မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၀၁

ယေရှု အသတ်ခံရတဲ့အကြောင်း

ယေရှု အသတ်ခံရတဲ့အကြောင်း

ကြည့်ရက်စရာမရှိတဲ့အဖြစ်ကို ကြည့်လိုက်ပါဦး။ ယေရှုအသတ်ခံနေရတယ်။ ယေရှုကိုသစ်တိုင်ပေါ်မှာ ရိုက်ကပ်ထားတယ်။ သူ့လက်တွေခြေတွေကိုဖောက်ပြီး သံမှိုရိုက်ထားကြတယ်။ ယေရှုကို ဘယ်သူတွေက ဘာဖြစ်လို့ဒီလိုလုပ်ရက်ကြတာလဲ။

တချို့လူတွေ ယေရှုကိုမုန်းလို့ပဲ။ ဘယ်သူတွေလဲသိလား။ တစ်ယောက်ကတော့ ဆိုးယုတ်တဲ့ကောင်းကင်တမန် စာတန်မာရ်နတ်ပဲပေါ့။ အာဒံနဲ့ဧဝ ယေဟောဝါရဲ့စကားနားမထောင်အောင်လုပ်ခဲ့တာလည်းသူပဲ။ ယေရှုရဲ့ရန်သူတွေခုလို ရက်စက်တဲ့ရာဇဝတ်မျိုး ယေရှုပေါ် ကျူးလွန်ရအောင်ဖန်တီးခဲ့တာလည်းသူပဲ။

ဒီတိုင်ပေါ်မှာယေရှုကို မရိုက်ကပ်ခင်ကတည်းက ယေရှုရဲ့ရန်သူတွေက သူ့အပေါ်ယုတ်မာပက်စက်တဲ့အလုပ်မျိုးတွေ လုပ်ခဲ့ကြတယ်။ မှတ်မိသလား။ ဂေသရှေမန်ဥယျာဉ်ထဲကိုလာပြီး ယေရှုကိုဖမ်းသွားကြတာလေ။ ဘယ်ရန်သူတွေလဲ။ အေးဟုတ်တယ်၊ ဘာသာရေးခေါင်းဆောင်တွေပဲ။ ပြီးတော့ ဘာဖြစ်သလဲ။ ဆက်ကြည့်ရအောင်။

ဘာသာရေးခေါင်းဆောင်တွေ ယေရှုကိုဖမ်းသွားတဲ့အခါ သူ့တမန်တော်တွေထွက်ပြေးကုန်ကြတယ်။ ကြောက်အားလန့်အားနဲ့ ယေရှုကိုတစ်ယောက်ထဲပစ်ထားပြီးထွက်ပြေးကြတယ်။ ဒါပေမဲ့ တမန်တော်ပေတရုနဲ့ယောဟန်တို့ကျတော့ ဝေးဝေးမပြေးဘူး။ ယေရှုဘာဖြစ်မယ်ဆိုတာကို နောက်ယောင်ခံပြီး လိုက်ကြည့်ကြတယ်။

ယဇ်ပုရောဟိတ်တွေက ယေရှုကိုယဇ်ပုရောဟိတ်မင်းကြီးဖြစ်ခဲ့ဖူးတဲ့ အန္နဆိုတဲ့အဘိုးကြီးဆီကိုခေါ်သွားကြတယ်။ လူအုပ်ဟာ အဲဒီမှာ အကြာကြီးမနေကြဘူး။ အဲဒီနောက် ယေရှုကို လောလောလတ်လတ်ယဇ်ပုရောဟိတ်မင်းကြီးလုပ်နေတဲ့ ကယာဖအိမ်ကိုခေါ်သွားကြတယ်။ အဲဒီအိမ်ထဲမှာ ဘာသာရေးခေါင်းဆောင်တွေ တစ်ပြုံကြီးစုဝေးနေကြတယ်။

ကယာဖအိမ်ရောက်တော့ အမှုလုပ်ပြီးစစ်ကြတယ်။ ယေရှုကို မဟုတ်မမှန်စွပ်စွဲဖို့ လူတွေကိုခေါ်လာကြတယ်။ ဘာသာရေးခေါင်းဆောင်အားလုံးက ‘ယေရှုကိုသတ်ပစ်ရမယ်’ ဆိုပြီးပြောကြတယ်။ ပြီးတော့ ယေရှုမျက်နှာပေါ် တံတွေးထွေးကြတယ်။ လက်သီးနဲ့လည်းထိုးကြတယ်။

အဲဒီလိုလုပ်နေကြတဲ့အချိန်မှာ ပေတရုဟာ အိမ်အပြင်ဘက်ဝင်းထဲမှာရှိနေတယ်။ သိပ်ချမ်းတဲ့ညဖြစ်နေတော့ လူတွေက မီးလှုံနေကြတယ်။ ခုလိုမီးလှုံနေကြတဲ့အခါ အစေခံမိန်းကလေးတစ်ယောက်က ပေတရုကိုကြည့်ပြီး ‘ဒီလူလည်း ယေရှုနဲ့ပေါင်းတယ်’ ဆိုပြီးပြောတယ်။

ပေတရုက ‘မဟုတ်ဘူး။ ငါမဟုတ်ဘူးဟေ့’ ဆိုပြီးပြန်ဖြေတယ်။

ယေရှုနဲ့ပေါင်းခဲ့ဖူးတယ်ဆိုပြီး သုံးကြိမ်တိတိ လူတွေက ပေတရုကိုပြောပေမဲ့ အကြိမ်တိုင်းမဟုတ်ဘူးလို့ပဲ ပေတရုက ဘုငြင်းခဲ့တယ်။ ပေတရု တတိယအကြိမ်ငြင်းတဲ့အခါ ယေရှုသူ့ဘက်လှည့်ပြီး သူ့ကိုကြည့်လိုက်တယ်။ ပေတရု ခုလိုလိမ်ပြောမိတဲ့အတွက် ယူကျုံးမရဖြစ်သွားတယ်။ ဒါနဲ့ အပြင်ကိုထွက်ပြီးငိုခဲ့ရှာတယ်။

