မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၅၉

ဒါဝိဒ်ဘာဖြစ်လို့ ထွက်ပြေးရတဲ့အကြောင်း

ဒါဝိဒ်ဘာဖြစ်လို့ ထွက်ပြေးရတဲ့အကြောင်း

ဒါဝိဒ် ဂေါလျတ်ကို သတ်ပြီးတဲ့နောက် ဣသရေလစစ်ဗိုလ်ချုပ်အာဗနာက သူ့ကိုရှောလုဆီခေါ်သွားတယ်။ ရှောလုကဒါဝိဒ်ကို သိပ်သဘောကျသွားတယ်။ သူ့ကိုတပ်မှူးရာထူးပေးပြီး နန်းတော်မှာပဲနေခိုင်းလိုက်တယ်။

နောက်တော့ ဖိလိတ္တိလူတွေကိုတိုက်ခိုက်ပြီး တပ်မဟာကြီးပြန်လာတဲ့အခါ အမျိုးသမီးတွေက ‘ရှောလုအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေစွတကား’ ဆိုပြီးသီချင်းဆိုကြတယ်။ အဲဒါနဲ့ရှောလုက သဝန်တိုလာတယ်။ သူ့ထက်ဒါဝိဒ်ကိုဂုဏ်ပြုကြတာကိုး။ ဒါပေမဲ့ ရှောလုရဲ့သားယောနသန်ကျတော့ သဝန်မတိုဘူး။ ဒါဝိဒ်ကိုသိပ်ချစ်တယ်။ ဒါဝိဒ်လည်းယောနသန်ကိုသိပ်ချစ်။ ဒါနဲ့သူတို့နှစ်ယောက်က ထာဝရမိတ်ဆွေဖွဲ့လိုက်ကြတယ်။

ဒါဝိဒ်ဟာ စောင်းတီးသိပ်တော်တယ်။ ရှောလုလည်း သူစောင်းတီးတာကို သိပ်သဘောကျတယ်။ ဒါပေမဲ့ တစ်ရက်ကျတော့ ရှောလုဝန်တိုစိတ်ထလာပြီး ကြောက်စရာကောင်းတဲ့အလုပ်တစ်ခုလုပ်မိတယ်။ ဒါဝိဒ်စောင်းတီးနေတဲ့အချိန်မှာ ရှောလုကလှံကိုဆွဲပြီး ‘ဒါဝိဒ်ကိုနံရံနဲ့ကပ်သွားအောင် ထိုးစိုက်ပစ်လိုက်မယ်’ ဆိုပြီး လှံကိုပေါက်ထည့်လိုက်တယ်။ ဒါပေမဲ့ ဒါဝိဒ်ရှောင်လိုက်လို့ တော်သွားတာပေါ့။ လွဲသွားတယ်။ နောက်တစ်ခါ ရှောလုပေါက်တာ တစ်ချီလွဲသွားပြန်တယ်။ ဒါကြောင့် ဒါဝိဒ်က သတိထားမှပဲ ဆိုတာကိုသဘောပေါက်သွားတယ်။

ရှောလုပေးခဲ့တဲ့ကတိကို မှတ်မိကြသေးလား။ ဂေါလျတ်ကို သတ်တဲ့လူကို သမီးတော်နဲ့ပေးစားမယ် ဆိုတာလေ။ နောက်ဆုံးမှာတော့ ရှောလုက သမီးတော်မိခါလကိုပေးမယ်၊ ဒါပေမဲ့ ရန်သူဖိလိတ္တိ လူ ၁၀၀ ကိုသတ်ပြီးမှယူနိုင်မယ်လို့ ဒါဝိဒ်ကိုပြောတယ်။ စဉ်းစားသာ ကြည့်တော့။ ရှောလု ဒါဝိဒ်ကို ဖိလိတ္တိလူတွေ သတ်ပစ်ပါစေဆိုတဲ့ စိတ်မျိုးရှိတယ်။ ဒါပေမဲ့ ဖိလိတ္တိလူတွေ လက်ချက်နဲ့ ဒါဝိဒ်သေမသွားဘူး။ ဒါကြောင့် ရှောလုက သူ့ သမီးကို ဒါဝိဒ်နဲ့ပေးစားလိုက်ရတယ်။

တစ်နေ့မှာ ရှောလုက သူ့ သားယောနသန်နဲ့ သူ့ ကျွန်တွေကိုပြောတယ်။ ဒါဝိဒ်ကို သူသတ်ချင်တယ်ပေါ့။ ဒါပေမဲ့ ယောနသန်က ‘ဒါဝိဒ်ကို မသတ်ပါနဲ့။ ခမည်းတော်ကို ဒါဝိဒ်ဘာအပြစ်မှ လုပ်ခဲ့တာမဟုတ်ပဲ။ ဒါဝိဒ်လုပ်တာကိုင်တာအားလုံး ခမည်းတော်အကျိုးချည်းဖြစ်ခဲ့တယ်။ ဂေါလျတ်ကိုသွားသတ်တုန်းက သူ့ အသက်ကိုသူစွန့်ပြီးသွားတာ။ ဒါကိုခမည်းတော်မြင်လို့ ဝမ်းသာခဲ့တယ် မဟုတ်လား’ ဆိုပြီး သူ့ ခမည်းတော်ကို သူပြောတယ်။

ရှောလုက သူ့ စကားနားထောင်ပြီး ဒါဝိဒ်ကိုရန်မရှာတော့ဘူးလို့ ကတိပေးလိုက်တယ်။ ဒါနဲ့ ဒါဝိဒ်ကို ပြန်ခေါ်တယ်။ ဒါဝိဒ်လည်းအရင်လို ရှောလုနန်းဆောင်မှာ ပြန်ပြီးခစားတယ်။ ဒါပေမဲ့ တစ်ရက်ကျတော့၊ ဒါဝိဒ်စောင်းတီးနေတဲ့အခါ၊ ရှောလုက ဒါဝိဒ်ကို လှံနဲ့ပေါက်လိုက်ပြန်ရော။ ဒါဝိဒ်က ရှောင်လိုက်တော့ လှံကနံရံကို သွားမှန်တယ်။ ဒါနဲ့ဆိုရင် တတိယအကြိမ်ရှိပြီ။ ဒါဝိဒ်ခမျာလည်း ပြေးမှတော်တော့မယ်ဆိုတာ သိသွားတာပေါ့။

အဲဒီညမှာ ဒါဝိဒ်သူ့အိမ်သူပြန်တယ်။ ဒါပေမဲ့ ရှောလုကသူ့လူတွေကိုလွှတ်ပြီး ဒါဝိဒ်ကိုသတ်ခိုင်းလိုက်တယ်။ မိခါလက သူ့ဖေဖေဘာလုပ်တော့မယ်ဆိုတာသိတာနဲ့ သူ့ယောက်ျားကို ‘ဒီညရှင်ထွက်မပြေးရင် နက်ဖြန်သေရတော့မယ်’ ဆိုပြီးပြောတယ်။ အဲဒီညမှာ မိခါလက ဒါဝိဒ်ပြတင်းပေါက်က ထွက်ပြေးနိုင်အောင်ကူညီပေးခဲ့တယ်။ ခုနစ်နှစ်တိုင်တိုင် ဒါဝိဒ်ခမျာ ရှောလုမတွေ့အောင် တစ်နေရာက နောက်တစ်နေရာကို တိမ်းရှောင်ပြီးနေခဲ့ရရှာတယ်။