မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၅၈

ဒါဝိဒ်နဲ့ ဂေါလျတ်အကြောင်း

ဒါဝိဒ်နဲ့ ဂေါလျတ်အကြောင်း

ဖိလိတ္တိလူတွေ ဣသရေလလူတွေကို လာပြီးစစ်တိုက်ပြန်ပြီ။ ဒါဝိဒ်ရဲ့အစ်ကိုကြီးသုံးယောက် ရှောလုတပ်ထဲမှာအမှုထမ်းနေကြတယ်။ ဒါနဲ့ တစ်ရက်ကျတော့ ယေရှဲက ဒါဝိဒ်ကိုခေါ်ပြီး ‘ပေါက်ပေါက်နဲ့မုန့်တချို့ယူပြီး မင်းအစ်ကိုတွေဆီကိုသွား။ သူတို့ဘယ်လိုနေသလဲ သွားကြည့်လိုက်စမ်း’ ဆိုပြီးလွှတ်လိုက်တယ်။

တပ်ထဲကိုဒါဝိဒ်ရောက်သွားတဲ့အခါ ရှေ့တန်းကိုပြေးသွားပြီး သူ့အစ်ကိုတွေကိုလိုက်ရှာတယ်။ ဖိလိတ္တိလူဘီလူးကြီးဂေါလျတ်က ဣသရေလလူတွေကိုသရော်ဖို့ ထွက်လာတာနဲ့သွားတိုးတယ်။ ခုလိုသရော်တာ မနက်တိုင်းပဲ။ ရက် ၄၀ တောင်ရှိပြီ။ ‘မင်းတို့ထဲက တစ်ယောက်ယောက်ကိုရွေးပြီး ငါနဲ့လာတိုက်စမ်းပါ။ သူက ငါ့ကိုနိုင်လို့သတ်လိုက်ရင် ငါတို့မင်းတို့ရဲ့ကျွန်လုပ်မယ်။ ဒါပေမဲ့ ငါကနိုင်လို့သတ်လိုက်ရင် မင်းတို့ငါတို့ကျွန်လုပ်။ သတ္တိရှိရင် မင်းတို့ထဲက တစ်ယောက်ယောက်ထွက်ပြီးငါနဲ့ နှစ်ယောက်ချင်းတိုက်မယ်ဟေ့’ ဆိုပြီးကြိမ်းဝါးတယ်လေ။

‘ဒီဖိလိတ္တိလူကိုသတ်ပြီး ဣသရေလလူတွေခံနေရတဲ့ ဒီအရှက်ကိုပယ်ဖျက်ပေးနိုင်မယ့်လူဖြစ်ရင် ဘာရမလဲ’ ဆိုပြီး စစ်သားတချို့ကို ဒါဝိဒ်ကမေးတယ်။

‘အဲဒီလူကို ရှောလုကစည်းစိမ် အများကြီးပေးမယ်။ ပြီးတော့ သူ့သမီးတော်ကိုတောင်ပေးစားမယ်’ ဆိုပြီး စစ်သားတွေက အဖြေပေးလိုက်တယ်။

ဒါပေမဲ့ ဣသရေလလူအားလုံး ဂေါလျတ်ကြီးကိုကြောက်ကြတယ်။ သူ့အရပ်အမောင်းကြီးက နည်းတာမှမဟုတ်တာ။ အရပ် ၉ ပေ (၃ မီတာလောက်) ကျော်တယ်။ ပြီးတော့ သူ့အတွက်နောက်စစ်သားတစ်ယောက်က ဒိုင်းလွှားကိုကိုင်ပေးရတယ်။

စစ်သားတချို့ကရှောလုဆီသွားပြီး ဂေါလျတ်ကိုဒါဝိဒ်ပြိုင်သတ်ချင်တဲ့ အကြောင်းပြောတယ်။ ‘ဖိလိတ္တိလူကို မင်းမနိုင်ပါဘူး။ မင်းဟာကလေးပဲရှိသေးတယ်။ သူက စစ်သားလုပ်လာတာတစ်သက်ရှိပြီ’ ဆိုပြီး ရှောလုက ဒါဝိဒ်ကိုပြောတယ်။ ဒါဝိဒ်က ‘ကျွန်တော့်ဖေဖေရဲ့သိုးတွေကိုချီသွားတဲ့ ဝက်ဝံတစ်ကောင်နဲ့ ခြင်္သေ့ကြီးတစ်ကောင်ကို ကျွန်တော်သတ်ခဲ့ဖူးတယ်။ ဒီဖိလိတ္တိလူလည်း ဒီအကောင်တွေလိုဖြစ်သွားမှာပဲ။ ယေဟောဝါကျွန်တော်ကိုကူညီမှာ’ ဆိုပြီးဒါဝိဒ်ကပြန်ဖြေတယ်။ ဒါနဲ့ရှောလုက ‘ဒါဆိုသွား၊ ယေဟောဝါမင်းနဲ့အတူရှိပါစေ’ ဆိုပြီးပြောလိုက်တယ်။

ဒါဝိဒ်ချောင်းထဲကိုသွားပြီး လောက်စလုံးချောချောလေး ငါးလုံးကောက်ပြီး အိတ်ထဲထည့်လိုက်တယ်။ ပြီးတော့သူ့လောက်လွှဲကိုထုတ်ပြီး ဘီလူးကြီးနဲ့သွားရင်ဆိုင်တယ်။ ဂေါလျတ်သူ့ကိုမြင်တဲ့အခါ မယုံနိုင်အောင်ဖြစ်သွားတယ်။ ဒါဝိဒ်လိုပချွတ်ကလေးများ အပျော့ကလေးပဲလို့ထင်တာပေါ့။

‘ငါ့ဆီသာလာစမ်း။ နင့်အသားကိုငှက်တွေ၊ တိရစ္ဆာန်တွေကိုငါကျွေးပစ်မယ်’ ဆိုပြီးဂေါလျတ်ကပြောတယ်။ ဒါပေမဲ့ ဒါဝိဒ်က ‘မင်းဟာဓားလှံနဲ့ငါ့ဆီလာတယ်။ ငါကတော့ ယေဟောဝါရဲ့နာမတော်နဲ့ မင်းဆီကိုလာတယ်။ ဒီနေ့ မင်းကိုယေဟောဝါက ငါ့လက်ထဲအပ်မယ်။ မင်းကိုအပြုတ်နှံမယ်’ ဆိုပြီးပြောလိုက်တယ်။

ဒီလိုပြောလည်းပြီးရော ဂေါလျတ်ဆီကိုဒါဝိဒ်ပြေးသွားတော့တာပဲ။ ပြီးတော့ သူ့အိတ်ထဲကခဲတစ်လုံးထုတ်ပြီး သူ့လောက်လွှဲထဲထည့်ပြီး တအားကုန်လွှဲပစ်လိုက်တယ်။ ခဲလုံးဟာဂေါလျတ်ခေါင်းတည့်တည့်ကိုမှန်တော့ ဂေါလျတ်ကြီးလဲကျပြီးသေသွားတော့တယ်။ ဖိလိတ္တိလူတွေက သူတို့ရဲ့သူရဲကောင်းကြီးသေတာမြင်ကြတာနဲ့ လှည့်ပြီးတချိုးထဲလစ်ကြတော့တာပဲ။ ဣသရေလလူတွေ သူတို့နောက်ကိုလိုက်တိုက်တော့ စစ်ပွဲအောင်မြင်သွားကြတယ်။