မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၇၇

သူတို့ ဦးကိုမချခဲ့တဲ့အကြောင်း

သူတို့ ဦးကိုမချခဲ့တဲ့အကြောင်း

ဒီလူငယ်သုံးယောက်အကြောင်း ကြားဖူးတာမှတ်မိသေးလား။ ဟုတ်တယ်။ သူတို့အတွက် မကောင်းတာကိုမစားဘဲနေခဲ့ကြတဲ့ ဒံယေလရဲ့သူငယ်ချင်းသုံးယောက်ပဲပေါ့။ ဗာဗုလုန်လူတွေက သူတို့ကို ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါလို့ ခေါ်ကြတယ်။ ခုသူတို့ကိုကြည့်လိုက်စမ်း။ ကျန်တဲ့လူတွေလို ရုပ်တုကြီးကို ဘယ်အတွက်ကြောင့် ဦးမချကြတာလဲ။ ကြည့်ရအောင်။

ပညတ်တော်ဆယ်ပါးလို့ခေါ်တဲ့ ယေဟောဝါကိုယ်တိုင်ရေးခဲ့တဲ့ ပညတ်တွေကိုမှတ်မိကြလား။ ပထမပညတ်က ‘ငါမှတစ်ပါး အခြားသောဘုရားကိုမကိုးကွယ်ရ’ ဆိုပြီးပြောထားတယ်။ ခုဒီလူငယ်သုံးယောက်ဟာ အဲဒီပညတ်ကိုစောင့်ထိန်းနေကြတာပေါ့။ လွယ်တာတော့မဟုတ်ဘူး။

ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာက သူတည်ထားတဲ့ဒီရုပ်တုကြီးကို အရိုအသေပေးဖို့ တကယ့်အရေးပါအရာရောက်တဲ့ လူကြီးလူကောင်းအများကြီးကို ဆင့်ခေါ်လိုက်တယ်။ ‘တံပိုးခရာသံ၊ စောင်းသံနဲ့ တခြားတူရိယာအသံတွေကြားတာနဲ့တစ်ပြိုင်နက် မင်းတို့ဒီရွှေရုပ်တုကြီးကို ဦးချရှိခိုးရမယ်။ ဦးမချရှိမခိုးတဲ့လူ ဘယ်သူမဆို ချက်ချင်းလက်ငင်း မီးလောင်တိုက်သွင်းခံရမယ်’ ဆိုပြီး ခုတင်လေးပဲ ဘုရင်ကြီးအမိန့်ထုတ်ထားတယ်။

ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ ဦးမချကြတဲ့အကြောင်း နေဗုခဒ်နေဇာကြားရတဲ့အခါ အကြီးအကျယ် ဒေါသူပုန်ထတော့တာပေါ့။ သူတို့ကိုရှေ့တော်သွင်းပြီး ဦးချဖို့နောက်တစ်ကြိမ် အခွင့်အရေးပေးလိုက်တယ်။ ဒါပေမဲ့ ဒီလူငယ်လေးတွေက ယေဟောဝါကိုအားထားယုံကြည်တယ်။ ‘ကျွန်တော်မျိုးတို့ကိုးကွယ်တဲ့ ဘုရားသခင်ဟာ ကျွန်တော်မျိုးတို့ကိုကယ်တင်နိုင်တယ်’ ဆိုပြီး နေဗုခဒ်နေဇာကိုသူတို့ပြောကြတယ်။ ‘ကျွန်တော်တို့ရဲ့ဘုရားသခင်ဟာ ကျွန်တော်တို့ကိုမကယ်ရင်လည်းထား၊ ကိုယ်တော်ရဲ့ရွှေရုပ်တုကိုတော့ ကျွန်တော်မျိုး ဦးမချရှိမခိုးနိုင်ဘူး’ ဆိုပြီးဆက်ပြောတယ်။

ဒါကိုကြားတော့ နေဗုခဒ်နေဇာ ဒေါသမီးပိုလို့တောင်တောက်လာတာပေါ့။ မီးလောင်တိုက်ကြီးတစ်ခုက အနားမှာပဲရှိတယ်။ ဒါနဲ့သူက ‘မီးလောင်တိုက်ကို အရင်ထက်ခုနစ်ဆမီးပြင်းအောင်ထိုးကြစမ်း’ ဆိုပြီးအမိန့်ပေးလိုက်တယ်။ ပြီးတော့ သူ့တပ်မတော်ထဲမှာ ဗလအကောင်းဆုံးလူတွေကိုခေါ်ပြီး ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ကြိုးတုပ်ပြီး မီးလောင်တိုက်ထဲပစ်ချ ခိုင်းလိုက်တယ်။ မီးလောင်တိုက်ကြီးက ပူလွန်းအားကြီးတော့ကာ သူတို့ကိုပစ်ချတဲ့လူသန်ကြီးတွေတောင် မီးလျှံအရှိန်ကြောင့်သေသွားကြတယ်။ သူတို့ပစ်ချလိုက်တဲ့ လူငယ်သုံးယောက်ကျတော့ကော၊ ဘယ်လိုနေကြတုန်း။

ဘုရင်ကြီးက မီးလောင်တိုက်ထဲကိုလှမ်းကြည့်လိုက်တဲ့အခါ အကြီးအကျယ်လန့်ဖျပ်သွားတယ်။ ‘လူသုံးယောက်ကိုကြိုးတုပ်ပြီး မီးလောင်တိုက်ထဲကိုတို့ပစ်ချခဲ့တယ် မဟုတ်လား’ ဆိုပြီးမေးတယ်။

‘မှန်လှပါ၊ အရှင်မင်းကြီး’ လို့ သူ့အစေခံတွေကဖြေလိုက်တယ်။

‘ဒါပေမဲ့ မီးထဲမှာ လူလေးယောက်သွားလာနေတာ ငါတွေ့ရပါပကောလား။ သူတို့ကိုကြိုးလည်းတုပ်မထားဘူး။ မီးလည်းသူတို့ကိုမလောင်ပါလား။ စတုတ္ထတစ်ယောက်ကလည်း ဘုရားတစ်ပါးနဲ့တယ်တူပါလား’ ဆိုပြီး ဘုရင်ကြီးကပြောတယ်။ ဘုရင်ကြီးက မီးလောင်တိုက်တံခါးနားရောက်အောင်သွားပြီး ‘ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ ထွက်လာကြ။ အမြင့်ဆုံးဘုရားသခင်ရဲ့ကျွန်တွေ ထွက်လာကြ’ ဆိုပြီးအော်ပြောလိုက်တယ်။

သူတို့ထွက်လာတဲ့အခါ သူတို့ကိုမီးမလောင်ခဲ့ဘူးဆိုတာ လူတိုင်းတွေ့လိုက်ရတယ်။ ဒါနဲ့ဘုရင်ကြီးက ‘ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ရဲ့ ဘုရားသခင်ကိုချီးမွမ်းကြစေ။ သူတို့ရဲ့ဘုရားကလွဲလို့ ဘယ်ဘုရားကိုမှဝတ်မပြုကြတဲ့အတွက် သူတို့ရဲ့ဘုရားသခင်ဟာ သူ့ကောင်းကင်တမန်စေလွှတ်ပြီး သူတို့ကိုကယ်တင်ခဲ့ပြီ’ ဆိုပြီးပြောတယ်။

ယေဟောဝါအပေါ်သစ္စာရှိတဲ့နေရာမှာ ဒါဟာတို့အတွက် အတုယူစရာနမူနာကောင်း မဟုတ်ဘူးလား။