မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၈၈

ယေရှုကို ယောဟန်နှစ်ခြင်းပေးတဲ့အကြောင်း

ယေရှုကို ယောဟန်နှစ်ခြင်းပေးတဲ့အကြောင်း

ဒီပုဂ္ဂိုလ်ခေါင်းပေါ် ချိုးကလေးတစ်ကောင် ဆင်းလာတာကြည့်လိုက်စမ်း။ အဲဒီပုဂ္ဂိုလ်ကယေရှု။ သူအခုအသက် ၃၀ ရှိပြီ။ သူ့အနားက လူကတော့ယောဟန်။ သူ့အကြောင်းကို တို့နည်းနည်းပါးပါးသိခဲ့ရပြီးပြီ။ မာရိက သူ့အမျိုးဖြစ်တဲ့ ဧလိရှဗက်ဆီသွားလည်တဲ့အခါ ဧလိရှဗက်ဗိုက်ထဲက ကလေးလေးက ဝမ်းသာပြီးခုန်တာကို သတိရသေးလား။ အေး၊ ဗိုက်ထဲက အဲဒီကလေးဟာယောဟန်ပဲပေါ့။ ခုယေရှုနဲ့ယောဟန်ဒီနေရာမှာ ဘာလုပ်နေကြတာလဲ။

ခုလေးတင်ပဲယောဟန်က ယေရှုကိုယော်ဒန်မြစ်ထဲမှာနှစ်လိုက်တယ်။ နှစ်ခြင်းခံတယ်ဆိုတာ အဲသလိုပဲပေါ့။ ဦးဦးဆုံးရေထဲကို နှစ်ရတယ်။ ပြီးတော့ရေထဲက ပြန်ထူပေးရတယ်။ ယောဟန်ကလူတွေကို အဲဒီလိုလုပ်ပေးတဲ့အတွက် သူ့ကို နှစ်ခြင်းဆရာယောဟန်လို့ ခေါ်ကြတယ်။ ဒါပေမဲ့ ယောဟန်ကယေရှုကို ဘာဖြစ်လို့နှစ်ခြင်းပေးရတာလဲ။

ယောဟန် ယေရှုကိုနှစ်ခြင်းပေးရတာ ဘာကြောင့်လဲဆိုတော့ ယေရှုသူ့ဆီလာပြီး သူ့ကိုနှစ်ခြင်းပေးပါဆိုပြီး တောင်းလို့ပဲလေ။ မကောင်းတာတွေလုပ်ခဲ့လို့ ဝမ်းနည်းကြောင်းပြချင်တဲ့လူတွေကိုယောဟန်က နှစ်ခြင်းပေးတယ်။ ဒါပေမဲ့ ယေရှုကတော့ မကောင်းတာလုပ်မိလို့ ဝမ်းနည်းစရာရှိသလား။ မရှိဘူး။ ယေရှုဘယ်တော့မှ မကောင်းတာမလုပ်ဖူးဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဟာကောင်းကင်ကဆင်းသက်လာတဲ့ ဘုရားသခင်ရဲ့သားတော်ဖြစ်လို့ပဲ။ ဒါကြောင့်တခြားအကြောင်းကြောင့် သူ့ကိုနှစ်ခြင်းပေးဖို့ ယောဟန်ကိုတောင်းတာပဲ။ ဘာအတွက်လဲ ကြည့်ရအောင်။