သောကြာမနက် နေထွက်လာတဲ့အခါ ယဇ်ပုရောဟိတ်တွေက သူတို့ရဲ့စည်းဝေးခန်းမကြီးဆီ ယေရှုကိုခေါ်သွားတယ်။ လွှတ်တော်ခန်းမပေါ့။ အဲဒီမှာ ယေရှုကိုဘယ်လိုလုပ်ကြမယ်ဆိုတာ တိုင်ပင်ကြတယ်။ ပြီးတော့ ပုန္တိပိလတ်မင်းဆီခေါ်သွားကြတယ်။ ပိလတ်ဟာ ယုဒပြည်နယ်ရဲ့ဘုရင်ပဲပေါ့။

‘ဒီလူဟာ လူဆိုးပဲ၊ သူ့ကိုသတ်ပစ်ရမယ်’ ဆိုပြီး ယဇ်ပုရောဟိတ်တွေက ပိလတ်ကိုပြောတယ်။ ပိလတ်က ယေရှုကိုမွေးခွန်းမေးပြီးနောက် ‘သူ့မှာ ဘာအပြစ်မှ ငါမတွေ့ပါလား’ ဆိုပြီးပြန်ပြောတယ်။ အဲဒီနောက် ပိလတ်က ယေရှုကို ဟေရုဒ်အန္တိပဆီပို့လိုက်တယ်။ ဟေရုဒ်ဟာ ဂါလိလဲပြည်နယ်ရဲ့ဘုရင်ပေါ့။ ဒါပေမဲ့ ယေရုရှလင်မြို့မှာရောက်နေတယ်။ ဟေရုဒ်ကလည်း ယေရှုမှာဘာအပြစ်ကိုမှမတွေ့ဘူး။ ဒါနဲ့ ပိလတ်ဆီပြန်လွှတ်လိုက်တယ်။

ပိလတ်က ယေရှုကိုလွှတ်လိုက်ချင်တယ်။ ဒါပေမဲ့ ယေရှုရဲ့ရန်သူတွေက ယေရှုအစား ထောင်သားတစ်ယောက်ကိုလွှတ်ပေးစေချင်တယ်။ အဲဒီလူကတော့ ဗာရဗ္ဗဆိုတဲ့ ဓားပြကြီးပဲကွဲ့။ ပိလတ် ယေရှုကိုအပြင်ထုတ်တဲ့အချိန်မှာ နေ့လယ်လောက်ရှိပြီ။ ပိလတ်က လူတွေကိုပြောတယ်၊ ‘မင်းတို့ရဲ့ရှင်ဘုရင်ကို ကြည့်လိုက်ကြစမ်း’ တဲ့။ ဒါပေမဲ့ ယဇ်ပုရောဟိတ်အကြီးတွေက ‘သူ့ကိုထုတ်သွား၊ သူ့ကိုသတ်ပစ်၊ သတ်ပစ်’ ဆိုပြီး သံကုန်အော်ကြတယ်။ ဒါနဲ့ ပိလတ်က ဗာရဗ္ဗကိုလွှတ်လိုက်ပြီး ယေရှုကိုသတ်ဖို့ခေါ်သွားခိုင်းလိုက်တယ်။

သောကြာနေ့မွန်းလွဲပိုင်းခပ်စောစောအချိန်မှာ ယေရှုကိုတိုင်မှာ ရိုက်ကပ်လိုက်ကြတယ်။ မင်းတို့ပုံမှာတော့ မတွေ့နိုင်ပေမဲ့ ယေရှုရဲ့ဘေးတစ်ဖက်တစ်ချက်ဆီမှာ ရာဇဝတ်ကောင်တစ်ယောက်စီ တိုင်မှာရိုက်ကပ်ထားတယ်။ ယေရှုသေခါနီးလေးမှာ သူ့အနားကရာဇဝတ်သားတစ်ယောက်က ‘ကိုယ်တော်နိုင်ငံတော်ထဲကြွဝင်တဲ့အခါ ကျွန်တော်ကိုအောက်မေ့ပါ’ ဆိုပြီးယေရှုကိုပြောတယ်။ ယေရှုက ‘မင်းဟာငါနဲ့အတူ ပရဒိသုမှာရှိလိမ့်မယ်၊ ငါကတိပေးတယ်’ ဆိုပြီးပြန်ဖြေလိုက်တယ်။

တကယ့်ကို ဝမ်းသာစရာကောင်းတဲ့ ကတိမဟုတ်ဘူးလား။ ဘယ်လိုပရဒိသုအကြောင်းကို ယေရှုပြောနေသလဲသိလား။ အစဦးဆုံးက ဘုရားသခင်လုပ်ခဲ့တဲ့ပရဒိသုဟာ ဘယ်မှာရှိခဲ့သလဲ။ အေး၊ ဟုတ်တယ်၊ ကမ္ဘာပေါ်မှာ။ ယေရှုကောင်းကင်မှာ အုပ်ချုပ်တဲ့အခါကျတော့၊ ဒီလူကိုပြန်ရှင်အောင်လုပ်ပေးမယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ ပရဒိသုအသစ်ထဲမှာ သူပျော်ပျော်နေရမယ်ပေါ့။ အဲဒီအတွက် ဝမ်းသာဖို့မကောင်းဘူးလား။