မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၉၆

လူနာတွေကို ယေရှု ကုသပေးတဲ့အကြောင်း

လူနာတွေကို ယေရှု ကုသပေးတဲ့အကြောင်း

ယေရှုတစ်ပြည်လုံးကိုလှည့်ပတ်ပြီး သွားတဲ့အခါ လူနာတွေကိုကုပေးတယ်။ သူပြတဲ့ဒီတန်ခိုးတွေနဲ့ ပတ်သက်တဲ့သတင်းဟာ ရွာတွေ၊ မြို့တွေအနှံ့ပြန့်သွားတယ်။ ဒါကြောင့် လူတွေကခြေလက်မသန်တဲ့လူတွေ၊ မျက်ကန်း၊ နားပင်းတဲ့လူတွေကို ခေါ်လာကြတယ်။ ဖျားနာတဲ့လူတွေ အများကြီးကိုလည်းခေါ်လာကြတယ်။ ယေရှုလည်း သူတို့အားလုံးကို ကောင်းအောင်ကုပေးလိုက်တယ်။

ယောဟန်လက်မှာ ယေရှုနှစ်ခြင်းခံတာ သုံးနှစ်ရှိသွားပြီ။ ယေရှုက မကြာခင် ယေရုရှလင်မြို့ကိုတက်မယ်ဆိုပြီး သူ့တမန်တော်တွေကိုပြောပြတယ်။ အဲဒီရောက်ရင် အသတ်ခံရမယ်၊ ပြီးမှသေရာက ထမြောက်လာမယ်ဆိုပြီးပြောတယ်။ အဲဒီကြားအချိန်မှာ ယေရှုဟာလူနာတွေကိုကုသပေးနေတယ်။

ဥပုသ်နေ့တစ်နေ့မှာ ယေရှုဆုံးမသြဝါဒပေးနေတယ်။ ဥပုသ်နေ့ဆိုတာ ဂျူးလူမျိုးတွေအတွက်နားရက်ပဲ။ ဒီပုံမှာပါတဲ့အမျိုးသမီးဟာ မကျန်းမာတာကြာလှပြီ။ ခါးမဖြောင့်နိုင်ဘဲ ကုန်းပြီးနေခဲ့တာ ၁၈ နှစ်တောင်ရှိသွားပြီ။ ဒါကြောင့် ယေရှုသူ့အပေါ်မှာလက်ကိုတင်လိုက်တော့ သူမတ်မတ်ရပ်လာနိုင်တယ်။ သူ့ဝေဒနာပျောက်သွားပြီလေ။

အဲဒီအတွက်နဲ့ ဘာသာရေးခေါင်းဆောင်တွေ ဒေါသထွက်ကြတယ်။ ‘အလုပ်လုပ်ရမယ့်ရက် ခြောက်ရက်ရှိတယ်။ အဲဒီရက်တွေမှာ အကုအသခံဖို့လာကြ။ ဥပုသ်နေ့မှာမလာကြနဲ့’ ဆိုပြီးသူတို့ထဲကတစ်ယောက်က ပရိသတ်ကိုအော်ပြီးပြောလိုက်တယ်။

ဒါပေမဲ့ယေရှုက ‘စိတ်ရင်းမကောင်းတဲ့ သင်တို့တစ်တွေ၊ သင်တို့ထဲက ဘယ်သူမဆို သင်တို့မြည်းကိုဇောင်းထဲကထုတ်ပြီး ဥပုသ်နေ့မှာရေတိုက်ကြတာပဲ။ ၁၈ နှစ်လုံးလုံး မကျန်းမာဘဲရှိနေရှာတဲ့ ဒီအမျိုးသမီးဟာ ဥပုသ်နေ့မှာ အကုသမခံထိုက်ဘူးလား’ ဆိုပြီးမေးလိုက်တယ်။ အဲဒီလိုယေရှုမေးလိုက်တဲ့အတွက် စိတ်ရင်းမကောင်းတဲ့ ဟိုလူတွေရှက်သွားကြတာပေါ့။

နောက်တော့ ယေရှုနဲ့သူ့တမန်တော်တွေ ယေရုရှလင်မြို့ကိုသွားကြတယ်။ ယေရိခေါမြို့ပြင်ကို ရောက်ရုံပဲရှိသေးတယ်၊ ယေရှုဖြတ်လာတဲ့အကြောင်း မျက်မမြင်နှစ်ယောက်ကြားသွားတော့ ‘ယေရှု၊ ကျွန်တော်တို့ကို ကယ်မသနားပါ’ ဆိုပြီးအော်ဟစ်ကြတယ်။

ယေရှုက မျက်မမြင်နှစ်ယောက်ကိုခေါ်ပြီး ‘သင်တို့ကိုဘာလုပ်ပေးစေချင်သလဲ’ ဆိုပြီးမေးတယ်။ သူတို့က ‘သခင်၊ ကျွန်တော့်ကို မျက်စိပြန်မြင်အောင်လုပ်ပေးပါ’ ဆိုပြီးပြောတယ်။ ယေရှုက သူတို့မျက်စိကို တို့လိုက်တဲ့ခဏချင်းမှာ သူတို့မျက်စိမြင်ရောလေ။ ယေရှုဘာဖြစ်လို့ ဒီအံ့သြစရာကောင်းတဲ့ တန်ခိုးတွေပြရသလဲသိလား။ လူတွေကိုချစ်လို့၊ ပြီးတော့ သူ့အပေါ်မှာ ယုံကြည်စေချင်လို့ပဲကွဲ့။ ဒီတော့ ယေရှုဘုရင်ဖြစ်လာတဲ့အခါ ကမ္ဘာပေါ်မှာ ဘယ်သူမှ ဖျားနာတော့မှာမဟုတ်ဘူးဆိုတာသေချာတယ်။