ယောဟန်ဆီကိုမလာခင် ယေရှုဟာလက်သမားတစ်ယောက်ပဲ။ လက်သမားဆိုတာ သစ်သားတွေနဲ့စားပွဲကုလားထိုင်၊ ထိုင်ခုံတန်းတွေ ဘာတွေလုပ်တဲ့လူကိုပြောတာ။ မာရိရဲ့ယောက်ျားယောသပ်ဟာ လက်သမားဖြစ်တော့ ယေရှုကိုလည်းလက်သမားပညာသင်ပေးတာပေါ့။ ဒါပေမဲ့ ယေဟောဝါက သူ့သားကိုလက်သမားအလုပ်လုပ်ဖို့ စေလွှတ်လိုက်တာမဟုတ်ဘူး။ အထူးအလုပ်တစ်ရပ် ခိုင်းစရာရှိတယ်။ အဲဒီအလုပ်လုပ်ဖို့ အချိန်လည်းစေ့ပြီလေ။ ဒါကြောင့်သူ့ခမည်းတော်အလိုကိုဆောင်ဖို့ သူလာတယ်ဆိုတာကို ပြတဲ့အနေနဲ့ ယေရှုကသူ့ကိုနှစ်ခြင်းပေးဖို့ ယောဟန်ကိုတောင်းတယ်။ ဒါကိုဘုရားသခင် သဘောကျသလား။

သဘောကျတာပေါ့။ ဘာလို့ပြောနိုင်သလဲဆိုတော့ ယေရှုရေပေါ်ပေါ်လာတဲ့အခါ ကောင်းကင်ကအသံတစ်ခုက ‘ဤသူကားငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း’ ဆိုပြီးပြောတယ်။ ပြီးတော့ ကောင်းကင်ပွင့်သွားသလိုဖြစ်ပြီး ချိုးလေးတစ်ကောင် ယေရှုပေါ်ဆင်းလာတယ်။ တကယ့်ချိုးတော့မဟုတ်ဘူး။ ချိုးလိုပုံသဏ္ဌာန်ရှိတယ်။ တကယ်မှာတော့ ဘုရားသခင်ရဲ့သန့်ရှင်းတဲ့ ဝိညာဉ်တော်ပေါ့။

ခုဆိုရင် ယေရှုမှာစဉ်းစားစရာတွေအများကြီးပေါ့။ ဒါကြောင့် တိတ်ဆိတ်တဲ့နေရာကိုသွားပြီး ရက်ပေါင်း ၄၀ နေတယ်။ အဲဒီအခါ စာတန်သူ့ဆီကိုလာတယ်။ ဘုရားသခင်ရဲ့ဥပဒေကိုလွန်ဆန်ပြီး မဟုတ်တာလုပ်ဖို့ ယေရှုကို စာတန်က သုံးခါတောင်ကြိုးစားကြည့်တယ်။ ဒါပေမဲ့ ယေရှုလုပ်ကိုမလုပ်ဘူး။

အဲဒီနောက် ယေရှုပြန်လာတယ်။ လူတချို့ကိုတွေ့တယ်။ အဲဒီလူတွေဟာ သူ့ရဲ့နောက်လိုက်ဦးတွေ။ ဒါမှမဟုတ် တပည့်ဦးတွေဖြစ်လာကြတယ်။ သူတို့ထဲက နာမည်တချို့က အန္ဒြေ၊ ပေတရု၊ (ရှိမုန်လို့လည်းခေါ်တယ်)၊ ဖိလိပ္ပုနဲ့နာသနေလ (ဗာသောလမဲလို့လည်းခေါ်တယ်) ဖြစ်ကြတယ်။ ယေရှုနဲ့သူ့တပည့်အသစ်တွေ ဂါလိလဲခရိုင်ကိုထွက်သွားကြတယ်။ ဂါလိလဲခရိုင်ကိုရောက်တော့ နာသနေလရဲ့မြို့ဖြစ်တဲ့ ကာနမြို့မှာ တစ်ထောက်နားတယ်။ အဲဒီမှာ မင်္ဂလာဆောင်ပွဲအခမ်းအနားကြီးတစ်ခုကို ယေရှုသွားတယ်။ အဲဒီမှာ ပထမတန်ခိုးကိုပြခဲ့တယ်။ ဘာလဲသိလား။ ရေကိုစပျစ်ရည်ဖြစ်အောင် လုပ်တာပဲကွဲ့။