မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၆၉

မိန်းကလေးတစ်ယောက် လူစွမ်းကောင်းတစ်ယောက်ကို ကူညီခဲ့တဲ့အကြောင်း

မိန်းကလေးတစ်ယောက် လူစွမ်းကောင်းတစ်ယောက်ကို ကူညီခဲ့တဲ့အကြောင်း

ဒီမိန်းကလေး ဘာပြောနေသလဲသိလား။ ယေဟောဝါရဲ့ပရောဖက်ဧလိရှဲအကြောင်း၊ ဧလိရှဲတန်ခိုးအမျိုးမျိုးပြနိုင်အောင် ယေဟောဝါသူ့ကို ဘယ်လိုကူညီတဲ့အကြောင်း ဒီအမျိုးသမီးကြီးကိုပြောပြနေတယ်လေ။ ဒီအမျိုးသမီးကြီးက ဣသရေလအမျိုးသမီးမဟုတ်တော့ ယေဟောဝါအကြောင်းမသိရှာဘူး။ ဒီတော့ ဒီမိန်းကလေးဟာ ဘယ်လိုလုပ်ပြီး ဒီအမျိုးသမီးရဲ့အိမ်ကို ရောက်ခဲ့ရသလဲဆိုတာကို ကြည့်ရအောင်။

ဒီအမျိုးသမီးကြီးကတော့ ရှုရိလူမျိုး။ သူ့ယောက်ျားက ရှုရိဗိုလ်ချုပ်ကြီး နေမန်ပေါ့။ ရှုရိလူတွေက ဒီမိန်းကလေးကိုဖမ်းလာတယ်လေ။ ဒါနဲ့ နေမန်ရဲ့မိန်းမအတွက် အစေခံဖြစ်လာတယ်။

နေမန်မှာ အနူလို့ခေါ်တဲ့ရောဂါဆိုးကြီးတစ်ခုရှိတယ်။ ဒီရောဂါရရင် အသားတွေတောင်စားစားပြီး ကြွေကျသွားနိုင်တယ်။ ဒါကြောင့် မိန်းကလေးကနေမန်ရဲ့မိန်းမကို ဒီလိုပြောတယ်။ ‘ကျွန်မသခင် ဣသရေလပြည်မှာရှိတဲ့ ယေဟောဝါရဲ့ပရောဖက်ဆီသွားနိုင်ရင် သိပ်ကောင်းမှာပဲ။ သခင့်နူနာကို သူပျောက်အောင်ကုပေးလိုက်မှာပဲ’ တဲ့။ နောက်ပိုင်းမှာ ဒီအမျိုးသမီးက မိန်းကလေးပြောတဲ့စကားကို သူ့ယောက်ျားကိုပြန်ပြောပြတယ်။

နေမန်က သိပ်ရောဂါပျောက်ချင်တာနဲ့ ဣသရေလပြည်ကိုသွားမယ်ဆိုပြီး စိတ်ပိုင်းဖြတ်လိုက်တယ်။ သူဟိုရောက်တဲ့အခါ ဧလိရှဲအိမ်ကိုသွားတယ်။ ဧလိရှဲက သူ့ကျွန်ကိုလွှတ်ပြီး နေမန်ကို ယော်ဒန်မြစ်မှာ ခုနစ်ကြိမ်ရေမှာနှစ်ပါ ဆိုပြီးပြောခိုင်းလိုက်တယ်။ နေမန် ဒါကိုကြားတော့ သိပ်စိတ်ဆိုးတာပေါ့။ ‘ငါ့တိုင်းပြည်မှာရှိတဲ့မြစ်တွေ ဣသရေလပြည်ကဘယ်မြစ်ထက်မဆို ပိုပြီးကောင်းတယ်’ ဆိုပြီးပြောပြီးတဲ့နောက် ထွက်လာတယ်။

