မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၆၇

ယောရှဖတ် ယေဟောဝါကိုအားကိုးတဲ့အကြောင်း

ယောရှဖတ် ယေဟောဝါကိုအားကိုးတဲ့အကြောင်း

ဒီလူတွေ ဘယ်သူတွေလဲ၊ ဘာလုပ်နေကြတာလဲသိလား။ စစ်တိုက်ဖို့သွားနေကြတာလေ။ ရှေ့ဆုံးက လူတွေက သီချင်းဆိုနေကြတယ်။ ‘သီချင်းဆိုတဲ့လူတွေ ဘာဖြစ်လို့တိုက်ဖို့ခိုက်ဖို့ ဓားတွေလှံတွေမရှိတာတုန်း’ ဆိုပြီး မင်းတို့မေးမယ်။

ယောရှဖတ်ဟာ ဣသရေလနှစ်နွယ်နိုင်ငံရဲ့ရှင်ဘုရင်ဖြစ်တယ်။ မြောက်ဖက် ၁၀ နွယ်နိုင်ငံကအာဟပ်မင်းနဲ့ ယေဇဗေလတို့နဲ့ တစ်ချိန်ထဲအသက်ရှင်ခဲ့တယ်။ ဒါပေမဲ့ ယောရှဖတ်က မင်းကောင်း၊ သူ့ခမည်းတော်အာသလည်း မင်းကောင်းတစ်ပါးပဲ။ ဒါကြောင့် တောင်ပိုင်းနှစ်နွယ်နိုင်ငံသားတွေဟာ နှစ်ပေါင်းတော်တော်များများ ပျော်ပျော်ပါးပါးနေနိုင်ခဲ့တာပေါ့။

ဒါပေမဲ့ လူတွေကြောက်စိတ်ပေါ်လာအောင် အကြောင်းဖန်တီးလာတယ်။ သတင်းတမန်တွေက ယောရှဖတ်ဆီလာပြီး ‘မောဘ၊ အမ္မုန်နဲ့စိရတောင်နိုင်ငံတွေက စစ်သည်အလုံးအရင်းနဲ့ ကိုယ်တော်ကိုတိုက်ခိုက်ဖို့လာနေပါပြီ’ ဆိုပြီးတော့သတင်းပို့တယ်။ ဣသရေလလူအများကြီး ယေရုရှလင်မြို့မှာစုရုံးပြီး ယေဟောဝါရဲ့မစမှုကိုတောင်းလျှောက်ကြတယ်။ သူတို့ဗိမာန်တော်ကိုသွားပြီး ယောရှဖတ်လည်းအဲဒီမှာနေပြီး ‘အိုယေဟောဝါ၊ ကျွန်တော်တို့ရဲ့ ဘုရားသခင်၊ ကျွန်တော်တို့ ဘာလုပ်ရမှန်းမသိတော့ဘူး။ ဒီအလုံးအရင်းကို ကျွန်တော်တို့မတိုက်နိုင်ဘူး။ ကိုယ်တော်ကို ကျွန်တော်တို့အားထားပါတယ်’ ဆိုပြီးဆုတောင်းတယ်။

ယေဟောဝါ နားထောင်တယ်။ သူ့ကျွန်တစ်ယောက်ကိုလွှတ်ပြီး လူတွေကိုဒီလိုပြောခိုင်းလိုက်တယ်။ ‘စစ်ရေးဟာ မင်းတို့တာမဟုတ်ဘူး။ ဘုရားသခင့်တာဖြစ်တယ်။ မင်းတို့တိုက်စရာမလိုဘူး။ ကြည့်ရုံသာကြည့်နေ။ ယေဟောဝါမင်းတို့ကို ဘယ်လိုကယ်တင်မလဲဆိုတာကိုပဲကြည့်ကြ’ တဲ့။

ဒါနဲ့နောက်တစ်ရက်ကျတော့ ယောရှဖတ်ကလူတွေကိုပြောတယ်။ ‘ယေဟောဝါကို အားထားကြပါ’ တဲ့။ အဲဒီနောက် သူ့စစ်သားတွေရှေ့မှာ သီချင်းသည်တွေကိုထားတယ်။ သူတို့ချီတက်ရင်း ယေဟောဝါကို ချီးမွမ်းသီချင်းဆိုပြီးသွားကြတယ်။ စစ်တလင်းနားရောက်တော့ ဘာဖြစ်သလဲသိလား။ ယေဟောဝါက ရန်သူစစ်သားအချင်းချင်း တိုက်သတ်အောင်ဖန်တီးလိုက်တယ်။ ဣသရေလလူတွေလည်းရောက်လာရော ရန်သူစစ်သား တစ်ယောက်မကျန်သေကုန်ရော။

ယောရှဖတ် ယေဟောဝါကိုအားထားမိတာ ပညာရှိရာမကျဘူးလား။ တို့လည်း ယေဟောဝါကိုအားထားမယ်ဆိုရင် ပညာရှိရာကျမယ်။