မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၁၀

ပေါလုရဲ့လုပ်ဖော်သစ်—တိမောသေအကြောင်း

ပေါလုရဲ့လုပ်ဖော်သစ်—တိမောသေအကြောင်း

တမန်တော်ပေါလုအနားက ဒီလူငယ်လေးဟာ တိမောသေပဲ။ တိမောသေဟာ သူ့မိသားစုနဲ့အတူလုတ္တရမြို့မှာနေတယ်။ သူ့မေမေနာမည်က ဥနိတ်၊ သူ့အဘွားနာမည်က လောဣတဲ့။

လုတ္တရမြို့ကိုပေါလုလာတာ ခုတစ်ခါနဲ့ဆို သုံးကြိမ်ရှိပြီ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်မှာ ပေါလုနဲ့ဗာနဗတို့နှစ်ယောက် ဟောပြောဖို့ ဒီမြို့ကို ပထမတစ်ချီရောက်ခဲ့ကြတယ်။ ခုတစ်ခါ ပေါလုဟာ သူ့အဖော်သိလနဲ့လာခဲ့ပြန်တယ်။

တိမောသေကို ပေါလုဘာပြောနေသလဲ သိလား။ ‘ငါနဲ့သိလနောက်ကိုလိုက်မလား၊ အဝေးကြီးမှာရှိတဲ့လူတွေကို ဟောပြောတဲ့နေရာမှာ မင်းရဲ့အကူအညီကို တို့ရတာပေါ့’ ဆိုပြီးပြောတယ်။

‘ဟုတ်ကဲ့၊ ကျွန်တော်လိုက်ချင်တယ်’ ဆိုပြီး တိမောသေကပြောတယ်။ ဒါနဲ့မကြာခင်မှာပဲ တိမောသေဟာ သူ့အိမ်နဲ့ခွဲခွာပြီး ပေါလု၊ သိလတို့နဲ့လိုက်သွားတယ်။ ဒါပေမဲ့ သူတို့ရဲ့ခရီးစဉ်အကြောင်းမပြောခင် ပေါလု ဘယ်လိုဖြစ်ခဲ့တဲ့အကြောင်း အရင်ကြည့်ရအောင်။ ဒမာသက်မြို့ကိုသွားတဲ့လမ်းမှာ သူ့ရှေ့ယေရှုထင်ရှားပြတဲ့အချိန်နဲ့ဆိုရင် ၁၇ နှစ်ကြာခဲ့ပြီ။

မှတ်မိလား။ ပေါလုဟာ ယေရှုရဲ့တပည့်တွေကိုနှိပ်စက်ဖို့ ဒမာသက်မြို့ကိုသွားခဲ့တယ်လေ။ ဒါပေမဲ့ ခုတော့ သူကိုယ်တိုင် ယေရှုရဲ့တပည့်တစ်ယောက်ဖြစ်နေပြီ။ နောက်ပိုင်းမှာ ယေရှုအကြောင်း ပေါလုဟောပြောတာကို ရန်သူတချို့ကမကြိုက်လို့ သူ့ကိုသတ်ဖို့ကြံကြတယ်။ ဒါပေမဲ့ တပည့်တော်တချို့က ပေါလုကို အသက်ချမ်းသာရအောင်ကူညီပေးကြတယ်။ သူ့ကို ခြင်းတောင်းထဲထည့်ပြီး မြို့ရိုးအပြင်ဘက်ကို ချပေးလိုက်တယ်။

အဲဒီနောက် ပေါလုက အန္တိအုတ်မြို့ကိုသွားပြီးဟောပြောတယ်။ အဲဒီမြို့မှာပေါ့ ယေရှုရဲ့နောက်လိုက်တွေကို ခရစ်ယာန်တွေဆိုပြီး ဦးဦးဆုံးခေါ်ခဲ့ကြတာ။ အဲဒီအန္တိအုတ်မြို့ကနေပြီး ပေါလုနဲ့ဗာနဗတို့ကို ဝေးလံတဲ့နိုင်ငံတွေမှာဟောပြောဖို့ စေလွှတ်လိုက်ကြပြန်တယ်။ သူတို့ရောက်သွားကြတဲ့မြို့တော်တွေထဲမှာ မြို့တစ်မြို့ကတော့ တိမောသေနေတဲ့ မြို့ဖြစ်တဲ့ လုတ္တရမြို့ပဲ။

တစ်နှစ်လောက်ကြာတော့ ဒုတိယခရီးတစ်ခေါက် လုတ္တရမြို့ကိုရောက်လာပြန်တယ်။ တိမောသေဟာ ပေါလု၊ ဗာနဗတို့နဲ့လိုက်သွားတဲ့အခါ သူတို့ဘယ်ကိုသွားသလဲသိလား။ မြေပုံကိုကြည့်လိုက်။ သူတို့ရောက်ခဲ့တဲ့ နေရာတချို့ရဲ့အကြောင်းကို ကြည့်ရအောင်။

ဦးဦးဆုံး ဣကောနိဆိုတဲ့ အနီးအနားမြို့ ကို သွားကြတယ်။ ပြီးတော့ အန္တိအုတ်လို့ခေါ်တဲ့ နောက်မြို့တစ်မြို့ကို သွားကြတယ်။ အဲဒီနောက် တရောမြို့ကိုသွားပြန်တယ်။ ပြီးတော့ ဖိလိပ္ပိ၊ သက်သာလောနိတ်နဲ့ဗေရိမြို့တွေကို ရောက်ကြတယ်။ အာသင်မြို့ကို မြေပုံမှာတွေ့လား။ အဲဒီမှာ ပေါလုဟောပြောတယ်။ အဲဒီနောက် ကောရိန္သုမြို့မှာ သူတို့တစ်နှစ်ခွဲ ဟောပြောကြတယ်။ နောက်ဆုံးမှာတော့ ဧဖက်မြို့ကို ခဏဝင်သွားတယ်။ ပြီးတော့ ကဲသရိမြို့ကို သင်္ဘောနဲ့သွားကြတယ်။ အဲဒီနောက် ပေါလုနေတဲ့မြို့ဖြစ်တဲ့ အန္တိအုတ်မြို့ကိုပြန်ရောက်ကြတယ်။

ဒီတော့ တိမောသေလေးဟာ ခရီးမိုင်ထောင်ပေါင်းများစွာသွားပြီး ‘သတင်းကောင်း’ ဟောပြောခြင်းနဲ့ ခရစ်ယာန်အသင်းတော်သစ်ထူထောင်ခြင်းအလုပ်မှာ ပေါလုကိုအများကြီး အထောက်အကူပြုခဲ့တာပေါ့။ မင်းတို့ကြီးလာတဲ့အခါ တိမောသေလို သစ္စာရှိတဲ့ကျေးကျွန်တစ်ယောက်ဖြစ်လာကြမလား။