မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၆၂

ဒါဝိဒ်အိမ်ထောင်မှာ ပြဿနာတက်တဲ့အကြောင်း

ဒါဝိဒ်အိမ်ထောင်မှာ ပြဿနာတက်တဲ့အကြောင်း

ယေရုရှလင်မြို့မှာ ဒါဝိဒ်စတင်အုပ်ချုပ်တဲ့နောက် ရန်သူတွေအပေါ်မှာ အောင်ပွဲတစ်ခုပြီးတစ်ခုရအောင် ယေဟောဝါလုပ်ပေးခဲ့တယ်။ ဣသရေလလူတွေကို ခါနာန်ပြည်ပေးမယ်ဆိုပြီး ယေဟောဝါကတိရှိခဲ့တယ်။ ခုဆိုလို့ရှိရင် ယေဟောဝါအကူအညီနဲ့ ဣသရေလလူတွေ ကတိထားရာပြည်တော်တစ်ခုလုံးကို အပိုင်ရကြပြီလေ။

ဒါဝိဒ်ဟာမင်းကောင်းမင်းမြတ်တစ်ပါးဖြစ်တယ်။ ဒါကြောင့်ယေရုရှလင်မြို့ကိုသိမ်းပိုက်ပြီးနောက် အဦးဆုံးသူဘာလုပ်သလဲဆိုရင် ယေဟောဝါရဲ့ပဋိညာဉ်သေတ္တာကို ယေရုရှလင်မြို့ကိုဆောင်ခဲ့တယ်။ ပြီးတော့ ပဋိညာဉ်သေတ္တာထားဖို့ဗိမာန်တော်ဆောက်ချင်တဲ့ဆန္ဒလည်း သူ့မှာရှိတယ်။

ဒါဝိဒ်က အသက်ကြီးလာတဲ့အခါ အင်မတန်ဆိုးတဲ့အမှားကျူးလွန်မိတယ်။ သူများပိုင်တဲ့ပစ္စည်းကိုယူတာဟာ မကောင်းဘူးဆိုတာကို ဒါဝိဒ်နားလည်တယ်။ ဒါပေမဲ့ တစ်ညနေခင်းမှာ သူ့နန်းတော်အမိုးမှာရှိတုန်းမှာပေါ့၊ အောက်ကိုကြည့်လိုက်တော့ သိပ်လှတဲ့မိန်းမချောတစ်ယောက်ကို မြင်သွားတယ်။ သူ့နာမည်က ဗာသရှေဘတဲ့။ သူ့ယောက်ျားကတော့ ဒါဝိဒ်ရဲ့စစ်သားတစ်ယောက်ဖြစ်ပြီး ဥရိယလို့ခေါ်တယ်။

ဒါဝိဒ်ဟာ ဗာသရှေဘကိုသိပ်လိုချင်လွန်းလို့ သူ့ကိုနန်းတော်အထိခေါ်လာခိုင်းတယ်။ သူ့ယောက်ျားကတော့ ရှေ့တန်းကိုရောက်နေတယ်။ ဒါဝိဒ်က ဗာသရှေဘနဲ့အိပ်လိုက်တယ်။ နောက်ကျတော့ ဗာသရှေဘမှာ ကိုယ်ဝန်ရှိလာတယ်။ ဒါဝိဒ်စိတ်ပူလာတာနဲ့ ဥရိယကိုရှေ့တန်းစစ်မြေပြင်ကိုပို့ပြီး ကျဆုံးအောင်လုပ်ဖို့ ဗိုလ်ချုပ်ယွာဘကိုခိုင်းလိုက်တယ်။ ဥရိယသေသွားတဲ့အခါ ဒါဝိဒ်က ဗာသရှေဘကိုသိမ်းပိုက်လိုက်တယ်။

ယေဟောဝါဟာ ဒါဝိဒ်ကိုအကြီးအကျယ်စိတ်ဆိုးတယ်။ ဒါနဲ့သူ့ကျွန်နာသန်ကိုလွှတ်ပြီး သူ့အပြစ်ကိုဖော်ထုတ်တယ်။ နာသန်က ဒါဝိဒ်ကိုဆုံးမနေတာ ပုံမှာတွေ့နိုင်တယ်။ ဒါဝိဒ်လည်း သူလုပ်ခဲ့တဲ့အမှားအတွက် အများကြီးစိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် ယေဟောဝါကသူ့ကိုအသေမသတ်ခဲ့ဘူး။ ဒါပေမဲ့ ယေဟောဝါက ‘မင်းဟာ ဒီမကောင်းမှုတွေကိုလုပ်ခဲ့တဲ့အတွက် မင်းရဲ့အိမ်ထောင်မှာ ဒုက္ခအမျိုးမျိုးဖြစ်လာမယ်’ ဆိုပြီးပြောတယ်။ ပြောတဲ့အတိုင်းပဲ ဒုက္ခအလူးအလှိမ့်ခံလိုက်ရတယ်။

ဦးဦးဆုံး ဗာသရှေဘရဲ့ကလေး သေသွားတယ်။ ပြီးတော့ ဒါဝိဒ်ရဲ့သားကြီး အာမနုန်က သူ့နှမတာမာကို တစ်ယောက်ထဲခေါ်ပြီး အတင်းချစ်တယ်။ ဒါဝိဒ်ရဲ့သား အဗရှလုံက ဒီအတွက်နဲ့အကြီးအကျယ်ဒေါသူပုန်ထပြီး အာမနုန်ကိုသတ်ပစ်လိုက်တယ်။ နောက်ပိုင်းအဗရှလုံကိုလူကြိုက်များလာပြီး သူ့ကိုသူမင်းမြှောက်လိုက်တယ်။ နောက်ဆုံးတော့ အဗရှလုံကို ဒါဝိဒ်ကစစ်တိုက်လို့အောင်သွားတယ်။ အဗရှလုံလည်း သေသွားတယ်။ ဒါဝိဒ် တကယ်ဒုက္ခလှလှတွေ့လိုက်ရတယ်။

ဒီအဖြစ်အပျက်တွေကြားထဲမှာ ဗာသရှေဘက ရှောလမုန်လို့ခေါ်တဲ့ သားတစ်ယောက်ကို မွေးလာတယ်။ ဒါဝိဒ်အသက်ကြီးလို့ ဖျားနာလာတဲ့အခါ အဒေါနိယက သူ့ကိုယ်သူမင်းမြှောက်လိုက်ပြန်တယ်။ အဲဒီအခါ ဒါဝိဒ်က ရှောလမုန်ဘုရင်ဖြစ်မယ်ဆိုတဲ့အထိမ်းအမှတ်နဲ့ ရှောလမုန်ခေါင်းပေါ်မှာဆီကိုလောင်းဖို့ ဇာဒုတ်ကိုခိုင်းလိုက်တယ်။ မကြာခင်မှာပဲ ဒါဝိဒ်ဟာ အသက် ၇၀ မှာသေသွားတယ်။ အနှစ် ၄၀ အုပ်ချုပ်ခဲ့တယ်။ ခုတော့ ရှောလမုန်ဟာ ဣသရေလရှင်ဘုရင်ဖြစ်လာပြီ