မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၆၁

ဒါဝိဒ်ကို မင်းမြှောက်တဲ့အကြောင်း

ဒါဝိဒ်ကို မင်းမြှောက်တဲ့အကြောင်း

ရှောလုဟာ ဒါဝိဒ်ကိုဖမ်းဖို့ကြိုးစားပြန်တယ်။ လက်ရွေးစင် စစ်သည် ၃,၀၀၀ ကိုခေါ်ပြီး ဒါဝိဒ်ကိုလိုက်ရှာတယ်။ ဒါဝိဒ်ကသိတော့ ညမှာရှောလုနဲ့ သူ့လူတွေဘယ်မှာ စခန်းချသလဲဆိုတာသိအောင် သူလျှိုတွေလွှတ်လိုက်တယ်။ ပြီးတော့ ‘မင်းတို့ထဲကဘယ်သူ ငါနဲ့အတူ ရှောလုတပ်စခန်းကိုလိုက်မလဲ’ ဆိုပြီးမေးတယ်။

အဘိရှဲက ‘ကျွန်တော်လိုက်မယ်’ လို့ဆိုတယ်။ အဘိရှဲကတော့ ဒါဝိဒ်အစ်မရဲ့သားဖြစ်တယ်။ ရှောလုနဲ့သူ့လူတွေ အိပ်ပျော်နေတုန်း ဒါဝိဒ်နဲ့အဘိရှဲတို့က တပ်စခန်းထဲကိုအသာလေးဝင်သွားကြတယ်။ ပြီးတော့ ရှောလုခေါင်းရင်းနားက ရှောလုရဲ့လှံတံနဲ့ရေဘူးကို ယူသွားကြတယ်။ အားလုံးအိပ်မောကျနေတဲ့အတွက် ဘယ်သူမှမမြင်မကြားလိုက်ဘူး။

ဒါဝိဒ်နဲ့ အဘိရှဲကိုကြည့်ပါ။ သူတို့ထွက်သွားကြပြီ။ လွတ်လွတ်ကျွတ်ကျွတ် တောင်ထိပ်ပေါ်တောင်ရောက်သွားကြပြီ။ ဒါဝိဒ်က ဣသရေလတပ်မှူးကိုအော်ပြီးပြောတယ်။ ‘အာဗနာ၊ မင်းရဲ့သခင်၊ အရှင်မင်းကြီးအသက်ကို ဘာကြောင့်မကာကွယ်တာလဲ။ ကြည့်စမ်း၊ ရှင်ဘုရင်ရဲ့လှံတော်နဲ့ရေဘူး ဘယ်ရောက်နေပြီလဲ’ ဆိုပြီးတော့ပေါ့။

ရှောလုနိုးလာတယ်။ ဒါဝိဒ်ရဲ့အသံကို သူမှတ်မိတယ်။ ဒါနဲ့ ‘မင်းဟုတ်လား၊ ဒါဝိဒ်’ ဆိုပြီးပြန်မေးတယ်။ အောက်နားမှာ ရှောလုနဲ့အာဗနာတို့ကိုတွေ့လား။

‘မှန်ပါတယ်၊ ကျွန်တော့်သခင်အရှင်မင်းကြီး’ ဆိုပြီး ဒါဝိဒ်ကရှောလုကို ပြန်ဖြေလိုက်တယ်။ ပြီးတော့ဒါဝိဒ်က ‘ကျွန်တော်ကိုဖမ်းဖို့ ဘာကြောင့်ကြိုးစားနေရသလဲသခင်။ ကျွန်တော်ဘာမကောင်းတာ လုပ်လို့လဲ။ ဒီမှာကိုယ်တော်ရဲ့လှံတော်။ ကိုယ်တော့်လူတစ်ယောက်ကို လွှတ်ပြီးလာယူခိုင်းလိုက်ပါသခင်’ ဆိုပြီးထပ်ပြောလိုက်တယ်။

