ဘယ်သူမှယေဟောဝါအတွက်ယဇ်ပုရောဟိတ်မလုပ်ရဘူးဆိုတာ ဣသရေလလူတွေကိုသတိပေးတဲ့အနေနဲ့ပေါ့။

ဒါပေမဲ့ ယေဟောဝါကအာရုန်နဲ့သူ့သားတွေကိုပဲ ယဇ်ပုရောဟိတ်ဖြစ်ဖို့ သူရွေးထားတယ်ဆိုတာကိုပိုပြီးရှင်းစေချင်တယ်။ ဒါကြောင့်မောရှေကိုပြောတယ်။ ‘ဣသရေလတစ်နွယ်စီရဲ့ ခေါင်းဆောင်တစ်ယောက်စီကို လှံတံတစ်ခုစီယူလာခိုင်းပါ။ လေဝိအနွယ်အတွက် အာရုန်ကိုသူ့လှံတံယူလာခိုင်းပါ။ ပြီးတော့ဒီလှံတံတစ်ခုစီကို ဝတ်ပြုရာတဲတော်အထဲ၊ ပဋိညာဉ်သေတ္တာတော်အရှေ့မှာထားပါ။ ယဇ်ပုရောဟိတ်အဖြစ်ငါရွေးကောက်တဲ့သူရဲ့လှံတံဟာ ပန်းတွေပွင့်လိမ့်မယ်’ ဆိုပြီးပြောတယ်။

နောက်တစ်မနက် မောရှေကြည့်လိုက်တဲ့အခါ ကြည့်စမ်း၊ အာရုန်ရဲ့လှံတံ ပန်းတွေဝေလို့ မှည့်နေတဲ့ဗာဒံသီးတွေသီးလို့နေရော။ ဒါကြောင့် အာရုန်ရဲ့လှံတံကို ယေဟောဝါဘာကြောင့်ပန်းပွင့်ခိုင်းတာ မင်းတို့သိကြပြီလား။