ဒါပေမဲ့ သူ့ကျွန်တစ်ယောက်က ‘သခင်၊ ဧလိရှဲသာကိုယ်တော်ကို ခက်တဲ့အလုပ်တစ်ခုလုပ်ခိုင်းလိုက်ရင် ကိုယ်တော်လုပ်ဖို့ဝန်လေးမှာမဟုတ်ဘူး။ သူပြောတဲ့အတိုင်း ရေချိုးလိုက်ရင် ဘာဖြစ်သွားမှာမို့လဲ’ ဆိုပြီးသူ့ကိုပြောတယ်။ နေမန်က သူ့ကျွန်စကားကိုနားထောင်ပြီး ယော်ဒန်မြစ်မှာခုနစ်ကြိမ် ကိုယ်ကိုနှစ်လိုက်တယ်။ ခုလိုနှစ်လည်းပြီးရော သူ့အသားအရေပြန်ကောင်းလာတယ်။

နေမန်သိပ်ပျော်သွားလို့ ဧလိရှဲဆီပြန်သွားပြီး ‘ဣသရေလပြည်က ဘုရားသခင်တစ်ပါးတည်းသာ တစ်ကမ္ဘာလုံးမှာ စစ်မှန်တဲ့ဘုရားဖြစ်တယ်ဆိုတာ ကျွန်တော်သေချာသိပြီ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ ဒီလက်ဆောင်လေးတွေလက်ခံပါ’ ဆိုပြီးပြောတယ်။ ဒါပေမဲ့ ဧလိရှဲက ‘ငါမယူဘူး’ ဆိုပြီးပြန်ပြောလိုက်တယ်။ နေမန်ပေးတဲ့လက်ဆောင်ကို ယူဖို့မသင့်ဘူးဆိုတာ ဧလိရှဲသိတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေမန်ရဲ့ရောဂါပျောက်အောင် လုပ်ပေးတာက တကယ်ဆိုရင် ယေဟောဝါသာဖြစ်တယ်လေ။ ဒါပေမဲ့ ဧလိရှဲရဲ့ကျွန် ဂေဟာဇိကျတော့လိုချင်နေတယ်။

ဒါကြောင့် ဂေဟာဇိ ဒီလိုလုပ်တယ်။ နေမန်ထွက်သွားတဲ့နောက် ဂေဟာဇိက သူ့နောက်အမီအပြေးအလွှားလိုက်သွားပြီး ‘ခုပဲရောက်လာတဲ့ သူ့မိတ်ဆွေတွေအတွက် ကိုယ်တော်ရဲ့လက်ဆောင်တွေကိုပေးလိုက်ဖို့ ဧလိရှဲက ကျွန်တော်ကိုလွှတ်လိုက်လို့ပါ’ ဆိုပြီးပြောလိုက်တယ်။ တကယ်မှာတော့ ဒါဟာမုသားပဲ။ ဒါပေမဲ့ မုသားမှန်း နေမန်မသိဘူး။ ဒါကြောင့် ဂေဟာဇိကိုပစ္စည်းတချို့ပေးလိုက်တယ်။

ဂေဟာဇိအိမ်ရောက်လာတဲ့အခါ သူဘာလုပ်ခဲ့သလဲဆိုတာ ဧလိရှဲသိတယ်။ ယေဟောဝါက သူ့ကိုပြောထားလို့လေ။ ဒါကြောင့် ‘ဒီမကောင်းမှုကို မင်းလုပ်ခဲ့တဲ့အတွက် နေမန်ရဲ့နူနာ မင်းအပေါ်ရောက်လာမယ်’ ဆိုပြီးပြောလိုက်တယ်။ ပြောတဲ့အတိုင်း ချက်ချင်းပဲဖြစ်သွားတယ်။

ဒါတွေကိုကြည့်ပြီး ဘာသင်ခန်းစာရနိုင်သလဲ။ ဦးဦးဆုံးအနေနဲ့ တို့တစ်တွေဟာ ဒီမိန်းကလေးလို ယေဟောဝါအကြောင်းကိုပြောရမယ်။ အများကြီးအကျိုးပေးတယ်။ ဒုတိယအနေနဲ့ နေမန် အစပိုင်းမှာ မာနကြီးသလိုမကြီးရဘူး။ ဘုရားသခင့်ကျွန်တွေရဲ့စကားကို နားထောင်ရမယ်။ တတိယအနေနဲ့ ဂေဟာဇိလိုမလိမ်ရဘူး။ ကျမ်းစာဖတ်ရင်းနဲ့ သင်ခန်းစာအများကြီးမရပေဘူးလား။