ရှောလုက ‘ငါမှားပြီ’ ဆိုပြီးဝန်ခံတယ်။ ‘ငါမိုက်မိုက်ကန်းကန်း လုပ်ခဲ့မိပါပြီ’ ဆိုပြီးတော့ပေါ့။ ဒါဝိဒ်ကသူ့လမ်း သူဆက်သွားတယ်။ ရှောလုလည်း နန်းတော်ကိုပြန်လာတယ်။ ဒါပေမဲ့ ဒါဝိဒ်က ‘ရှောလုတစ်ရက်ရက်တော့ ငါ့ကိုသတ်မှာပဲ။ ဖိလိတ္တိပြည်ကို ငါပြေးရင်ကောင်းမယ်’ ဆိုပြီးတွေးတယ်။ ဒါနဲ့ဖိလိတ္တိပြည်ကိုပြေးရော။ ဟိုရောက်တော့ ဖိလိတ္တိလူတွေ သူ့ကိုသူတို့ဘက်သားဖြစ်တယ်ထင်အောင် ဒါဝိဒ်ကသူတို့ကိုအရူးလုပ်လိုက်တယ်။

အဲဒီနောက်ပိုင်း တစ်ရက်ကျတော့ ဖိလိတ္တိလူတွေက ဣသရေလလူတွေကို တိုက်ဖို့ချီတက်သွားကြတယ်။ စစ်ပွဲမှာ ရှောလုနဲ့ယောနသန်နှစ်ယောက်စလုံး အသတ်ခံရတယ်။ ဒါဝိဒ်ယူကျုံးမရဖြစ်သွားတယ်။ ဒါနဲ့ ရသမြောက်တဲ့သီချင်းတစ်ပုဒ်စပ်ဆိုလိုက်တယ်။ သီချင်းထဲမှာ ဒါဝိဒ်က ‘အစ်ကိုယောနသန်ရယ် အစ်ကိုကြောင့်ညီလေး ပူဆွေးရပြီကော။ အစ်ကို့ကိုညီလေး ချစ်လိုက်ရတာနော်’ ဆိုပြီးပြောပါတယ်။

အဲဒီနောက် ဒါဝိဒ်ဟာ ဟေဗြုန်မြို့ဣသရေလလူတွေရှိတဲ့ နေရာကိုပြန်လာတယ်။ ရှောလုသားဣရှဗောရှက်ကို မင်းမြှောက်ချင်တဲ့လူတွေနဲ့ ဒါဝိဒ်ကိုမင်းမြှောက်ချင်တဲ့လူဆိုပြီး လူနှစ်စုဖြစ်ပြီး စစ်တိုက်နေကြတယ်။ နောက်ဆုံးတော့ ဒါဝိဒ်လူတွေအနိုင်ရသွားတယ်။ ဒါဝိဒ်မင်းမြှောက်ခံရတဲ့အချိန်မှာ အသက် ၃၀ ရှိပြီ။ ဟေဗြုန်မြို့မှာ သူခုနစ်နှစ်ခွဲအုပ်ချုပ်တယ်။ အဲဒီနေရာမှာ သူရခဲ့တဲ့သားတချို့ရဲ့နာမည်ကတော့ အာမနုန်၊ အဗရှလုံနဲ့အဒေါနိယတို့ဖြစ်ကြတယ်။

သာယာလှပတဲ့ ယေရုရှလင်မြို့ကိုသိမ်းပိုက်ဖို့ ဒါဝိဒ်နဲ့သူ့လူတွေအတွက် အချိန်ဆိုက်ရောက်လာတယ်။ ဒါဝိဒ်အစ်မဇေရုယာရဲ့သား နောက်တစ်ယောက်ဖြစ်တဲ့ယွာဘက ဦးစီးတိုက်ခိုက်တယ်။ ဒါနဲ့ဒါဝိဒ်ကသူ့ကို ဗိုလ်ချုပ်အရာမှာချီးမြှင့်လိုက်တယ်။ ခုဆိုလို့ရှိရင် ဒါဝိဒ်ဟာ ယေရုရှလင်မြို့မှာစတင်အုပ်ချုပ်လာတယ်။