မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၈၂

မော်ဒကဲနဲ့ ဧသတာတို့အကြောင်း

မော်ဒကဲနဲ့ ဧသတာတို့အကြောင်း

ဧဇရ ယေရုရှလင်မြို့ကိုမသွားခင် နှစ်တော်တော်လေးအလိုအချိန်ကို ပြန်သွားရအောင်။ မော်ဒကဲနဲ့ဧသတာဟာ ပေရသိနိုင်ငံမှာဆိုရင် အရေးပါအရာရောက်ဆုံးဖြစ်တဲ့ ဣသရေလလူတွေပေါ့။ ဧသတာကမိဖုရားဖြစ်ပြီး သူ့အစ်ကိုဝမ်းကွဲမော်ဒကဲဆိုလို့ရှိရင် ဘုရင်ကလွဲရင် ရာထူးအကြီးဆုံးလူပဲ။ ဘယ်လိုဖြစ်လာကြသလဲ ကြည့်ရအောင်။

ဧသတာငယ်ငယ်လေးကတည်းက သူ့ဖေဖေမေမေသေသွားကြတယ်။ ဒါနဲ့မော်ဒကဲက သူ့ကိုမွေးစားလာခဲ့တယ်။ ရှုရှန်ဆိုတဲ့မြို့တော်မှာ ပေရသိရှင်ဘုရင်အာရွှေရုမှာ နန်းတော်တစ်ဆောင်ရှိတယ်။ မော်ဒကဲကတော့ သူ့ကိုခစားတဲ့ကျွန်တစ်ယောက်ပေါ့။ တစ်ရက်ကျတော့ ဘုရင့်မိဖုရားဝါရှတိက ဘုရင့်အမိန့်တော်ကိုဖီဆန်တော့ ဘုရင်ကြီးက မိဖုရားအသစ်တစ်ပါးမြှောက်လိုက်တယ်။ ဘယ်သူ့ကို မိဖုရားမြှောက်လိုက်သလဲသိလား။ အေး ဟုတ်တယ်။ မိန်းမလှလေး ဧသတာကိုပဲကွဲ့။

လူတွေဦးချနေရတဲ့ မာနခဲကြီးကိုတွေ့လား။ သူကတော့ ဟာမန်ပဲ။ ပေရသိနိုင်ငံမှာ အင်မတန်အရေးပါတဲ့လူတစ်ယောက်ပဲ။ မြင်တဲ့အတိုင်း ဟာမန်က ဒီမှာထိုင်နေတဲ့မော်ဒကဲ သူ့ကိုရှိခိုးဦးချတာလိုချင်တယ်။ ဒါပေမဲ့ မော်ဒကဲက ဦးကိုမချဘူး။ ဒီလိုဆိုးမိုက်တဲ့လူတစ်ယောက်ကို ဦးချဖို့မကောင်းဘူးလို့ မော်ဒကဲယူမှတ်တယ်။ ဒါကြောင့် ဟာမန် အင်မတန်စိတ်ဆိုးတာပေါ့။ ဒါနဲ့ တစ်နေ့တော့ သူဒီလိုကြံတယ်ကွဲ့။

ဟာမန်က ဘုရင့်ဆီသွားပြီး ဣသရေလလူတွေအကြောင်း ကုန်းတိုက်တယ်။ ‘ဣသရေလလူတွေဟာ ဥပဒေကိုမစောင့်ထိန်းတဲ့ လူဆိုးတွေပဲ။ သူတို့ကိုသတ်ပစ်ဖို့ကောင်းတယ်’ ဆိုပြီးတော့ပေါ့။ အာရွှေရုက သူ့မိဖုရားကိုယ်တိုင် ဣသရေလအမျိုးသမီးဖြစ်နေမှန်း မသိရှာဘူး။ ဒါနဲ့ ဟာမန်ပြောတာကိုလက်ခံပြီး ဣသရေလတစ်မျိုးလုံးကို ဘယ်နေ့ဘယ်ရက်မှာ အကုန်ရှင်းပစ်မယ်ဆိုပြီး ဥပဒေတစ်ရပ်ထုတ်ပြန်လိုက်တယ်။

မော်ဒကဲ အဲဒီဥပဒေကိုကြားလိုက်တဲ့အခါ ယူကျုံးမရဖြစ်သွားတာပေါ့။ ဒါနဲ့ဧသတာဆီကို သတင်းပို့လိုက်တယ်။ ‘ဘုရင့်ဆီသွားပြီး တို့အသက်ချမ်းသာဖို့ အသနားတော်ခံရမယ်’ ဆိုပြီးတော့ပေါ့။ ပေရသိနိုင်ငံမှာ ဘုရင့်အမိန့်မရဘဲ ဘုရင့်ရှေ့အခစားဝင်တယ်။ ဘုရင်ကြီးက သူ့ရာဇလှံတံကိုကမ်းပေးလိုက်တယ်။ အဓိပ္ပာယ်က ဧသတာအသတ်မခံရဘူးပေါ့။ ဧသတာက ဘုရင်နဲ့ဟာမန်တို့နှစ်ယောက်ကို ထမင်းစားခေါ်ဖိတ်လိုက်တယ်။ ထမင်းစားပွဲမှာ ဘုရင်ကြီးက သင်ဘာလိုချင်သလဲဆိုပြီး ဧသတာကိုမေးတယ်။ နောက်တစ်ရက် ထမင်းစားပွဲကိုဘုရင်ကြီးနဲ့ ဟာမန်တို့နှစ်ယောက် ထပ်လာတဲ့အခါ နားတော်လျှောက်မယ်ဆိုပြီးပြောလိုက်တယ်။

အဲဒီထမင်းစားပွဲရောက်တော့ ဧသတာက ‘ကျွန်မနဲ့ကျွန်မအမျိုး အသတ်ခံရတော့မယ်’ ဆိုပြီးမင်းကြီးကိုလျှောက်တော့ ဘုရင်ကြီးက ‘ဒီလောက်တောင်လုပ်ရဲတာ ဘယ်သူလဲကွ’ ဆိုပြီးမေးတယ်။ ဘုရင်ကြီးဒေါသ ထွက်နေပြီလေ။

‘အဲဒီလူ၊ အဲဒီရန်သူဟာဆိုးယုတ်တဲ့ ဒီဟာမန်ကြီးပါသခင်’ ဆိုပြီး ဧသတာကပြောလိုက်တယ်။

ဒီတစ်ချီတော့ ဘုရင်ကြီးတကယ်ကို စိတ်ဆိုးသွားပြီ။ ဟာမန်ကိုသတ်စေဆိုပြီး အမိန့်ထုတ်လိုက်တယ်။ အဲဒီနောက် မော်ဒကဲကိုလည်း ဘုရင်ကလွဲရင် အကြီးဆုံးရာထူးကိုပေးလိုက်တယ်။ ဒါနဲ့ မော်ဒကဲကလည်း ဣသရေလလူတွေ အသတ်ခံရမယ့်နေ့မှာ ကိုယ့်အသက်ကိုကာကွယ်တိုက်ခိုက်နိုင်တဲ့ အခွင့်ပေးတဲ့ဥပဒေကို တန်ပြန်ထုတ်ဆင့်လိုက်တာပေါ့။ မော်ဒကဲဟာ ဒီလောက်အရေးပါတဲ့ လူတစ်ယောက်ဖြစ်လာပြီဆိုတော့ကာ လူတွေအများကြီးက ဣသရေလလူတွေကိုကူညီကြတယ်။ ဒါနဲ့ဣသရေလလူတွေဟာ ရန်သူတွေလက်က လွတ်လာကြတာပေါ့။