မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၅၇

ဒါဝိဒ်ကိုဘုရားသခင် ရွေးကောက်တဲ့အကြောင်း

ဒါဝိဒ်ကိုဘုရားသခင် ရွေးကောက်တဲ့အကြောင်း

ဘာဖြစ်ခဲ့သလဲ တွေ့လား။ ဒီသူငယ်လေးဟာ သူ့ရဲ့သိုးကလေးကို ဝက်ဝံကြီးလက်ကကယ်လိုက်တယ်။ ဝက်ဝံကြီးက သိုးကလေးကိုချီသွားပြီး စားတော့မယ်လုပ်နေတယ်လေ။ ဒါပေမဲ့ ဒီလူငယ်လေးကနောက်ကလိုက်ပြီး သိုးကလေးကိုဝက်ဝံပါးစပ်ထဲက ကယ်လိုက်တယ်။ ဝက်ဝံကြီးကရန်မူလာတဲ့အခါ ဝက်ဝံကြီးကိုကိုင်ဖမ်းပြီးရိုက်သတ်လိုက်တယ်။ တစ်ခါကျတော့လည်း သိုးကလေးတစ်ကောင်ကို ခြင်္သေ့ကြီးရန်ကနေ ကယ်လိုက်ပြန်တယ်။ တကယ်သတ္တိကောင်းတဲ့ သူငယ်လေးမဟုတ်ပေဘူးလား။ သူဟာဘယ်သူလဲ သိကြလား။

လူငယ်ဒါဝိဒ်ပေါ့။ သူဟာဗက်လင်မြို့မှာနေတယ်။ သူ့အဘိုးက ဩဗက်၊ ရုသနဲ့ဗောဇတို့ရဲ့သားလေ။ သူတို့ကိုမှတ်မိကြလား။ ဒါဝိဒ်ဖေဖေက ယေရှဲတဲ့။ ဒါဝိဒ်က သူ့ဖေဖေသိုးကလေးတွေကိုကျောင်းပေးတယ်။ ရှောလုကိုယေဟောဝါဘုရင်အဖြစ်ရွေးကောက်ပြီးလို့ ၁၀ နှစ်အကြာမှာ ဒါဝိဒ်မွေးလာတယ်။

အချိန်တန်တော့ ယေဟောဝါကရှမွေလကိုပြောတယ်။ ‘ဆီအထူးတချို့ယူပြီး ဗက်လင်မြို့မှာရှိတဲ့ ယေရှဲမိသားစုဆီကိုသွားချေ။ သူ့သားတစ်ယောက်ကို ငါဘုရင်အဖြစ်ရွေးကောက်လိုက်ပြီ’ ဆိုပြီးတော့ပေါ့။ ရှမွေလက ယေရှဲရဲ့သားကြီး ဧလျာဘကိုမြင်တဲ့အခါ ‘ယေဟောဝါ ရွေးကောက်တဲ့လူဟာ သူပဲဖြစ်ရမယ်’ ဆိုပြီးထင်တာပေါ့။ ဒါပေမဲ့ ယေဟောဝါက ‘ဘယ်လောက်အရပ်မြင့်တယ်၊ ဘယ်လောက်ချောတယ်ဆိုတာကို မကြည့်နဲ့။ သူ့ကိုဘုရင်ဖြစ်ဖို့ ငါမရွေးဘူး’ ဆိုပြီးရှမွေလကိုပြောလိုက်တယ်။

ဒါနဲ့ယေရှဲက သူ့သားအဘိနဒပ်ကိုခေါ်လာပြီး ရှမွေလကိုပြတယ်။ ဒါပေမဲ့ ရှမွေလက ‘သူ့ကိုလည်း ယေဟောဝါမရွေးဘူး’ ဆိုပြီးပြောတယ်။ နောက်တော့ယေရှဲက ရှိမာဆိုတဲ့သားကိုခေါ်လာပြန်တယ်။ ‘မဟုတ်သေးဘူး၊ သူ့ကိုလည်း ယေဟောဝါမရွေးဘူး’ ဆိုပြီးရှမွေလပြောပြန်တယ်။ ယေရှဲက သူ့သားခုနစ်ယောက်ကိုရှမွေလဆီခေါ်လာပေမဲ့ ယေဟောဝါကသူတို့ထဲကတစ်ယောက်ကိုမှမရွေးလိုက်ဘူး။ ‘ခင်ဗျားမှာရှိတဲ့သားတွေ ဒါအကုန်ပဲလား’ ဆိုပြီး ရှမွေလကမေးတယ်။

‘အထွေးဆုံးတစ်ယောက်ကျန်သေးတယ်’ ဆိုပြီး ယေရှဲကဖြေတယ်။ ‘ဒါပေမဲ့ အပြင်ထွက်ပြီးသိုးထိန်းနေတယ်’ တဲ့။ ဒါနဲ့ ဒါဝိဒ်ကိုခေါ်လာတဲ့အခါ လူချောကလေးဖြစ်မှန်း ရှမွေလမြင်လိုက်တယ်။ ‘သူပဲ၊ သူ့အပေါ်မှာ ဆီလောင်းပါ’ ဆိုပြီး ယေဟောဝါပြောတယ်။ ရှမွေလလည်း ပြောတဲ့အတိုင်းလုပ်လိုက်တယ်။ ဣသရေလလူတွေအပေါ် ဒါဝိဒ်မင်းပြုရမည့်အချိန် နောင်ကိုလာမှာပေါ့။