မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၈၆

ကြယ်တစ်ပွင့်လမ်းပြလို့လာတဲ့ လူတွေအကြောင်း

ကြယ်တစ်ပွင့်လမ်းပြလို့လာတဲ့ လူတွေအကြောင်း

ဒီထဲက လူတစ်ယောက်လက်ညှိုးထိုးပြနေတဲ့ တောက်ပတဲ့ကြယ်ကြီးကိုတွေ့လား။ ယေရုရှလင်ကနေ ဒီလူတွေထွက်လာကြတဲ့အခါ ဒီကြယ်ပေါ်လာတယ်။ ဒီလူတွေကတော့ အရှေ့တိုင်းပြည်ကလာကြတယ်။ သူတို့ကကြယ်တွေကို လေ့လာစူးစမ်းကြတယ်။ ဒီကြယ်ပွင့်အသစ်ဟာ သူတို့ကို အင်မတန်အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးဆီကိုလမ်းပြနေတယ်လို့ သူတို့ယူဆကြတယ်။

သူတို့ယေရုရှလင်မြို့ကိုရောက်တော့၊ ‘ဂျူးတို့ရဲ့ဘုရင်ဖြစ်မယ့်ကလေးလေး ဘယ်မှာလဲ’ ဆိုပြီးမေးတယ်။ “ဂျူး” ဆိုတာ ဣသရေလလူတွေကို နောက်တစ်နည်းနဲ့ခေါ်တာပဲ။ ‘ကျွန်တော်တို့အရှေ့ ပြည်ကနေ ဒီကလေးရဲ့ကြယ်ကို ဦးဦးဆုံးတွေ့လိုက်တယ်။ သူ့ကိုဖူးမြော်ဖို့ ကျွန်တော်တို့ရောက်လာကြတာ’ ဆိုပြီးသူတို့ကပြောတယ်။

ယေရုရှလင်မှာ ဘုရင်လုပ်နေတဲ့ဟေရုဒ်ကကြားတော့ စိတ်ပူလာတယ်။ နောက်တစ်မင်းသူ့နေရာကို လာလုမှာကို မလိုချင်ဘူး။ ဒါကြောင့်ဟေရုဒ်က ယဇ်ပုရောဟိတ်အကြီးတွေကို ဆင့်ခေါ်ပြီး ‘ကတိထားတဲ့ဘုရင်ဘယ်မှာမွေးမတဲ့လဲ’ ဆိုပြီးမေးတယ်။ ယဇ်ပုရောဟိတ်အကြီးတွေက ‘ဗက်လင်မြို့မှာမွေးမယ်လို့ကျမ်းစာလာတယ်’ ဆိုပြီးပြန်ဖြေတယ်။

ဒါနဲ့ ဟေရုဒ်ကအရှေ့ပြည်ကလာတဲ့ လူတွေကိုခေါ်ပြောတယ်၊ ‘ကလေးလေးကိုသွားရှာချေ။ တွေ့တဲ့အခါ ငါ့ကိုလာပြော။ ငါလည်းသွားပြီး သူ့ကိုဖူးမြော်ချင်တယ်’ တဲ့။ တကယ်မှာတော့၊ ဟေရုဒ်က ကလေးကိုရှာပြီးသတ်ပစ်ချင်တာ။

အဲဒီအခါ ကြယ်ပွင့်ကြီးဟာ ဟိုလူတွေရှေ့ကနေပြီး ဗက်လင်မြို့ကိုဦးတည်သွားနေတယ်။ ကလေးရှိတဲ့နေရာကိုရောက်တဲ့အခါ အဲဒီအပေါ်မှာပဲရပ်နေရော။ အဲဒီလူတွေက အိမ်ထဲကိုဝင်ကြည့်တဲ့အခါ မာရိနဲ့ ကလေးလေးယေရှုကိုတွေ့သွားတယ်။ သူတို့က လက်ဆောင်တွေထုတ်ပြီး ယေရှုကိုပေးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ယေဟောဝါကဟေရုဒ်ဆီပြန်မသွားဖို့ ဒီလူတွေကိုအိပ်မက်ထဲမှာ သတိပေးလိုက်တယ်။ ဒါနဲ့တခြားလမ်းနဲ့ သူတို့တိုင်းပြည်ကိုပြန်သွားကြတယ်။

အရှေ့တိုင်းကလာတဲ့လူတွေ အိမ်ပြန်သွားကြပြီဆိုတဲ့သတင်းကို ဟေရုဒ်ကြားတဲ့အခါ ဒေါကန်လေရော။ ဒါနဲ့သူက ဗက်လင်မြို့မှာရှိတဲ့ အသက်နှစ်နှစ်နဲ့ နှစ်နှစ်အောက်ကလေးတွေအားလုံးသတ်ပစ်ဆိုတဲ့ အမိန့်ထုတ်လိုက်တယ်။ ဒါပေမဲ့ ယေဟောဝါကယောသပ်ကို အိပ်မက်နဲ့ကြိုသတိပေးလိုက်တယ်။ ဒါနဲ့ ယောသပ်က သူ့မိသားစုနဲ့ အီဂျစ်ပြည်ကိုထွက်သွားတယ်။ နောက်တော့၊ ဟေရုဒ်သေသွားပြီဆိုတဲ့သတင်းကို ယောသပ်ကြားတဲ့အခါ မာရိနဲ့ယေရှုကို နေအိမ်ရှိတဲ့ နာဇရက်မြို့ကိုပြန်ခေါ်ခဲ့တယ်။ အဲဒီမှာပဲပေါ့ ယေရှုကြီးပြင်းလာတယ်။

အဲဒီကြယ်သစ်ကို တောက်ပြောင်နေအောင် ဘယ်သူလုပ်တယ်ထင်သလဲ။ မှတ်မိလား၊ ကြယ်ကြီးကိုမြင်ပြီးတဲ့နောက် ဟိုလူတွေ ယေရုရှလင်ကို ဦးဦးဆုံးသွားခဲ့တယ်။ စာတန်မာရ်နတ်ဟာ ဘုရားသခင်ရဲ့သားတော်ကို သတ်ပစ်ချင်တယ်လေ။ ယေရုရှလင်မှာရှိတဲ့ဟေရုဒ်ဟာ ယေရှုကိုသတ်မှာပဲဆိုတာကိုသူသိတယ်။ ဒါကြောင့် ကြယ်ကြီးတောက်ပနေအောင်လုပ်ခဲ့တာ စာတန်ပဲဖြစ်မှာပေါ့။