မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၉၁

တောင်ပေါ်မှာ ယေရှုဟောပြောသွန်သင်တဲ့အကြောင်း

တောင်ပေါ်မှာ ယေရှုဟောပြောသွန်သင်တဲ့အကြောင်း

ယေရှုဟိုမှာထိုင်နေတာ ကြည့်စမ်း။ ဂါလိလဲနယ်တောင်ပေါ်မှာ အဲဒီလူတွေကို ဆုံးမသွန်သင်နေတာလေ။ သူ့အနားမှာထိုင်နေတဲ့လူတွေက သူ့တပည့်တော်တွေပေါ့။ သူတို့ထဲက ၁၂ ယောက်ကို တမန်တော်အနေနဲ့ ရွေးကောက်ထားတယ်။ တမန်တော်ဆိုတာ ယေရှုရဲ့အထူးတပည့်တော်ပဲ။ သူတို့နာမည်တွေသိရဲ့လား။

ရှိမုန်ပေတရုနဲ့ သူ့ညီအန္ဒြေ။ ယာကုပ်နဲ့ယောဟန်လည်းပါတယ်၊ သူတို့လည်း ညီအစ်ကိုတွေပဲ။ နောက်တမန်တော်တစ်ပါးရဲ့နာမည်ဟာလည်း ယာကုပ်ပဲ။ ရှိမုန်လို့ခေါ်တဲ့ တမန်တော်နောက်တစ်ယောက်လည်းပါတယ်။ ယုဒလို့ခေါ်တဲ့ တမန်တော်နှစ်ယောက်ရှိတယ်။ တစ်ယောက်ကတော့ ယုဒရှကာရုတ်တဲ့။ နောက်တစ်ယောက်ကျတော့ သဒ္ဒဲလို့လည်းခေါ်တယ်။ ပြီးတော့ ဖိလိပ္ပုရယ်၊ ဗာသောလမဲလို့လည်းခေါ်တဲ့ နာသနေလဆိုတဲ့လူတွေလည်းပါတယ်။ မဿဲနဲ့သောမတို့လည်းပါတယ်။

ရှမာရိနယ်ကပြန်လာပြီးတဲ့နောက် ယေရှုဟာ ‘ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ’ ဆိုပြီးဟောစပြုလာတယ်။ နိုင်ငံတော်ဆိုတာဘာလဲသိလား။ ဘုရားသခင်ရဲ့ တကယ်ကိုရှိတဲ့အစိုးရကိုပြောတာ။ ယေရှုဟာ နိုင်ငံတော်ရဲ့ဘုရင်ဖြစ်ပြီး ကောင်းကင်ကနေပြီးအုပ်ချုပ်မယ်။ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းသာယာအောင်ဆောင်ရွက်ပေးမယ်။ ဘုရားသခင်ရဲ့နိုင်ငံတော်က တစ်ကမ္ဘာလုံးကို သိပ်လှတဲ့ပရဒိသုဖြစ်အောင်လုပ်ပေးမယ်။

ယေရှုဟာ လူတွေကိုဘုရားသခင်ရဲ့နိုင်ငံတော်အကြောင်း သင်ပေးနေတယ်။ ‘သင်တို့ဒီလိုဆုတောင်းရမယ်။’ ‘ကောင်းကင်ဘုံမှာရှိတော်မူသော ကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိကြပါစေ။ နိုင်ငံတော်သက်ရောက်ပါစေ။ ကောင်းကင်ဘုံမှာအလိုတော်ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေ’ ဆိုပြီး လူတွေကိုသင်ပေးတယ်။ လူတော်တော်များများက အဲဒါကို ‘သခင့်ပတ္ထနာ’ လို့ခေါ်ကြတယ်။ တချို့ကျတော့ ‘ကျွန်ုပ်တို့အဘ’ ဆိုပြီးခေါ်ကြတယ်။ ဒီဆုတောင်းချက်တစ်ခုလုံးကို ဆိုတတ်သလား။

တစ်ယောက်ကိုတစ်ယောက် ဘယ်လိုဆက်ဆံရမယ်ဆိုတာကိုလည်း ယေရှုသင်ပေးတယ်။ ‘သူများကိုယ့်အပေါ်လုပ်စေချင်တဲ့အတိုင်း သူများကိုလုပ်ပါ’ တဲ့။ သူများမင်းတို့အပေါ် ကြင်ကြင်နာနာဆက်ဆံတာကို မင်းတို့မကြိုက်ဘူးလား။ သူများကိုလည်းကိုယ်က ကြင်ကြင်နာနာဆက်ဆံရမယ်ဆိုပြီး ယေရှုပြောနေတာ။ လူတိုင်း အဲဒီလိုလုပ်ကြမယ့် ပရဒိသုကမ္ဘာပေါ်မှာဆိုရင် သိပ်ပျော်စရာကောင်းမယ်မဟုတ်ဘူးလား။